အလုပ်သမားပြဿနာ၏ ရေသောက်မြစ်


''အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးဖို့ အစိုးရပိုင်းက အမြန်ဆုံး ကြိုးစား သင့်ပါတယ်''ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက စက်မှုဇုန် အလုပ်သမား နှင့် အလုပ်ရှင်အဖွဲ့အစည်း များနှင့်တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

လှိုင်သာယာ စက်မှုဇုန် ကနောင်ခန်းမ၌ ပြုလုပ်သောတွေ့ဆုံပွဲတွင် အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်ပြီး အလုပ်သမားနှင့် အလုပ်ရှင်ကြားအငြင်းပွားမှု၊ အလုပ်သမား ဆန္ဒပြမှုများ ထွက်ပေါ်ခြင်း အများဆုံးဖြစ်သည့် လှိုင်သာယာစက်မှုဇုန်တွင် သမိုင်းဝင်ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက် စတင်ခဲ့ပြီး တစ်နှစ်ဝန်းကျင်မှစ၍ အလုပ်သမားဆန္ဒပြ ပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ အဓိက အကြောင်းရင်းနှင့်တောင်းဆိုမှုမှာ လုပ်ခ လစာတိုးမြှင့်ပေးရန်သာ ဖြစ်ခဲ့သည်။

''လုပ်ခတိုးတောင်းတယ်ဆိုတာ အိမ် ဝယ်ဖို့၊ ကားဝယ်ဖို့၊ ခရီးထွက်ဖို့ မဟုတ် ဘူး။ စားဝတ်နေရေးကျပ်တည်းပြီး ကုန် ဈေးနှုန်းတွေ မြင့်တက်နေလို့ တိုးတောင်း ရတာပါ''ဟု ခုံသမာဓိကောင်စီဝင် အလုပ်သမားကိုယ်စားလှယ် ဦးရဲနိုင်ဝင်း ကဆိုသည်။ အလုပ်သမားများ တိုးမြှင့်တောင်းခံ သောလစာပမာဏကို ပြေလည်အောင် ပေးအပ်နိုင်သော အလုပ်ရှင်များရှိသကဲ့သို့ အလုပ်သမားနှင့်အလုပ်ရှင် ညှိနိုင်းဖြေရှင်း ရသော စက်ရုံ၊ အလုပ်ရုံများလည်းရှိ ကြောင်း သိရသည်။

အခြေခံအနိမ့်ဆုံးလစာ အမြန်ဆုံး သတ်မှတ်ပေးရန် အလုပ်သမားနှင့်အလုပ် ရှင်များအကြား တောင်းဆိုမှုများထွက် ပေါ်လာသော်လည်း အဓိကစီးပွားရေး အခက်အခဲဖြစ်သည့် ငွေကြေးဖောင်းပွခြင်း နှင့် မြန်မာကျပ်ငွေတန်ဖိုးနိမ့်ကျခြင်းကို ထိန်းချုပ်နိုင်မှု အားနည်းလျက်ရှိကြောင်း စီးပွားရေးပညာရှင်များက ဝေဖန်သည်။ ''ကုန်ဈေးနှုန်းတက်တာက ငွေကြေး ဖောင်းပွလို့ပါ။ နှစ်စဉ် ငွေဖောင်းပွနှုန်းက ၆ ရာခိုင်နှုန်းဝန်းကျင်ဆိုတော့ ကုန်ဈေးနှုန်း ကလဲ ဆက်တက်နေတဲ့သဘောပါပဲ။ နှစ်စဉ်ဈေးတက်မှတော့ လစာကလောက်င မှာမဟုတ်ဘူး''ဟု စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးကပြောသည်။

ငွေကြေးဖောင်းပွခြင်း၊ဒေါ်လာဈေးနှုန်းမတည်ငြိမ်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းများရှိသကဲ့သို့ အခြေခံအလုပ်သမားလုပ်ခနှုန်းထား သတ် မှတ်နိုင်ခြင်းမရှိသောကြောင့် လုပ်ငန်းခွင် အငြင်းပွားမှုများ ပိုမိုဖြစ်ပွားခဲ့သည်။

၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် အစိုးရသစ် လက်ထက်တာဝန်ယူချိန်တွင် မြန်မာကျပ် ငွေတန်ဖိုးကို တစ်ဒေါ်လာလျှင် ကျပ် ၇ဝဝ ဝန်းကျင်အထိရောက်ရှိအောင်လုပ်ဆောင်၍ငွေလဲနှုန်းကိုလည်း နှုန်းရှင်ဖြင့်ဈေးကွက်ပေါက်ဈေးအတိုင်း သတ်မှတ်နိုင် ခဲ့သည်။

ငွေကြေးတန်ဖိုး အတော်အတန်တည် ငြိမ်၍ခိုင်မာခဲ့သောကြောင့် အခြေခံလူ တန်းစားများအတွက်အသုံးခံ၍ တန်ဖိုးရှိ သောဝင်ငွေတစ်ရပ်ဖြစ်ခဲ့သော်လည်း ပို့ ကုန်လုပ်ငန်းရှင်များက မြန်မာငွေကျပ် တန်းဖိုးမြင့်နေသောကြောင့် ဒေါ်လာ အနည်းငယ်သာရရှိပြီး ပို့ကုန်လုပ်ငန်းများ ထိခိုက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

၂ဝ၁၃-၂ဝ၁၄ ခုနှစ်များအတွင်း ဒေါ်လာတန်ဖိုးမြင့်တက်ခြင်းနှင့်မြန်မာ ကျပ်ငွေတန်ဖိုးကျဆင်းခြင်း ဆက်တိုက် ဖြစ်ပေါ်ခဲ့ ရာ တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁ဝ၃ဝ ဝန်းကျင်အထိရောက်ရှိခဲ့ပြီး ပြင်ပပေါက်ဈေးမှာ ကျပ် ၁ဝ၈ဝအထိ မြင့် တက်ခဲ့သည်။

ဒေါ်လာဈေးကွက်ကို တရားဝင်ဈေးကွက်ဖြင့် ထိန်းချုပ်ရန်ကြိုးစားခဲ့ရာ အောင်မြင်မှုနည်းပါးခဲ့ပြီး တရားမဝင် ဈေး ကစားခြင်းများကို ယခုနှစ် နိုဝင်ဘာလ အတွင်းဖြစ်ပေါ်ခဲ့ကြောင်း ငွေကြေးဈေးကွက်မှ အကျိုးဆောင်များကပြောသည်။

''အိမ်ခြံမြေကအေးနေတဲ့ အချိန်မှာ ဒေါ်လာကိုဝင်ပြီး ကစားတဲ့သဘောပါပဲ။ ဒေါ်လာကိုကစားရင် မြန်မာငွေလဲတန်ဖိုး လှုပ်ခတ်နေတတ်ပါတယ်''ဟု ပန်းဆိုးတန်းမှ ပြင်ပငွေကြေးဈေးကွက်အကျိုး ဆောင်တစ်ဦးကပြောသည်။ ငွေကြေးတန်ဖိုးတည်ငြိမ်မှုရှိခြင်း သည် ငွေကြေးဖောင်းပွမှုကိုလျော့ကျစေ ပြီး မြန်မာငွေခိုင်မာမှုဖြစ်ပေါ်စေခြင်း ကြောင့် ကုန်ဈေးနှုန်းများတည်ငြိမ်နိုင်မည် ဖြစ်သည်။ ''ကုန်ဈေးနှုန်းမတက်ဘဲ ပုံမှန်အလုပ် ချိန်ပဲလုပ်ရမယ်ဆိုရင် ဆန္ဒပြပွဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး''ဟု အလုပ်သမား ရှေ့နေဦးပိုးဖြူကပြောသည်။

 ပုံမှန်အလုပ်ချိန်ထက် ပိုမိုကြာရှည်စွာ Over Time များ စက်မှုဇုန်များတွင် လုပ်ဆောင်နေရခြင်းသည်လည်း စားဝတ် နေရေးအတွက် လစာမှာ တစ်နှစ်ထက် တစ်နှစ်လုံလောက်ခြင်းမရှိသောကြောင့် ဖြစ်ကြောင်းသိရသည်။ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေးရန် တောင်းဆိုမှုများ ကျယ်ပြန့်လာချိန်တွင် စီးပွားရေးပြဿနာ၏ အဓိကဆုံချက်ဖြစ် သောငွေကြေးခိုင်မာမှုအပေါ်တွင်သုံးသပ်ရန် လိုအပ်လာသည်။

