မြန်မာအစိုးရမူဝါဒအရ မိုင်းရှင်းလင်းရေးအခက်အခဲရှိ

မြေမြှုပ်မိုင်းထိမှန်ပြီးတော့ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရောက်ရှိလာတဲ့ ကရင်ဒုက္ခသည်တဦး။
မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်မှီ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဌာနတခု ဖွင့်လှစ်နိုင်ရေးကိစ္စမှာ မြန်မာအစိုးရက နှောင့်နှေးနေ တယ်လို့ အမေရိကန် ပြည်ထောင်စုက ဝေဖန်လိုက်ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဆိုင်ရာ ပညာပေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ပေမဲ့ တကယ့်ဒေသတွေကို သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွတ်နိုင်ဖို့မှာတော့ မြန်မာအစိုးရရဲ့ မူဝါဒအရ တရားဝင် သွားရောက်ဆောင်ရွတ်လို့ မရဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေး နှစ်ပတ်လည် အစီရင်ခံစာမှာ ပြောထားပါ တယ်။

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတချို့မှာ တိုက်ခိုက်မှုတွေ လုံးဝ မရပ်တန့်တာကြောင့်လည်း မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ မဆောင်ရွက်နိုင် တာဖြစ်ပြီး ဒီအချက်က စစ်ပြေးဒုက္ခသည်တွေ နေရပ်ရင်းပြန်လို့မရ ဖြစ်နေရတဲ့ အချက်တခု ဖြစ်ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ မြေမြှုပ်မိုင်း ဒါမှမဟုတ် စစ်ပွဲတွေရဲ့ လက်နက် အကြွင်းအကျန်တွေကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်မှာဆိုရင် တခြားနှစ်တွေကထက် နည်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

ဒီလို မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပစ်ဖို့အတွက် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်နေတာမှာ အမေရိကန်ပြည်ထောင်စုက ဒေါ်လာသန်း ၂ ထောင် ပိုပေးထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Kerry က ဆိုပါတယ်။

ကမ္ဘာမှာ မြေမြှုပ်မိုင်း ဒါမှမဟုတ် စစ်ပွဲတွေရဲ့ လက်နက်အကြွင်းအကျန် အများဆုံးရှိနေတဲ့ Afghanistan နိုင်ငံကို ဒီကိစ္စအတွက် အမေရိကန်က ဒေါ်လာ ၃၇၅ သန်းပေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ပြောထားပါတယ်။

မြန်မာနိုင်ငံလို တခြားနိုင်ငံတွေကိုလည်း ၂၀၁၁ ခုနှစ်ကစပြီး မြေမြှုပ်မိုင်းကြောင့် ထိခိုက်ရသူတွေကို အကူအညီပေးရေး အစီအစဉ်အတွက် ဒေါ်လာ ၂ သန်းကျော် ထောက်ပံ့တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ အရင်နှစ်ကအထိ နိုင်ငံပေါင်း ၅၉ နိုင်ငံမှာ မြေမြှုပ်မိုင်းပြဿနာ  ကြီးမားဆဲဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2551478.html
မြန်မာအစိုးရမူဝါဒအရ မိုင်းရှင်းလင်းရေးအခက်အခဲရှိ မြန်မာအစိုးရမူဝါဒအရ မိုင်းရှင်းလင်းရေးအခက်အခဲရှိ Reviewed by သစ်ထူးလွင် on 22:20 Rating: 5
Powered by Blogger.