တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၉ )

ABSDF နဲ့ DVB ရဲဘော်ဟောင်းများ ဆီသို့

သတင်းတပတ်စာ ဗီဇာ ယူလာပေမဲ့ ကျနော့်တာဝန်က ၂ ရက်တည်းနဲ့ ပြီးသွားပြီ။ ဒီတော့ ကျန်တဲ့ အချိန်မှာ နယူးယောက်က နာမည်ကြီး နေရာတွေကို လည်မယ်။ ပြီးရင် တောထဲမှာ ကတည်းက ကွဲကွာသွားတဲ့ အမေရိ ကားရောက် ABSDF ရဲဘော် ဟောင်းတွေ၊ DVB ရဲဘော်ဟောင်း တွေရှိတဲ့ အရပ်ဆီ လိုက်လည်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ ရဲဘော်ဟောင်းဆိုလို့ ရှေ့ပိုင်းမှာ တင်ပြဖို့ တခု ကျန်ခဲ့တာက မြန်မာ့ အရေးအတွက် ကုလသမဂ္ဂရုံးထဲ First Lady က အဲဒီလိုဆွေးနွေးနေချိန်မှာ တချိန်က ကျနော်တို့ရဲ့ မင်းသမီးစခန်းက ရဲဘော်ကြီး ဦးဟန်လင်း ခေါင်းဆောင်တဲ့ အမေရိ ကားရောက် ဒီမိုကရေစီ လိုလားသူတွေ ကလဲ ကုလရုံးဘေးနားက ပန်းခြံထဲမှာ စခန်းချပြီး မြန်မာ့အရေး စိတ်ဝင်စားစေဖို့ အစာငတ်ခံ ဆန္ဒပြ နေကြ ပါတယ်။


(မြန်မာ့အရေး ကမ္ဘာက စိတ်ဝင်စားစေဖို့ အမေရိကန်တလွှား လမ်းလျောက်ချီတက် ဆန္ဒပြနေသူများ)

ပထမ နေ့က First Lady အကြောင်း သတင်းလုပ်ရင်းနဲ့ သူတို့နဲ့တွေ့ဖို့ အချိန်မရလိုက်ပါ။ ဒါကြောင့် ဒုတိယ နေ့မှာ UN ရုံးဆီ တခေါက်ထပ်လာပြီး သူတို့ကို တကူးတကာ့ သွားရောက် တွေဆုံ အားပေး ခဲ့ပါတယ်။ ဦးဟန်လင်း ဆိုတာ အဲဒီကာလမတိုင်ခင်က ၃-၄ နှစ်ခန့်ဆက်တိုက် ကုလရုံးဆီ ခရီးရှည်ချီတက်ပြီး ဆန္ဒပြခဲ့သူပေါ့။ သူနဲ့အတူ ဒေါ်နုနုအး၊ ကိုအောင်ကြည်ဦး ( ABSDF စတင်ဖွဲ့စည်း တဲ့ အစည်းဝေးမှာ ပါခဲ့တဲ့ ရဲဘော်ကြီး ၃ ဦးစလုံး ကွယ်လွန်သွားခဲ့ပါပြီ) နဲ့ ခွပ်ဒေါင်းပုံပါတဲ့ ခေါင်းစည်းအနီ စည်းထားတဲ့ အင်တား ၁၀ ကျော်ကိုတွေ့ရပါတယ်။ အစာငတ်ခံ ဆန္ဒပြနေတာဆိုတော့ သူတို့က သိပ်မအော်နိုင် တော့ပါဘူး။ သူတို့ဘေးနားရှိ တခြားနိုင်ငံ အသီးသီးက ဆန္ဒပြ သမားတွေက နည်းတာ မဟုတ်။ ပြီးတော့ စပီကာတွေနဲ့ အော်ဟစ်ဆန္ဒပြနေလို့ ရဲတွေက မနည်း လုံခြုံရေး ယူပေးနေတာကို တွေ့ရပါတယ်။