''ပို့ကုန်လုပ်ငန်းတွေက အရှုံးပေါ်တယ်။ ဒေါ်လာဈေးကျရင် မကိုက်ဘူးလို့ ပြောနေကြတယ်။အခုဒေါ်လာဈေးတက် တော့ရော အလုပ်သမားလစာတွေ တိုးပေးနေလို့လား မြန်မာငွေနဲ့အရင်အတိုင်းပဲ ပေးနေကြတာပါပဲ''ဟု ဦးရဲနိုင်ဝင်းက ပြောသည်။

ဒေါ်လာဈေးမြင့်တက်ချိန်တွင် လုပ်ခလစာများလည်းလိုက်ပါမြင့်တက်ရန်လိုအပ်ပြီး အဓိကကြီးမြင့်လာသော ကုန်ဈေးနှုန်းကို လောက်ငစေရန် အရေးကြီးကြောင်း ၄င်းကပြောသည်။

ဒေါ်လာဈေးမြင့်တက်ချိန်တွင် အခြေခံ စားသောက်ကုန်ဈေးနှုန်းနှင့်စက်သုံးဆီ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့သော အခြေအနေများကြောင့် အခြေခံအလုပ်သမားများ၏ စားဝတ်နေရေးကျပ်တည်း မှုများကြုံတွေ့နေရကြောင်း သိရသည်။ ''မြန်မာငွေတန်ဖိုးက ၆ ရာခိုင်နှုန်း လောက်ကျသွားပါတယ်။ ဒေါ်လာဈေး တက်လာတာကြောင့် တခြားနိုင်ငံတွေမှာ လဲ ငွေကြေးတန်ဖိုးတွေကျနေပါတယ်'' ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးထက်အောင် ကပြောသည်။

ပုံမှန်ငွေကြေးဖောင်းပွမှု ၆ ရာခိုင်နှုန်း နှင့် ကျပ်ငွေတန်ဖိုးကျဆင်းမှု ၆ရာခိုင်နှုန်း ၆ ရာခိုင်နှုန်းနှစ်ခုပေါင်းပါက မြန်မာ ငွေကြေးတန်ဖိုးမှာ ၁၂ ရာခိုင်နှုန်းဝန်းကျင် သို့ကျဆင်းခဲ့ရာ ကုန်ဈေးနှုန်းများမှာလည်း ၁ဝဝ လျှင် ၁ဝရာခိုင်နှုန်းဝန်းကျင်မြင့် တက်လာမည်ဖြစ်ကြောင်းသိရသည်။

ငွေကြေးတန်ဖိုးတည်ငြိမ်၍ ဖောင်းပွမှု နည်းပါးသောအခြေအနေတစ်ရပ်သို့ အမြန်ဆုံးဖန်တီး၍ အနိမ့်ဆုံးလုပ်ခလစာ သတ် မှတ်ချက်ပြဋ္ဌာန်းပါက အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုများ လျော့ကျသွားမည် ဖြစ်သည်။

၂ဝ၁၆ ခုနှစ်နောင်ပိုင်းမှသာ အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်မှုကို အကောင် အထည်ဖော်နိုင်မည်ဟု အလုပ်သမား ဝန်ကြီးဌာနကပြောကြားခဲ့ရာ အလုပ်သမားပြဿနာ၏ အဓိကဖြစ်သော ငွေကြေးတန်ဖိုးတည်ငြိမ်မှုမှာ အဓိက ရေသောက်မြစ်ဖြစ်ကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ပြောကြားသည်။

ပြည့်ဖြိုးကျော်
The Union Daily
http://uniondaily.net/News/DetailView.aspx…
အလုပ်သမားပြဿနာ၏ ရေသောက်မြစ် အလုပ်သမားပြဿနာ၏ ရေသောက်မြစ် Reviewed by သစ်ထူးလွင် on 20:41 Rating: 5
Powered by Blogger.