၁၇နှစ်အရွယ် နယူးယောက်ကျောင်းသား မုန့်စားဆင်းချိန်များအတွင်း စတော့ရှယ်ယာကစားပြီး ဒေါ်လာ ၇၂ သန်းအထိ ကြွယ်ဝလာ


အသက် ၁၇နှစ်အရွယ် မိုဟာမက်အစ္စလာမ် ဆိုသည့် နယူးယောက်မြို့မှ ကျောင်းသားသည် အသက် ၉ နှစ်သားအရွယ်မှစ၍ ပြားပမာဏ အသေးစား စတော့အရောင်းအ၀ယ်၊ အထူးသဖြင့် ရွှေဈေး၊ ရေနံဈေး အတတ်အကျများကို ခန့်မှန်း၍ ပြုလုပ်ခဲ့သူဖြစ်သည်။

နယူးယောက်မြို့ စတိုင်ဗက်ဆန့်အထက်တန်းကျောင်းတွင် ပညာသင်ယူနေစဉ် မုန့်စားဆင်းချိန်များအတွင်း စတော့အရောင်းအ၀ယ် ပြုလုပ်လေ့ရှိသည်။

ယခုလက်ရှိ အမေရိကန်ဒေါ်လာ ၇၂ သန်းကြွယ်ဝသူဖြစ်ပြီး မကြာသေးမီကမှ (မောင်းနှင်ရန် လိုင်စင်မရှိသေးသော်လည်း) BMW ကားတစီးနှင့် မန်ဟတ္တန်တိုက်ခန်းတခန်း ၀ယ်ယူခဲ့သည်။

မိုဟာမက်၏ မိဘများသည် တောင်အာရှ ဘင်္ဂလားဒေသမှ အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းနေထိုင်သူများဖြစ်သည်။

ငွေကြေးရင်းနှီးမြှပ်နှံမှုလုပ်ငန်း(Hedge Fund)လုပ်ကိုင်သူနှင့် Tudor Investment Corporation တည်ထောင်သူ ဘီလျံနာ ပေါလ်တူဒေါဂျုံးစ်သည် ၎င်းက လေးစားအားကျရသူ ဖြစ်သည်ဟု မိုဟာမက်က ဆိုသည်။ ၎င်းကိုယ်တိုင်လည်း လာမည့်နှစ်တွင် သူငယ်ချင်းများနှင့်အတူ Hedge Fund တခုတည်ထောင်ရန် ရည်ရွယ်ထားပြီး ဒေါ်လာ ၁ ဘီလီယံခန့် ရရှိရန် မျှော်လင့်ထားသည်။ Hedge Fund သည် လုပ်ငန်းသဘောအရ အရင်းအနှီး ကြီးမားပြီး အရှုံးအမြတ်လည်း မြန်ဆန်မြင့်မားသည်။

၎င်း၏ ဓါတ်ပုံလူမှုကွန်ယက်ဆိုက်ဒ် Instagram အကောင့်၌ “ပိုက်ဆံများများရှိလေ၊ ပြဿနာ နည်းလေလေ” ဟု ရေးသားထားသည်။

ကျောင်းချိန်ပြင်ပ၌ မိုဟာမက်သည် 10th Avenue ရှိ Morimoto ဆိုင်သို့ သူငယ်ချင်းများအား ခေါ်ဆောင်သွားလေ့ရှိပြီး ဒေါ်လာ ၄၀၀ တန် ငါးနှင့် အခြား ဈေးကြီးဟင်းလျာများ၊ ပန်းသီးပျော်ရည်များ သုံးဆောင်လေ့ရှိသည်။

နယူးယောက်မဂ္ဂဇင်းနှင့် အင်တာဗျုးတွင် ၎င်း၏ ချမ်းသာမှုပမာဏ အတိအကျအား ထုတ်ဖော်ပြောရန် ငြင်းဆိုခဲ့သော်လည်း ဂဏန်း ရှစ်လုံးရှိသည်ကိုမူ ၀န်ခံခဲ့သည်။

မိုဟာမက်သည် သူ၏ ကြွယ်ဝမှုကို လူမှုကွန်ယက်ဆိုက်ဒ်များပေါ်၌ ထုတ်ကြွားလေ့ရှိပြီး ပါတီပွဲများ၌ ပျော်ပါးသောက်စားနေပုံများ၊ ဖဲ(ပိုကာ)ကစားသည့်ပုံများ၊ အမျိုးသမီးများနှင့် အတူတွဲကနေပုံ ဗီဒီယိုများ Instagram ပေါ်သို့ တင်လေ့ရှိသည်။

၎င်း၏မိဘများကမူ မိုဟာမက် စတော့ကစားသည့်အပေါ် နှစ်သက်အားပေးမှု သိပ်မရှိလှကြောင်း သိရသည်။
“ကျွန်တော် စတော့ကစားတာအပေါ် အိုကေလို့တော့ အဖေကပြောတယ်၊ အမေကတော့ ဈေးကွက်နဲ့ ပတ်သက်ပြီး စိုးရိမ်တယ်၊ ဒါပေမယ့် သူတို့အမြင်ကတော့ ကျွန်တော်သာ တကယ် တတ်သိနားလည်တယ်ဆိုရင်လည်း မတားဘူး ဆိုတဲ့သဘောပေါ့” ဟု ယင်းက ပြောသည်။

ပြားဂဏန်းစတော့ကို တနှစ်ခန့် စမ်းသပ်ကစားပြီးနောက် ညီအစ်ကို ၀မ်းကွဲတော်စပ်သူက စီးပွားရေးဈေးကွက်များနှင့် ဆက်လက် မိတ်ဆက်ပေးခဲ့ရာမှ စတော့အရောင်းအ၀ယ်သည် ယင်း၏ ၀ါသနာ ဖြစ်လာသည်။

“ကမ္ဘာကြီးကို လည်ပတ်စေတာ ဘာလဲ၊ ပိုက်ဆံ။ ငွေကြေးစီးဆင်းမှုမရှိရင်၊ လုပ်ငန်းတွေ ရပ်တန့်နေရင် စမ်းသစ်မှု မရှိနိုင်ဘူး၊ ထုတ်ကုန်တွေ မရှိနိုင်တော့ဘူး၊ ရင်းနှီးမြှပ်နှံမှုတွေမရှိလို့ စီးပွားရေးတိုးတတ်မှု မရှိ၊ အလုပ်အကိုင် မရှိ ဖြစ်မယ်” ဟု မိုဟာမက် က ပြောသည်။

Ref;DailyMail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
၁၇နှစ်အရွယ် နယူးယောက်ကျောင်းသား မုန့်စားဆင်းချိန်များအတွင်း စတော့ရှယ်ယာကစားပြီး ဒေါ်လာ ၇၂ သန်းအထိ ကြွယ်ဝလာ ၁၇နှစ်အရွယ် နယူးယောက်ကျောင်းသား မုန့်စားဆင်းချိန်များအတွင်း စတော့ရှယ်ယာကစားပြီး ဒေါ်လာ ၇၂ သန်းအထိ ကြွယ်ဝလာ Reviewed by သစ်ထူးလွင် on 18:36 Rating: 5
Powered by Blogger.