နေ့လည်ပိုင်းမှာတော့ နယူးယောက် ပင်လယ်အော်ထဲ Liberty လေဘာတီရုပ်တု၊ World Trade Center နေရာ အဟောင်းရှိ Ground Zero အပါဝင် နယူးယောက်က သွားနိုင်သလောက် နေရာတွေကို အလုအယက် လိုက် လည်ရပါတယ်။ ညနေပိုင်း ရောက်တာနဲ့ ကျနော်တို့ မင်းသမီးစခန်းက ရဲဘော်ဟောင်း အများစုရှိရာ Albany အလ်ဘာနီ မြို့ဆီ ရထားနဲ့ ချီတက်ခဲ့ပါတယ်။ အဲဒီမှာ ကျနော်ကိုလာကြိုသူက DVB သတင်းထောက်ဟောင်း ကိုဒီ ခေါ် မြင့်မောင်မောင် ပါပဲ။ အဲဒီအချိန်မှာ သူက RFA ကနေထွက်ပြီး ရရာ အလုပ်ဝင်လုပ် နေချိန် ဖြစ်ပါတယ်။ (အခုတော့ သူက တရက်ကို လူ ၂ သန်းဝန်းကျင် ၀င်ကြည့်တဲ့ နာမည်ကြီး (http://www.thithtoolwin.com) သစ်ထူးလွင် ၀က်ဆိုက် တည်ထောင်သူ ဖြစ်နေပါပြီ)။

သူငှားနေတဲ့အိမ်နဲ့ မနီးမဝေးမှာ ကျနော်တို့ မင်းသမီးစခန်းက လူတွေ အများကြီး။ ကိုမြင့်လွင်၊ ကိုဆန်းဇော်ထွန်း၊ (သူပုန်ကျောင်းသား ပထမ ပိုင်း အခန်းတွေထဲမှာ ပါတဲ့အတိုင်း ထားဝယ်ကနေ စထွက်လာတဲ့ ရဲဘော် ၄ ကျိပ်ထဲ သူတို့ ၂ ဦးလဲပါ ပါတယ်) ကိုလေးညို၊ ကိုတင်စိုး၊ မအေးအေးချို၊ မစန်းစန်းမော်၊ ကိုနောင်နောင်၊ ကိုထွန်းထွန်း စသဖြင့် လူ ၁၀ ကျော် လောက်ရှိ မယ်ထင်ပါတယ်။ ထုံးစံ အတိုင်း သူတို့အလုပ်ကနေ ပြန်ရောက်တဲ့ အချိန်က ည ၇ နာရီလောက်မှ ဆိုတော့ လူစုံချိန်က ၈ နာရီကျော်နေပြီ။ နောက်တနေ့မနက် ၄ နာရီလောက်မှာ ကနေဒါနယ်စပ်ဆီ ခရီးထွက်ဖို့ရှိတဲ့ အတွက် စကားဝိုင်းကို မြန်မြန်လက်စသတ်လိုက်ရ ပါတယ်။ ရဲဘော်ဟောင်း တွေနဲ့ ရှေးဟောင်း နှောင်းဖြစ်တောင် ၀ အောင်မပြော လိုက်ရပါဘူး။

ကနေဒါနယ်စပ်ရှိ နာမည်ကြီး Niagara ရေတံခွန်ကြီးဆီ ကားတစီးနဲ့ ကျနော်ကို လိုက်ပို့သူတွေကတော့ ကိုဒီ၊ ကိုညိုနဲ့ ကိုထွန်းထွန်းတို့ ဖြစ်ပါတယ်။ အမေရိကန် အရှေ့ပိုင်း ဆောင်းဦး ရာသီက ဥရောပ မြောက်ပိုင်း လောက် မအေးပါ။ ၄ နာရီ လောက်မောင်း ရတဲ့ ဟိုက်ဝေးလမ်း တလျောက်က သဘာဝအလှတွေကို ခံစားရင်းနဲ့ အိပ်ပျာ်သွား လိုက်တာ ရေတံခွန် ရောက်ခါနီးမှ နိုးလာပါတယ်။

