ရွာသား ၁၅ ဦးအား ဘိုကိုဟာရမ် သတ်ဖြတ်


ကန်နို၊ ဒီဇင်ဘာ ၃၁

အစ္စလာမ္မစ် လက်နက်ကိုင် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်သည် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ကျေးရွာတစ်ရွာတွင် ရွာသား ၁၅ ဦးကို သတ်ဖြတ်လိုက်သည်ဟု ဒေသခံများက ဆိုသည်။

ဘိုကိုဟာရမ်အဖွဲ့သည် ယမန်နေ့က ချီဘော့ခ်မြို့အနီးရှိ ကော်တီကာရီ ကျေးရွာကို ၀င်ရောက်တိုက်ခိုက်ပြီး နေအိမ်များအား မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။

ချီဘော့တွင် ပြီးခဲ့သည့် ဧပြီလက ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ရာ နိုင်ငံတကာမှ ဘိုကိုဟာရမ်အဖွဲ့အပေါ် ရှုတ်ချလိုက်ကြပြီး ထိုကျောင်းသူများအနက် အများအပြားကို အတင်းအဓမ္မခိုင်းစေရန် ၀ယ်ယူသူများထံ ရောင်းချခဲ့ကြသည်။

လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ကလည်း အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း ၁၈၅ ဦးအား ပြန်ပေးဆွဲခဲ့ပြီး ချီဘော့အနီးရှိ ဂမ်ဆရီ ရွာအား ၀င်ရောက်တိုက်ခိုက်ကာ ရွာခံ ၃၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။

ဘိုကိုဟာရမ်သည် ၂၀၀၉ ခုနှစ်တွင် နိုင်ဂျီးရီးယားမြောက်ပိုင်း၌ စတင်ထကြွ သောင်းကျန်းခဲ့ပြီး ရဲဌာန၊ ကျောင်းများ၊ ဘုရားကျောင်းများနှင့် အရပ်သားများအား တိုက်ခိုက်ခဲ့ကာ အစိုးရအဆောင်အအုံများကိုလည်း ဗုံးခွဲတိုက်ခိုက်မှုများ ပြုခဲ့သည်။

လာမည့် ဖေဖော်ဝါရီတွင် ရွေးကောက်ပွဲရှိရာ ယခုလပိုင်းအတွင်း တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပေါ်ပေါက်လာနေခြင်း ဖြစ်သည်။

ကမ္ဘာ့အဆိုးရွားဆုံး သတ်ဖြတ်မှုများ ကျူးလွန်ထားသည့် အကြမ်းဖက် အစ္စလာမ္မစ်အဖွဲ့တစ်ဖွဲ့ ဖြစ်သော ဘိုကိုဟာရမ်က နိုင်ငံတောင်ပိုင်းတွင် ခရစ်ယန်လူများစုနှင့် မြောက်ပိုင်းတွင် မူဆလင် လူများစုတည်ရှိကာ ကိုးကွယ်မှုဆိုင်ရာတွင် နှစ်ခြမ်းကွဲနေသည့် နိုင်ဂျီးရီးယားကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရှီဟိုက်မူဆလင် အယူဝါဒသာ ကြီးစိုးရမည်ဟု ကြုံးဝါးထားသည်။

ကျော်လင်းထွန်း
__Ref: CNN
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရွာသား ၁၅ ဦးအား ဘိုကိုဟာရမ် သတ်ဖြတ် ရွာသား ၁၅ ဦးအား ဘိုကိုဟာရမ် သတ်ဖြတ် Reviewed by သစ်ထူးလွင် on 17:06 Rating: 5
Powered by Blogger.