လက်ပံတောင်း လူသေဆုံးမှု ဖော်ထုတ် အရေးယူရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


လက်ပံတောင်းတောင် အဓိကရုဏ်း အတွင်း တောင်သူ ဒေါ်ခင်ဝင်း သေဆုံး ခဲ့ရမှုကို အာဏာပိုင်တွေ အနေနဲ့ ပြတ်ပြတ်သားသား ကိုင်တွယ် အရေးယူရမှာ ဖြစ်သလို တဖက်ကလည်း ပြေလည်ရေးကို ဦးတည်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  လက်ပံတောင်းဒေသမှာ လုံခြုံရေးတွေနဲ့ ရွာသားတွေအကြား တင်းမာမှုလျော့ကျအောင် ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတဲ့ မေးမြန်းချက်ကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဒေသခံတောင်သူတွေကို ဘယ်လို သတင်းစကားပါးချင်သလဲလို့မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က

“ဒါက တဖက်သတ် message (သတင်းစကား) ပေးလို့မရဘူး။ ဒါ နှစ်ဘက်စလုံးနဲ့ဆိုင်တဲ့ကိစ္စ။ ပဋိပက္ခဆိုတာ နှစ်ဘက်နဲ့ဆိုင်တဲ့ကိစ္စပဲ။ တစ်ဖက်ကိုပဲကြည့်ပြီး ဟိုလိုနေ၊ ဒီလိုနေ၊ ဟိုလိုလုပ်၊ ဒီလိုလုပ်ပြောလို့ ဘယ်ဖြစ်မလဲ။ နံပါတ် ၁ ကတော့ ဘယ်လိုမှ လွှဲရှောင်လို့မရတဲ့ကိစ္စကတော့ အမျိုးသမီးတယောက်ဟာ အသက်ဆုံးရှုံးသွားတယ်။ လူတယောက်ရဲ့အသက်ဆိုတာ  တန်ဖိုးဖြတ်လို့ရတာ မဟုတ်ဘူး။ အဲတော့ ဒီဟာနဲ့ပတ်သက်လို့ အာဏာပိုင်တွေအနေနဲ့ မှန်မှန်ကန်ကန် ထိထိရောက်ရောက် အရေးယူဖို့ဟာ ဒါ လုပ်ကိုလုပ်ရမယ်။ နိုင်ငံသားများရဲ့ အခွင့်အရေးကို ကာကွယ်သောအားဖြင့်ကို လုပ်ရမယ်။ အသက်ရှင်ခြင်းထက်ပိုပြီးတော့ အရေးကြီးတဲ့အခွင့်အရေး ရှိတော့မလား။ အသက်ရှင်ခြင်းကို ထိခိုက်တဲ့ကိစ္စတွေဆိုလို့ရှိရင် ဒါဟာ ပြတ်ပြတ်သားသား ကိုင်တွယ်ရမယ်။ ဒါပေမယ့် တဖက်ကလည်း ပြေလည်ရေးကို ဦးတည်ရမယ်။ နောက်ဆုံးကျတော့ နှစ်ဘက်စလုံးဟာ ပြေလည်ရေးကို ဦးတည်ရမယ်ပေါ့။ ဒီဆန္ဒပြတာပဲဖြစ်ဖြစ်၊ တောင်းဆိုတာပဲဖြစ်ဖြစ် တကယ်ကျတော့ အခြေအနေတွေပိုပြီးတော့ ကောင်းလာအောင်လို့  ပြေလည်လာအောင်လို့၊ တည်ငြိမ်လာအောင်လို့ ဒါကိုပဲ ဦးတည်ရမယ်။ အာဏာပိုင်တွေဘက်ကတော့ မှန်မှန်ကန်ကန် တရားမျှမျှတတနဲ့ ခံခဲ့ရတဲ့သူတွေ ကျေနပ်အောင်လို့ လုပ်ကိုလုပ်ပေးရမယ်။ ဒါဟာ တရားဥပဒေစိုးမိုးရေးသဘောတရားအရကို လုပ်ပေးရမယ်။ ပြည်သူတွေအနေနဲ့လည်း ဒါ ငါတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေအချင်းချင်းပဲ၊ ငါတို့ ဒီနိုင်ငံထဲမှာ တည်ငြိမ်မှုအတွက် အားလုံးကနေပြီးတော့ လုပ်ရမယ်ဆိုတဲ့ အမြင်လည်း ရှိဖို့လိုပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံကြတဲ့ မည်သည့်နိုင်ငံခြားကုမ္ပဏီမဆို မိမိကုမ္ပဏီအကျိုးကိုကြည့်သလို မြန်မာနိုင်ငံအကျိုးကိုလည်း ကြည့်ပြီး ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

သူက “အပြင်ကနေလာပြီးရင်းနှီးတဲ့ ကုမ္ပဏီတွေက မိမိတို့အကျိုးကိုကြည့်ပြီး လာပြီးရင်းနှီးတယ်ဆိုတာ သဘာဝကျပါတယ်။ စီးပွားရေးဆိုတာ ဒီလိုပါပဲ။ ဒါပေမယ့် လာပြီးရင်းနှီးတဲ့နိုင်ငံရဲ့ အကျိုးကိုလည်း ကြည့်ရမယ်။ အများအကျိုး၊ ကိုယ့်အကျိုး အကျိုးနှစ်သွယ်ကြည့်ရမယ်။ တဖက်သတ်ကြီးပဲ ကြည့်လို့မရဘူး ဒါကြောင့်မို့လို့ နိုင်ငံခြားကုမ္ပဏီတွေကလာပြီး ရင်းနှီးမြှုပ်နှံတဲ့အခါကျလို့ရှိရင် ဒီနိုင်ငံရဲ့ အစိုးရကလည်း ကိုယ့်ရဲ့နိုင်ငံ။ ကိုယ့်ရဲ့နိုင်ငံသူ နိုင်ငံသားတွေကို စောင့်ရှောက်နိုင်ဖို့ ဥပဒေအရ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရမယ်။ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေကလည်း ဒီနိုင်ငံက ပြည်သူပြည်သားတွေနဲ့ အဆင်ပြေအောင်လို့၊ နှစ်ဘက်စလုံး အကျိုးရှိအောင်လို့ စဉ်းစားပြီးတော့ လုပ်ရမယ်၊ ကိုယ့်ဖက်ချည်းပဲ ကြည့်လို့မရဘူး။

လက်ရှိကာလ ဆန္ဒပြပွဲတွေဖြစ်နေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စကို အစိုးရကိုင်တွယ်နေပုံပေါ်အမြင်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ  “ အန်တီတို့ အစီရင်ခံစာထဲမှာ ဘယ်လို ဘယ်လို ဘယ်လို ဖြေရှင်းသင့်ပါတယ်ဆိုတာ အသေးစိတ်ကို အကြံပြုထားပါတယ်။ အစီရင်ခံစာကို ဖတ်လိုက်ရင် သိပါတယ်။ ဒါပေမယ့် အစီရင်ခံစာက အကြံပြုချက်တွေအတိုင်း အစီရင်ခံစာပါ အကြံပြုချက်တွေကို ဖော်ထုတ်ရေးကော်မတီကတော့ တိတိကျကျ မလုပ်သွားဘူးဆိုတာကတော့ မြင်ရပါတယ်။” “အစီရင်ခံစာတင်ပြီးတဲ့နေ့မှာပဲ သမ္မတက အဲဒီ အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့လိုက်တယ်။ အဲဒီတော့ အဲဒီကော်မတီက ဘယ်လောက်ထိ တိတိကျကျ အကောင်အထည်ဖော်လဲဆိုတာကတော့ ဖတ်ပြီးတော့ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြီးလို့ ရှိလို့ရှိရင် သိပါလိမ့်မယ်။ အန်တီဆိုရင် ဘယ်လိုလုပ်မလဲဆိုတော့ အစီရင်ခံစာအတိုင်းလုပ်မှာပေါ့။ အန်တီတို့တင်တဲ့ အစီရင်ခံစာပဲ” လို့ ပြောပါတယ်။

ကြေးနီစီမံကိန်း အဆင်ပြေအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့မေးခွန်းကိုတော့ သူက “ကျမတို့ကနေပြီးတော့ ဒီကိတ်စဟာ ကြေးနီစီမံကိန်းကိစ္စဟာ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာဟာ အစီရင်ခံစာထဲမှာ ပါပြီးသားပါ။ အစီရင်ခံစာဟာ အားလုံးအတွက် အဆင်ပြေအောင် ဦးတည်ချက်နဲ့ ရေးပြီးတော့ အကြံပြုခဲ့တာဖြစ်ပါတယ်။ အဲဒီအကြံပြုချက်တွေအတိုင်း တိတိကျကျ မှန်မှန်ကန်ကန်လုပ်သွားမယ်ဆိုလို့ရှိရင်တော့ အဆင်ပြေမယ်လို့အန်တီတို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလို တိတိကျကျ မှန်မှန်ကန်ကန် လုပ်သွားတာမရှိလို့ ပြသနာတွေကလည်းဆက်ပြီးတော့ ဖြစ်နေတယ်လို့ ဒီလိုပဲမြင်ပါတယ်။” လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်မ၀င်သဘောထားနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပမလဲ။ ကျင်းပမယ်ဆိုတာ တရားဝင်ကြေညာတဲ့အခါကျလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီရွေးကောက်ပွဲမှာ ၀င်ပြီးတော့ ယှဉ်ပြိုင်မှာလား၊ မယှဉ်ပြိုင်မှာလားဆိုတာ တရားဝင်ကြေညာမှာဖြစ်ပါတယ်။ အခုအချိန်က သိပ်စောသေးကြောင်း”ဖြေဆိုခဲ့ပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/75597
လက်ပံတောင်း လူသေဆုံးမှု ဖော်ထုတ် အရေးယူရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား လက်ပံတောင်း လူသေဆုံးမှု ဖော်ထုတ် အရေးယူရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား Reviewed by သစ်ထူးလွင် on 09:43 Rating: 5
Powered by Blogger.