အရှင်လတ်လတ် မြွေမြိုခံပြမည်ဆိုသည့် ရုပ်သံတင်ဆက်သူ ကတိမတည်၍ ပရိသတ်များ ဝေဖန်


နယူးယောက်ခ်၊ ဒီဇင်ဘာ ၉

အန်နာကွန်ဒါ စပါးအုန်းမြွေ၏ အရှင်လတ်လတ် ၀ါးမြိုခြင်းကို ခံပြမည်ဟု ဆိုပြီး ရုပ်သံ အစီအစဉ် ရိုက်ကူးခဲ့ရာ၌ အမှန်တကယ် အစားမခံခဲ့၍ အမေရိကန် ရုပ်သံတင်ဆက်သူ တစ်ဦးကို ပရိသတ်များ လှောင်ပြောင်ဝေဖန်လိုက်ကြသည်။

အမေရိကန်နိုင်ငံသား ရုပ်သံတင်ဆက်သူ ပေါလ်ရိုဆိုလီသည် အန်နာကွန်ဒါမြွေကြီး၏ ၀ါးမြိုခြင်းကို ခံနိုင်ရန် အံ့သြမင်သက်ဖွယ်ကောင်းသော ၀တ်စုံတစ်ခုကို ဆက်မြန်းလျက် တနင်္ဂနွေနေ့ ညက Discovery Channel ရုပ်သံလိုင်းတွင် ထွက်ပေါ်လာသည်။

အမေဇုန်တောအတွင်း၌ ရိုဆိုလီသည် ပေ ၂၀ ရှည်လျားသည့် အန်နာကွန်ဒါမြွေကြီးကို ၎င်းအား သုံးဆောင်ရန် သွေးဆောင်မြူဆွယ်ခြင်းဖြင့် အစီအစဉ် စတင်လိုက်သည်။

ထိုအထူးအစီအစဉ်မှာ ၂ နာရီခန့်ကြာမြင့်လာပြီး အဆုံးသတ်သို့ ရောက်ချိန်တွင် မြွေကြီးက ထောင်ထလာပြီး ၎င်း၏ မျက်နှာကို တိုက်ခိုက်ကာ ခန္ဓာကိုယ်အား ရစ်ပတ်လျက် အကာအကွယ် ခေါင်းဆောင်းကို စတင်ဝါးမြိုတော့သည်။

“ကျွန်တော် အကူအညီလိုနေပြီလို့ အော်ခေါ်ခဲ့ပါတယ်၊ လက်မောင်းတွေ အဆစ်က ပြုတ်ထွက်မတတ် ခံစားခဲ့ရတယ်” ဟု ရိုဆိုလီက ပြောသည်။
ယမန်နေ့က Discovery ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် တိုက်ရိုက်အမေးအဖြေ ပြုလုပ်ခဲ့ရာ ပရိသတ်များက ရိုဆိုလီကို ၀ိုင်းဝန်းဝေဖန်လိုက်ကြသည်။

“အစီအစဉ်က ကတိပေးထားသလို ဖြစ်မလာတာ ၀န်ခံပါတယ်၊ ပရိသတ်တွေကတော့ ကျွန်တော် အစားခံရတော့မယ်ပဲ သေချာပေါက် ထင်ထားခဲ့ကြတာ” ဟူသော ပို့စ်တစ်ခုကို ၎င်းက ရေးသားဖော်ပြခဲ့သည်။

အန်နာကွန်ဒါ မြွေတစ်ကောင်ကို တောတွင်း၌ မြင်းသဖွယ် စီးပြခဲ့ဖူးသည့် ရိုဆိုလီက အမေဇုံမိုးသစ်တောတွင်း၌ သေကြေပျက်စီးစေနိုင်သည့် ဘေးအန္တရာယ်ဆိုးကို မီးမောင်းထိုးပြလို၍သာ ယခုအစီအစဉ်ကို ပြသရခြင်း ဖြစ်သည်ဟု ဆိုသည်။

“မြွေရော ပေါလ်ပါ ဘေးကင်းလုံခြုံဖို့က နံပါတ် ၁ ဦးစားပေးအချက် ဖြစ်ပါတယ်” ဟု Discovery က ထုတ်ပြန်သည်။

Discovery ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ပရိသတ်တစ်ဦးက “ကျွန်တော် တစ်ခါက ပင့်ကူအိမ်ထဲမှာ လမ်းလျှောက်ဖူးတယ်၊ Discovery အနေနဲ့ သီးသန့်အင်တာဗျူးလေး လာလုပ်ပေးပါ” ဟု မှတ်ချက်ပေးခဲ့သည်။

အခြားတစ်ယောက်ကလည်း “ခင်ဗျားတို့ ကျွန်တော့်ဆီမှာ နှစ်နာရီစာ အကြွေးတင်သွားပြီ” ဟု လည်းကောင်း အသီးသီး မှတ်ချက်ပေးခဲ့ကြသည်။

တိရစ္ဆာန်အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် အဖွဲ့များကမူ Discovery အနေဖြင့် တိရစ္ဆာန်များအပေါ် ညှာနာထောက်ထားမှုမရှိသည့် ပြကွက်မျိုး မပြသရန် ဖေ့စ်ဘွတ်မှ ရေးသားထုတ်ပြန် တောင်းဆိုလိုက်ရာ Like ပေါင်း လေးသောင်းနီးပါးရရှိခဲ့သည်။

ကျော်လင်းထွန်း
__Ref: Skynews
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အရှင်လတ်လတ် မြွေမြိုခံပြမည်ဆိုသည့် ရုပ်သံတင်ဆက်သူ ကတိမတည်၍ ပရိသတ်များ ဝေဖန် အရှင်လတ်လတ် မြွေမြိုခံပြမည်ဆိုသည့် ရုပ်သံတင်ဆက်သူ ကတိမတည်၍ ပရိသတ်များ ဝေဖန် Reviewed by သစ်ထူးလွင် on 15:42 Rating: 5
Powered by Blogger.