‘’အဲဒီနေရာပေါ့။ မနှစ်က မြန်မာလူငယ်တဦး ခုန်ချပြီး အသက်သေသွားတာ’’ ဆိုပြီး လိုက်ပို့သူတွေက ပြောတော့ ကျနော် အတော် အံ့သြသွား ပါတယ်။ ဟုတ်တယ်လေ။ မြန်မာနိုင်ငံက လူအများစုက အမေရိကားနဲ့ အနောက်နိုင်ငံ တွေဆီ ရောက်နေသူတွေ ကို အားလုံး အဆင်ပြေ အိုကေ နေကြတယ်လို့ ထင်ထားကြတယ် မဟုတ်ပါလား။ ဒီလို နိုင်ငံမျိုး ရောက်နေတဲ့ မြန်မာ လူငယ်တဦးက ဒီလောက်လှပတဲ့ ရေတံခွန်ကိုမှအားမနာပဲ ခုန်ချပြီ သေကြောင်းကြံ တယ်ဆိုတော့ ဒီကလူတွေကြားမှာ အဆင်မပြေမှုတွေလဲ အများကြီး ရှိနေမယ်ဆိုတာ နားလည်နိုင်မယ် ထင်ပါတယ်။

ကနေဒါနယ်စပ်က အပြန်မှာတော့ မြန်မာအများစုရှိတဲ့ Buffalo ဘဖလိုးမြို့က ဘုန်းကြီးဆီ ခဏ၀င်ပါတယ်။ အဲဒီမှာလည်း ကျနော် တို့မင်းသမီးစခန်းက ကိုသန်းဦး၊ ကိုဝင်းလတ်အပါဝင် တောထဲမှာ ကတည်းက ကွဲကွာသွားတဲ့ ရဲဘော်ဟောင်း အတော်များများ ကိုတွေ့ရပါတယ်။

အမေရိကားက ရဲဘော်ဟောင်းတွေကို ကြည့်ရတာ ဥရောပ ရောက် ရဲဘော်ဟောင်းတွေထက် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းတွေ ပိုပြည့်စုံနေ သလိုပါပဲ။ ဒါပေမယ့် နာမကျမ်းဖြစ်ရင် ကိုယ့်စရိတ်နဲ့ ကိုယ်ကုသရတယ် လို့သူတို့ ကပြောပါ တယ်။ စီးပွါးဖြစ် ထွန်းဖို့ အရေးမှာ အမေရိကား ဖက်က ပိုအခြေ နေကောင်းပေမဲ့ လူမှုလုံခြုံရေး စနစ် Social Security နဲ့ Welfare ဖက်မှာတော့ ဥရောပ၊ အထူးသဖြင့် နော်ဝေးပါဝင်တဲ့ စကင်ဒီနေဗီးယန်း နိုင်ငံတွေက ပိုအခြေနေ ကောင်းတယ်လို့ ထင်ပါတယ်။

Buffalo ကနေ Albany ကိုပြန်ရောက်တော့ ည ၉  နာရီလောက်ရှိနေပြီ။ ၀ါရှင်တန်ကို မနက်စောစော ရောက်အောင် ချီတက်ရမှာ ဆိုတော့ ဘူတာဆီ မနက် ၃ နာရီလောက်ဆင်းရမယ်။ နယူးယောက်ကို ပြန်ဝင်ပြီး အဲဒီကနေ ရထားနဲ့ တဆင့် ၀ါရှင်တန်ကို သွားရ မှာဖြစ်ပါတယ်။

ထုံးစံအတိုင်း ၀ါရှင်တန် ဘူတာကြီးရောက်တော့ ဘယ်သူမှ လာကြိုတာမဟုတ်။ မြေပုံကြည့်၊ မြေအောက် ရထား စီးပြီး DVB သတင်း ထောက်ဟောင်း လည်းဖြစ်၊ ABSDF ရဲဘော်ဟောင်းလည်း ဖြစ်တဲ့ မေရီလန်းက ကိုသိန်းထိုက်ဦး (အခုတော့ သူက VOA ရဲ့ အကြီး တန်းအရာရှိ တဦးဖြစ်နေပါပြီ) အိမ်ဆီသွားရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ကျနော်ရောက်သွားတဲ့နေ့မှာ သူအိမ်နဲ့ သိပ်မဝေးတဲ့ ခန်းမတခုအတွင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း နှစ်ပလည်အခန်းနားကျင်းပနေတာနဲ့သွားတိုးပါတယ်။ ၀န်ကြီးချုပ်ဒေါက်တာ စိန်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်၊ ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်စောဦးအပါဝင် ၀ါရှင်တန်ဝန်းကျင်ရှိ နိုင်ငံရေးသမားတွေ၊ တောခိုကျောင်း သားဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အတော်များများကို တစုတဝေးတည်း တွေ့ဆုံ စကားပြောခွင့် ရလိုက်ပါတယ်။

