ခိုးဝင် မြန်မာအလုပ်သမားကား တိမ်းမှောက် ၁ ဦးသေ၊ ၃၀ ဒဏ်ရာရ

ဓာတ်ပုံ – thairath.co.th
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကား ၃ စီးထဲက ၁ စီး တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြ သွားပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မနက် ၂ နာရီအချိန် သတင်းပေးပို့ချက်အရ ထာ့ချဲ့မြို့နယ် ရဲစခန်းတာဝန်ရှိသူတွေက ကယ်ဆယ်ရေးယာဉ်တွေနဲ့ သွားရောက်စစ်ဆေးရာ ထာ့ချဲ့မြို့နယ် ဘန့်နမ့်ယဉ် ကျေးရွာအုပ်စု ဖစ်ကဆဲမ်လမ်းကွေ့တခုမှာ ယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေကို တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိရဲဝန်ထမ်းတွေက သတင်းထောက်တွေကို ပြောပါတယ်။

ဖြစ်ပွားပုံမှာ အခင်းဖြစ်တဲ့ မနက်က တရားမ၀င်အလုပ်သမားတွေ တင်ဆောင်လာတဲ့ ကား ၃ စီးဟာ ဖစ်ကဆဲမ်လမ်းမကြီးပေါ်ကနေ ထာ့ချဲ့မြို့ကို ဦးတည်လာနေပြီး လမ်းခုလပ်မှာ ထိုင်းစစ်တပ်စစ်ဆေးရေးကားနဲ့ တိုးမိလို့ ယာဉ်မောင်းသူက ထိတ်လန့်ပြီး မော်တော်ကားကို အရှိန်မြှင့် မောင်းပြေးရာကနေ အကွေ့တခုမှာ တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။

နောက်ကလိုက်လာတဲ့ယာဉ်ကို ရှေ့က ပိတ်ထားလိုက်သလိုဖြစ်ပြီး တတိယကားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တာဝန်ရှိ ရဲဝန်ထမ်းက ပြောပါတယ်။

စစ်ဆေးချက်အရ ကားပေါ်တင်ဆောင်လာသူတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ အယောက် ၃၀ ကိုတော့ ချွန်းဖွန်းခရိုင်ဆေးရုံကြီးနဲ့ ထာ့ချဲ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အားလုံးကို ထာ့ချဲ့မြို့မရဲစခန်းက တရားမ၀င် ၀င်ရောက်မှုနဲ့ အမှုဖွင့် အရေးယူထားပြီး နေရင်းနိုင်ငံ ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိရဲဝန်ထမ်းရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/73391
ခိုးဝင် မြန်မာအလုပ်သမားကား တိမ်းမှောက် ၁ ဦးသေ၊ ၃၀ ဒဏ်ရာရ ခိုးဝင် မြန်မာအလုပ်သမားကား တိမ်းမှောက် ၁ ဦးသေ၊ ၃၀ ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 11:32 Rating: 5
Powered by Blogger.