ကိုပါကြီးသေဆုံးမှု မရှင်းလင်းသေးတာတွေရှိ

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုပါကြီး ဈာပန
မြန်မာနိုင်ငံ လူအခွင့်အရေးကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့က ကိုအောင်နိုင် ခေါ် ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးခဲ့ရာမှာ ကိုပါကြီးရရှိတဲ့ ဒဏ်ရာတွေ အရ ကိုပါကြီးဟာ ထွက်ပြေးလို့ ပစ်ခတ်ခံရတာမဟုတ်ဘဲ သေနတ်လုချိန်မှာ အပစ်ခံခဲ့ရတာလို့ ထွက်ဆိုချက်တွေအရ သိရကြောင်း မြန်မာနိုင်ငံ လူအခွင့်အရေးကော်မရှင် ဒုဥက္ကဌ ဦးစစ်မြိုင်က ပြောပါတယ်။

ဒါပေမယ့် ဒီထွက်ဆိုချက်တွေဟာ တပ်မတော်သားတွေရဲ့ သက်သေထွက်ဆိုချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အနီးကပ်ပစ်တာလား ဘယ်လိုအကွာအဝေးကပစ်သလဲ ဆိုတာနဲ့ ပတ်သက်လို့ မှုခင်းဆရာဝန်ရဲ့ ထွက်ဆိုချက်နဲ့ ရင်ခွဲစစ်ဆေးချက်မှာ မှတ်ချက်မပေးထားဘူးလို့ ပြောပါတယ်။

ဖမ်းဆီးထားစဉ်မှာ ညှင်းပန်းနှိပ်စက်ခဲ့သလားဆိုတာနဲ့ ပတ်သက်လို့ ရင်ခွဲစစ်ဆေးချက်မှာ ဖေါ်ပြထားခြင်းမရှိသလို ကိုပါကြီးကို တပ်မတော်စစ်ကြောင်းတွေက ခေါ်လာချိန် ရွှေဝါချောင် ဘုန်ကြီးကျောင်းကို ရောက်ရှိခဲ့စဉ် အတွင်း မြင်တွေ့ခဲ့တဲ့ ဘုန်းတော်ကြီး၊ ဘုန်ကြီးကျောင်းသားနဲ့ ရွာလူကြီးတို့ရဲ့ ထွက်ဆိုချက်အရလည်း ညှင်းပန်း နှိပ်စက်တဲ့ သဘော မတွေ့ရဘူးလို့ ဦးစစ်မြိုင်က ပြောပါတယ်။

နောက်တခါ ကိုပါကြီးကို ကျိုက်မရော မြို့ပေါ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး သူ့ကို စစ်တပ်ဘက်ကို လွှဲပြောင်းပေးလိုက်တဲ့ ကိစ္စဟာ ရဲတပ်ဖွဲ့ရဲ့ ချို့ယွင်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ရဲစခန်းက ကိုပါကြီးသေဆုံးမှုကို သေမှုသေခင်းဖွင့်ပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်ဆိုတာ တွေ့ရှိရတယ်လို့ ပြောပါတယ်။

စုံစမ်းမှုတွေအရ KKO ကလိုထူးဘောကရင်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တဦးဆိုတဲ့ အထောက်အထား မတွေ့ရှိခဲ့ဘူးလို့ ပြောခဲ့ပြီး အလွတ် သတင်းထောက် ဆိုတာကိုတော့ မြန်မာနိုင်ငံသတင်းထောက်အသင်းရဲ့ ထွက်ဆိုချက်နဲ့ တခြား အလွတ် သတင်းထောက်တွေရဲ့ ထွက်ဆိုအရ အတည်ပြုနိုင်ကြောင်း ဦးစစ်မြိုင်က ရှင်းပြခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/12/141203_kopargyireport

ကိုပါကြီးသေဆုံးမှု မရှင်းလင်းသေးတာတွေရှိ ကိုပါကြီးသေဆုံးမှု မရှင်းလင်းသေးတာတွေရှိ Reviewed by သစ်ထူးလွင် on 09:35 Rating: 5
Powered by Blogger.