ညနေပိုင်းမှာတော့ အိမ်ဖြူတော်၊ လွတ်လပ်ရေးကျောက်တိုင်၊ သမ္မတလင်ကွန်း မီမိုရီရယ်အဆောက်ဦ စသဖြင့် မြို့ထဲက အရေးကြီး နေရာအတော်များများဆီ ရောက်ခဲ့ပါတယ်။ ထူးထူးခြားခြား သတိထား မိတာကတော့ အိမ်ဖြူ တော်ရှေ့က တကိုယ်တော်ဆန္ဒပြ သမားနဲ့ အိမ်ဖြူတော်ခေါင်းမိုးပေါ်ကနေ မှန်ပြောင်းနဲ့ကြည့်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေပါပဲ။ ဒီနေရာတွေဆီ ကျနော့်ကိုလိုက်ပို့ သူတွေကတော့ အကြိမ် ၂၀၀ ကျော် သံရုံးရှေ့ အပတ်စဉ်ဆန္ဒပြပွဲ အတွက် DVB ကနေ တယ်လီဖုန်းခေါ် သတင်းမေးရင်း ရင်းနှီးခဲ့သူ ကိုရွှေစင်နဲ့ ကိုယဉ်အေးတို့ပေါ့။ (အခုတော့ ၀ါရှင်တန်ဖက်မှာ အဲဒီလို ဆန္ဒပြတဲ့အသံ မကြားရတော့ပါဘူး)။

အဲဒီကအပြန်မှာတော့ DVB သတင်းအယ်ဒီတာဟောင်း ကိုဝင်းနိုင်ဦး တာဝန်ထမ်းနေတဲ့ RFA ရုံးချုပ်ဆီ ၀င်လည် ဖြစ်ပါတယ်။ အဲဒီကာလကတော့ ကိုယ်က လက်ရှိ DVB ၀န်ထမ်း၊ ကိုသိန်းထိုက်ဦးတို့၊ ကိုဝင်းနိုင်ဦးတို့က DVB လူဟောင်းတွေပေါ့။ DVB အခြေနေမကောင်းလို့ DVB ထက် သာတဲ့နေရာတွေဆီ ထွက်သွားသူတွေအဖြစ် ကျနော့် ဖက်ကမြင်ခဲ့ပါတယ်။

ဒါပေမယ့် အခု ဒီဆောင်းပါး ရေးချိန်မှာတော့ ကျနော်လည်း သူတို့လို့ပဲ DVB ရဲ့ လူဟောင်းတဦး ဖြစ်နေခဲ့ပါပြီ။ ကျနော်တင်မက သတင်းအယ်ဒီတာ ကိုမိုးအေး၊ ကိုပါစကယ်ခူးသွယ်၊ မခင်နှင်းထက်၊ နန်းခမ်းကယောက် စသဖြင့် လူဟောင်းတွေအားလုံး ၂၀၁၁ နဲ့ ၂၀၁၂ တွေမှာ အလုပ်ထုတ်ခံရပါတယ်။ ပြီးတော့ အခုကျနော်ပြောနေတဲ့ VOA မှာဆိုရင် ကိုသိန်းထိုက်ဦးအပြင် ကိုအောင်လွင်ဦး၊ မနန္ဒာချမ်းနဲ့ ကိုညဏ်ဝင်းအောင်တို့ အားလုံးဟာ DVB လူဟောင်းတွေပါ။ တခါ RFA မှာဆိုရင်လဲ ကိုဝင်းနိုင်ဦး၊ နောက်ပိုင်း ကိုခင်မောင်စိုးမင်းဟာ DVB လူဟောင်းပါပဲ။

ဘာကြောင့် DVB က လူဟောင်းတွေ တခြားဌာနတွေဆီ ရောက်ကုန်ကြတာလဲ။ DVB မှာ လူဟောင်းတွေ တဖြေးဖြေနည်းသွားပြီး လူသစ်တွေ တဖြေးဖြေးများလာနေတဲ့ ကိစ္စအတွက် စကားစပ်မိတိုင်း ညွန်မှုး တဦး မကြာခဏ တုန့်ပြန်လေ့ ရှိတာကတော့ ‘’အရည်ချင်းရှိတဲ့ လူတွေကို DVB ကမွေးထုတ်ပေး လိုက်တာလေ၊ တခြားသတင်းဌာနတွေမှာ ကိုယ့်လူဟောင်းတွေ ရှိနေတာ ဂုဏ်ယူစရာပေါ့’’ တဲ့။

