စည်းကမ်းမဲ့ ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ်ကား (၁၇)စီး ထပ်မံ ဖမ်းဆီး


စည်းကမ်းမဲ့ ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များ ဖမ်းဆီးရေး စီမံချက်အရ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ထပ်မံ ဖမ်းဆီး အရေးယူ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ရန်ကုန်မြို့ အတွင်းတွင် ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များ စည်းကမ်း မဲ့စွာ မောင်းနှင် မှုကြောင့် အသံများ ဆူညံစေပြီး အများပြည်သူ၏ စိတ်နှလုံးကို ထိခိုက်စေသည့် အပြင် တရား ဥပဒေ စိုးမိုးရေးကို ထိခိုက်လာ သဖြင့် ထိရောက်စွာ အရေးယူနိုင်ရန် စီမံချက် ချမှတ်၍ ဆောင်ရွက်ခဲ့ရာ ၅.၁၂.၂၀၁၄ ရက်နေ့ညက စည်းကမ်းမဲ့ ပြိုင်ကားနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ် (၁၇)စီးအား ဖမ်းဆီး ရမိခဲ့ပါသည်။

စီမံချက်အား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ၀င်းနိုင်မှ အနီးကပ် ကွပ်ကဲ ၍ ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ်အား ဦးဆောင်စေပြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ထပ်မံ ဖမ်းဆီး အရေးယူ ခဲ့ပါသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ဒုတိယရက်ဖြစ်သည့် ၆.၁၂.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်မှ ၇.၁၂.၂၀၁၄ ရက်နေ့ ၀၁၃၀ အချိန်ထိ ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့စွာ မောင်းနှင်နေသော ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များအား ပိတ်ဆို့ဖမ်းဆီးခဲ့ရာ စည်းကမ်းမဲ့ မောင်းနှင်သည့် ပြိုင်ကား(၆)စီး အပါအ၀င် ပါဝါအိပ်ဇောတပ် ဆလွန်းမော်တော်ယာဉ် အမျိုးအစားမျိုးစုံ(၁၁)စီး၊ ပေါင်း(၁၇)စီးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ယခုဖမ်းဆီးရမိသည့် မော်တော်ယာဉ်များအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းအရ အရေးယူ ဆောင်ရွက် မည့် အပြင် ယာဉ်မှတ်ပုံတင် လိုင်စင်ရှိ/မရှိစိစစ်ပြီး ယာဉ်မှတ်ပုံတင် မရှိသော မော်တော်ယာဉ်များအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယင်းသို့ ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ်ဆင်ထားသည့် မော်တော်ယာဉ်များ စည်းကမ်းမဲ့စွာ မောင်းနှင် မှုကြောင့် အသံဆူညံစွာ ဖြစ်ပေါ်စေပြီး အများပြည်သူ တို့၏စိတ်တွင် အနှောက်အယှက် ဖြစ်စေသည့်အပြင် ယာဉ်အန္တရာယ်များဖြစ်ပေါ် လာနိုင်သောကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် စီမံချက်အား
အရှိန်မြှင့် ဆောင်ရွက်လျှက်ရှိပြီး နေ့စဉ်ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စစ်ဆေး တွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သဖြင့် မိမိတို့၏ မော်တော်ယာဉ်များ၌ ပါဝါအိပ်ဇောများ တပ်ဆင်မောင်းနှင်ခြင်း မပြုရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများနှင့် အညီ မောင်းနှင် ကြစေလိုကြောင်း အသိပေး ဖော်ပြ အပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
စည်းကမ်းမဲ့ ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ်ကား (၁၇)စီး ထပ်မံ ဖမ်းဆီး စည်းကမ်းမဲ့ ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ်ကား (၁၇)စီး ထပ်မံ ဖမ်းဆီး Reviewed by သစ်ထူးလွင် on 10:20 Rating: 5
Powered by Blogger.