တမူးမြို့တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


တမူး ဒီဇင်ဘာ ၆

ဒီဇင်ဘာ ၃ရက် ညနေ ၆နာရီ ခွဲတွင် နယ်မြေခံ တပ်ရင်းနှင့် အဖွဲ့ဝင်များသည် တမူးမြို့ ဈေးတန်း ရပ်ကွက်တွင် နေထိုင်သူ ဦးလျန်ပို (ခ) ခိုင်ခမ်ကျန်(၅၃နှစ်)၏နေအိမ်ကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ AK-47 ၁၁လက်နှင့် ယင်းကျည်အိမ် ၁၁ ခု၊ M-16 ငါးလက်နှင့် ယင်းကျည်အိမ် ငါးခု၊ M-16 တွင် တပ်ဆင်သည့် ညကြည့်ဓာတ်မီးခုနစ် လက်တို့အား သိမ်းဆည်းရမိပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ နန်းဖာလုံ ရပ်ကွက်တွင်နေထိုင်သော လျံပီး(ခ) ဘွန်လွန်ထန်(၃၈နှစ်)၏ နေအိမ်ကို ဆက်လက်ရှာဖွေခဲ့ရာ HK-33 တစ်လက်နှင့်ယင်းကျည်ကတ်တစ်ခု၊ ဗုံးပစ်လောင်ချာ (KANSTION MADE USA) တစ်လက်တို့နှင့် အတူလျန်ပို(ခ) ခိုင်ခမ်ကျန် အပါအဝင် နှစ်ဦးတို့အား ဖမ်းဆီးရမိသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ဈေးတန်း၁၁ ရပ်ကွက် မဒမ်ဆွမ်းကျင်(၃၇နှစ်)၊ တီးတိန်မြို့နယ် ဆွမ်းမန်ကျေးရွာနေ မနူးနိမ်(ခ)နိမ့်ဖုန်ဝုန်(၅၅နှစ်)၊ကလေးမြို့ ပင်လုံရပ်ကွက်နေ မအဲခိုဟောင် (၄၅နှစ်) သုံးဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

တမူးမြို့မရဲစခန်းမှူး ဒု-ရဲမှူး လှထွန်းက ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ် စုံစမ်းလျက်ရှိကြောင်းသိရသည်။

ဒီဇင်ဘာ ၄ရက် မွန်းလွဲ ၁နာရီ ၄၅ မိနစ်တွင် ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် လက်ပံချောင်းကျေးရွာနေ ဦးဆွေလိမ်ခန်း၏ နေအိမ်ကို ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ရာ ၄င်းနေအိမ်၌ ရှိနေသူ ဦးဗျက်ဆန်ထမ်း (၂၂နှစ်)၊ ဒေါ်ဇာသင်သဲ(၄၅နှစ်) တို့ နှစ်ဦးအား တရုတ်နိုင်ငံလုပ် AK-47 သုံးလက်နှင့်ယင်းကျည်အိမ်သုံးခု၊ တူမီးသေနတ်တစ်လက် ငွေကျပ် ၇၅၇၅ဝဝဝ တို့နှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တမူးမြို့တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ တမူးမြို့တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 05:57 Rating: 5
Powered by Blogger.