ကိုယ်က DVB မှာ တာဝန်ထမ်း နေစဉ်ကတော့ ဒီအဖြေဟာ ဟုတ်သလိုလို ရှိခဲ့ပါတယ်။ ဒါပေမယ့် အသေချာ ပြန်စဉ်းစားတော့ လူဟောင်းတွေ အားလုံးကို အလုပ်ထုတ် ပစ်လိုက်တဲ့ကိစ္စ၊ တနည်းအားဖြင့် ၈၈ မျိုးဆက် တော်လှန်ရေးနဲ့ နိုင်ငံရေးဖက်ကနေ တက်လာတဲ့ သတင်းသမားအားလုံးကို DVB ကနေ အလုပ်ထုတ်လိုက်တာဟာ မတော်တဆ ဟုတ်ရဲ့လား။ သွေးရိုးသားရိုး ဟုတ်ရဲ့လား။ DVB အုပ်ချုပ်ရေး အဖွဲ့ရဲ့ စီမံခန့်ခွဲမှု တနေရာရာမှာ စနစ်တကျ အကြီး အကျယ် လွဲမှားနေခြင်းရဲ့ သင်္ကေတခု များဖြစ်နေလေမလားလို့ သံသယ၀င် မိပါတယ်။


အချိန်ပြည့်ဝန်ထမ်းရဲ့ ဟောလီးဒေးကာလ ထုတ်လုပ်မှုကို ဘယ်လိုသဘောထားမလဲ

အမေရိကန်ဆီ ခရီးသွားတဲ့ အဲဒီဟောလီးဒေးကာလအတွင်း သတင်းကျင့်ဝတ်ဆိုင်ရာ၊ သို့မဟုတ် သတင်းလုပ်ငန်း စည်းကမ်းပိုင်း ဆိုင်ရာနဲ့ပတ်သက်ပြီး နောက်ထပ် အငြင်းပွါးမှုတခုလဲ ဖြစ်ခဲ့ပါသေးတယ်။ ကျနော်တို့ သတင်းသမား တွေဟာ ဟောလီးဒေး သွားတယ်ဆိုပေမဲ့ ကမ်းခြေမှာ အေးအေးလူလူ နားနေချင်သူတွေမဟုတ်။ ရောက်လေရာမှာ ဟိုရိုက် ဒီရိုက်၊ ဟိုမေး ဒီမေးနဲ့ စတိုရီလုပ်ချင်တဲ့ဆန္ဒကရှိနေပြန်ပါတယ်။


(ထိုင်း-မြန်မာနယ်စပ် ရတ်ချပူရီခရိုင်းအတွင်းရှိ ထန်ဟင် ဒုက္ခသည်စန်းကို တွေ့ရစဉ်)

ဒီတော့ ဟောလီးဒေးမယူခင် အော်စလိုကမထွက်ခင်ကတည်းက ခရိုနာ ၇ ထောင်ဝန်းကျင်လောက်ပေးရတဲ့ လက် ကိုင်ဗွီဒီယို ကင်မရာအသေးစားတလုံးကို အကြွေးစနစ်နဲ့ကျနော်ဝယ်လိုက်ပါတယ်။ အဲဒီနှစ်က ၂ နှစ်စာကို တခါ တည်းစုယူတာဆိုတော့ ဟောလီးဒေးကလဲ သတင်း ၆ ပတ်တောင်ရတော့ နယ်စပ်တကျောသွားပြီး ရုပ်-သံ မှတ်တမ်းတွေရိုက်မယ်ပေါ့။

