အဘူးဂျာ ၊ ၉-၁၂-၂၀၁၄
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ကာနိုမြို့တွင် စစ်လက်နက် ပစ္စည်းများ တင်ဆောင်လာသော ရုရှားကုန်တင် လေယာဉ်တစ်စင်း ကို ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း ၄င်းနိုင်ငံရှိ အာဏာပိုင် များက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြား ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။
Antonov အမျိုးအစား အဆိုပါ ကုန်တင်လေယာဉ် ၏ ဇာစ်မြစ်နှင့် လေယာဉ်ပေါ်တွင် တင်ဆောင် လာသည့် စစ်လက်နက် ပစ္စည်းများနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း နိုင်ဂျီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ အကြီးအကဲ၏ ပြောကြားချက်ကို တွစ်တာဝက်ဘ်ဆိုက် တွင် ဒီဇင်ဘာ ၇ ရက်က ဖော်ပြ ထားသည်။
အဆိုပါ လေယာဉ်ကို ဒီဇင်ဘာ ၆ ရက်က ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့သို့ စစ်လက်နက်များ ပေးပို့သည့် လေယာဉ် ဖြစ်သည်ဟု ယူဆရကြောင်း SAHARA Reporters သတင်းဌာန က ဖော်ပြခဲ့သည်။
၎င်းလေယာဉ်သည် ရုရှားနိုင်ငံပိုင် လေယာဉ် ဖြစ်ကြောင်း အဘူးဂျာမြို့ ရှိ ရုရှားသံရုံးက ကနဦးတွင် ငြင်းဆို ခဲ့သော်လည်း နောက်ပိုင်းတွင် ရုရှားပိုင် လေယာဉ် ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။ ထို့ပြင် ၄င်းလေယာဉ် ပေါ်တွင် ပြင်သစ် စစ်လက်နက် ပစ္စည်းများ တင်ဆောင် လာကြောင်း ရုရှားသံရုံးက ပြောကြား ခဲ့သည်။
အဆိုပါ ကုန်တင်လေယာဉ် ပေါ်တွင် ရုရှားအမှုထမ်း ၁၈ ဦးနှင့် ပြင်သစ် တပ်ဖွဲ့ဝင် နှစ်ဦး လိုက်ပါလာပြီး ၄င်းတို့ကို ဖမ်းဆီး ခဲ့ခြင်း မရှိကြောင်း၊ သို့သော် လေယာဉ်ပေါ်တွင် တင်ဆောင်လာသော ကုန်ပစ္စည်း စာရင်းနှင့် လေယာဉ် ပျံသန်းမည့် ခရီးစဉ်တို့ကို စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ကိစ္စရပ်သည် နိုင်ငံရေး ပြဿနာတစ်ရပ် ဖြစ်လာနိုင်ကြောင်း SAHARA သတင်းဌာန က ဆက်လက်ပြောကြားခဲ့သည်။
#PyiChitThar
http://www.pyichitthar.com/2014/12/blog-post_92.html
စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသော ရုရှားကုန်တင် လေယာဉ်တစ်စင်းအား ဖမ်းဆီးထိန်းသိမ်း
Reviewed by သစ်ထူးလွင်
on
09:55
Rating: