ဗီယက်နမ်တွင် ခွေးခိုးယူ သတ်ဖြတ်ခဲ့သူ တစ်ဦးကို သေဒဏ်ချမှတ်


ဟိုချီမင်း၊ ဒီဇင်ဘာ ၃၁

ကူချီဆင်ခြေဖုန်း ခရိုင်တွင် ခွေးသုံးကောင်အား ပြီးခဲ့သည့် ဇွန်လတွင်းက ခိုးယူ သတ်ဖြတ်ခဲ့သည့် အမျိုးသား ၁ ဦးကို ယမန်နေ့က ဟိုချီမင်းတရားရုံးမှ သေဒဏ်ချ မှတ်လိုက်သည်။

သေဒဏ် စီရင်ခံရသူ ဟိုဗမ် (၂၀ နှစ်) က ခွေးများအား သတ်ဖြတ်ခဲ့ကြောင်း ၀န်ခံခဲ့ခြင်း ဖြစ်သည်။ ၎င်းနှင့် အပေါင်းအပါများဖြစ်သော လီမင်ဟောအား ထောင်ဒဏ် ၁၂ နှစ်၊ ဖမ်နော့သွန်နှင့် ဟိုသမ်းအန်တို့အားလည်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်။

၎င်းတို့၏ ဂိုဏ်းတွင် ဟိုဗမ်က ခေါင်းဆောင် ဖြစ်ပြီး ဟော့မွန်နှင့် ကူချီခရိုင်များတွင် ခွေးများ ခိုးယူခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်ကမူ ခွေးသုံးကောင်အား ခိုးယူ၍ ဆိုင်ကယ်ဖြင့် ဟော့မွန်သို့ ပြန်လာစဉ် ဘုံလူမှုအဖွဲ့တဖွဲ့မှ လိုက်လံဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။ ထိုအဖွဲ့မှ ၎င်းတို့အား လိုက်ဖမ်းချိန်၌ ထိပ်တိုက် တွေ့ဆုံရာတွင် ဟိုဗမ်က ကျဉ်စက်နှင့် တိုက်ခိုက်ခဲ့ရာ နောက်မှ ဖူအုန်နှင့် ဟူတို့ ဒဏ်ရာရရှိသွားခဲ့သည်။ ဘိုဆိုသည့် အမျိုးသားမှာမူ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး အိမ်နံရံနှင့် ဆောင့်မိကာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

၎င်းတို့သည် ဂိုဗတ်ခရိုင်မှ ၀ယ်ယူမည့်သူတဦးထံတွင် ထိုခွေးသုံးကောင်ကို ၄၅ ဒေါ်လာဖြင့် ရောင်းချရန် စီစဉ်လျက် ခိုးယူခဲ့ကြခြင်း ဖြစ်သည်။

ယင်းမတိုင်မီ ဇွန် ၁၂ ရက်ကလည်း ၎င်းတို့သည် ခွေး ၁၀ ကောင်ကို ခိုးယူ ရောင်းချခဲ့ဖူးသည်။ ၎င်းတို့အား လိုက်လံဖမ်းဆီးရင်း သေဆုံးသွားသည့် ဘို၏ ဖခင်က သူ၏ သားမှာ ခွေးနှစ်ကောင် ပျောက်ဆုံးသွား၍ လွန်စွာ ဒေါသထွက်နေခဲ့သည်ဟု ပြောကြားသည်။

ဗီယက်နမ်တွင် ခွေးများ မကြာခဏ အခိုးခံနေရပြီး စားသောက်ဆိုင်များက တစ်ကောင်လျှင် ကန်ဒေါ်လာ ၁၀ ခန့်ဖြင့် ၀ယ်ယူနေကြသည်။

ကျော်လင်းထွန်း
__Ref: Thanhniennews.com
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဗီယက်နမ်တွင် ခွေးခိုးယူ သတ်ဖြတ်ခဲ့သူ တစ်ဦးကို သေဒဏ်ချမှတ် ဗီယက်နမ်တွင် ခွေးခိုးယူ သတ်ဖြတ်ခဲ့သူ တစ်ဦးကို သေဒဏ်ချမှတ် Reviewed by သစ်ထူးလွင် on 17:04 Rating: 5
Powered by Blogger.