ဒီ ရုပ်-သံ တွေကို DVB မှာသုံးမယ်ဆိုရင် ဘယ်လိုနှုံးနဲ့ပေးမလဲ။ ပြည်တွင်းနဲ့နယ်စပ်ကနေပေးပို့နေသူတွေကိုပေး တဲ့နှုံန်းထားအတိုင်း ရုပ်-သံ တခု၊ စတိုရီတခုကို ဒေါ်လာ ၁၀၀ ပေးနိုင်မလားဆိုပြီး ငွေကြေးတာဝန်ခံ ဒုညွှန်မှုး ကို ခင်မောင်ဝင်းနဲ့ဆွေးနွေးဖြစ်ခဲ့ပါတယ်။ သူက အတော်လေးအချိန်ယူစဉ်းစားပြီး ‘’ခင်ဗျားက အချိန်ပြည့်ဝန်ထမ်း ဆိုတော့ ခင်ဗျားရဲ့ထုတ်လုပ်မှုအတွက် DVB ကနေ အခကျေးငွေထပ်ပေးလို့မဖြစ်ဘူးနဲ့တူတယ်’’ လို့ဖြေပါတယ်။

ဒါဆိုရင် ၀န်ထမ်းတွေကိုပေးသလို ခရီးစရိတ်၊ နေ့တွက်စရိတ်နဲ့ တခြားကုန်ကျစရိတ်တွေကို ပေးနိုင်မလားဆိုပြီး ပြန်မေးတော့ ဒီအတွက်လည်း မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ အင်း အဲဒါမှ ဒုက္ခ။ ကိုယ်ကလဲ မနေနိုင်မထိုင်နိုင် အကြွေး တင်ခံပြီးတောင် ကင်မရာကြီးဝယ်ထားပြီးပြီ။ အခုမှတော့ မထူးတော့ပါဘူး။ ဆက်လှော်ရုံပဲရှိတာပေါ့။ မလုပ်ရရင် မနေနို်င်သူဆိုတော့ သူမပေးလဲ ကိုယ့်ဘာသာအိတ်စိုက်လုပ်ရုံပဲရှိတော့မှာပေါ့။

ဒီလိုနဲ့ အဲဒီအမေရိကန်ခရီးစဉ်ကအပြန်မှာ နယ်စပ်တကျောဆီသွားပြီး ကိုယ်ပိုင်ဟောလီးဒေးရက်တွေကို အများ အတွက်အကျိုးရှိ အောင် အသုံးချခဲ့မိပါတယ်။ ဒီစိတ်ကူးနဲ့ ကျနော်ပထမဆုံးရောက်သွားတဲ့နေရာက ၂၀၀၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ဆူနာမီး ငလျင်ဒဏ် အကြီးအကျယ်ခံလိုက်ရတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ပူးခက်အနီးရှိ ခေါင်လတ်ကမ်းခြေက ကိုထူးချစ်တိုရဲ့ အခြေခံ လူတန်းစားများအား လူ့အခွင့်ရေးပညာပေးရေးဌာန (GHRE-FED) စာသင်ကျောင်း လေးတွေဆီကိုပါ။

ခေါင်လတ်ကမ်းခြေအနီးရုံးခန်းဖွင့်ပြီး ကမ်းခြေတလျောက်ကရွာတွေမှာ စာသင်ကျောင်း ၆ ကျောင်းဖွှင့်လှစ် စာ သင်ပေးနေတာ ကိုတွေ့ရပါတယ်။ အရင်က ရနောင်းကိုကျော်ပြီး အောက်ပိုင်းကိုမရောက်ဖူးတဲ့ကျနော်ဟာ ဒီဒေ သမှာ မြန်မာအလုပ်သမားဦးရေ သိန်းနဲ့ချီရှိနေလိမ့်မယ်လို့ထင်မထားခဲ့ပါ။ မြန်မာနိုင်ငံအသေးစားလေးလို့ တင်စား ခေါ်ဝေါ်ကြတဲ့ ဘန်ကောက်အနီးက မဟာချိုင်မြို့ ထက်တောင် ဒီဒေသရှိ မြန်မာဦးရေက ပိုများတယ်လို့ကျနော်ထင် ပါတယ်။

ဒါပေမယ့် ကွာခြားတာကတော့ မဟာချိုင်ဖက်မှာ လူတွေအားလုံးစုနေကြတာဖြစ်ပြီး ဒီ ဖန်ငနဲ့ ပူးခက်ဖက်မှာ ကတော့ ရော်ဘာခြံ တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းနေရာတွေ ဖြန့်နေကြတဲ့ အတွက် လူများလို့များမှန်း သတိမထားမိပါဘူး။

ထားတော့။ အနှစ်ပြန်ချုပ်ရရင်တော့ ဆူးနားမီးသင့်ဒေသက အနာဂတ်မရေရာတဲ့ ယာယီစာသင်ကျောင်းက ကလေးတွေအကြောင်း၊ အခက်ခဲမျိုးစုံကြားထဲကနေ ဒီအရပ်မှာ အလုပ်ရှာဖွေလုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံ သားတွေအကြောင်းနဲ့ ဒီကမ်းခြေဆီ ဟောလီးဒေးလာကြတဲ့ ဆွီဒင်က တိုးရစ်တွေအကြောင်းကို ၁၂ မီနစ်စာ ရုပ်-သံ တခု ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ပြီးတော့ ရနောင်း၊ ဘုရားသုံးဆူ၊ မယ်ဆိုင်ဂိတ်တွေအကြောင်း ရုပ်-သံ၊ စန်ခရပူရီက မွန်ရိုးဟာ သဘောင်္ဆွမ်းကပ်ပွဲ အကြောင်း ရုပ်-သံ၊ ကန်ချနပူရီ-ဘုရားသုံးဆူ ရထမ်းလမ်းအကြောင်း ရုပ်-သံ၊ ရတနာပိုက်လိုင်းနောက်ဆက်တွဲ ပြသာနာနဲ့ပတ်သက်ပြီး နတ်အိမ်တောင်နယ်စပ် ကံပေါက်သားတွေရဲ့အမြင်၊ KNU တပ်မဟာ ၄ က ပဒိုကွယ်ထူး၊ ဗိုလ်လှချောတို့အမြင်ပါဝင်တဲ့ ရုပ်-သံ၊ KIO မှ ဆရာဂျိမ်းလန်ဒေါင်၊ NMSP မှ နိုင်အောင်မငေး၊ မွန်ယဉ်ကျေးမှုအဖွဲ့မှ နိုင်ကဆော့မွန်တို့ရဲ့ ညောင်နှစ်ပင်ညီလာခံအပေါ် ဝေဖန်ချက် ရုပ်-သံ တွေကို DVB ရုပ်-သံ ပရိတ်သတ်တွေ မှတ်မိ ကြလိမ့်မယ်လို့ထင်ပါတယ်။

ဒါ့အပြင် နော်ဝေးမြောက်ပိုင်းက သန်းကောက်ယံ နေ မြင်ကွင်း ရုပ်-သံ။ ဖင်လန်မြောက်ပိုင်း ရေခဲနန်းတော် ရုပ်-သံ အပါဝင် ကျနော်ထုတ်လုပ်ခဲ့သမျှ ရုပ်-သံ အားလုံးဟာ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ကိုယ့်စရိတ်နဲ့ကိုယ် အိတ်စိုက်ပြီး မနေနိုင်၊ မထိုင်နိုင် လုပ်ခဲ့မိတာတွေပေါ့။ DVB သတင်းအယ်ဒီတာတဦးကိုယ်တိုင် ထုတ်လုပ်ထားတဲ့ ဒီရုပ်-သံ တွေကို တခြား မီဒီယာဆီ သွားရောင်း လို့လဲ ဘယ်သင့်တော်ပါ့မလဲ။ ကိုယ့်မီဒီယာမှာ ပြန်မလွှင့်ရင်လဲ ဘယ်မှာ သွားပြရမှာလဲ။


ဒီအတွက် အိတ်စိုက်လုပ်ခဲ့ရတာကို နောင်တတော့မရမိပါဘူး။ ဒါပေမယ့် ညွန်မှုးတွေဆီမှာ ဒီထက်ကောင်းတဲ့ဖြေရှင်းနည်း တခု တခုရှိရင်တော့ ပိုကောင်းလိမ့်မယ်လို့ စဉ်းစားနေမိပါတယ်။      ။

ထက်အောင်ကျော်
http://www.htetaungkyaw.net/2014/12/blog-post_93.html
.......................................................................................

ထိုင်းနိုင်ငံတောင်ပိုင်း ဆူနာမီးဒေက အနာဂတ်မသေချာတဲ့ မူလတန်းကျောင်များ...


တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၉ )  တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၉ ) Reviewed by သစ်ထူးလွင် on 22:30 Rating: 5
Powered by Blogger.