ထိုင်းနိုင်ငံ ခရိုင် ၇၇ ခုတွင် အလုပ်လုပ်ကိုင်လျက် ရှိသော တရားမ၀င် မြန်မာလုပ်သားများ စာရင်းကောက်မည်


ရန်ကုန် ၊ ၁၆-၁၂-၂၀၁၄

ထိုင်းနိုင်ငံ၏ ခရိုင် ၇၇ ခုတွင် အလုပ်လုပ်ကိုင် လျက်ရှိသော တရားမဝင် မြန်မာ အလုပ်သမား များအား ထိုင်းနိုင်ငံ၌ ယာယီ နေထိုင်ခွင့် ပေးနိုင်ရန် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သွားရောက်ကာ စာရင်းကောက်ခံ သွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောသည်။

စာရင်း ကောက်ယူမည့် အဖွဲ့ တစ်ဖွဲ့လျှင် ငါးဦးနှုန်းဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်းအဖွဲ့ ၁၆ ဖွဲ့ဖြင့် ဆောင်ရွက် ပေးသွားမည် ဖြစ်ကာ ခွင့်ပြုချက် ကိုလည်း ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန နှင့် ညှိနှိုင်း သဘော တူညီမှု ရရှိ ထားသည်။

''အဓိက အဖွဲ့ကြီး ငါးဖွဲ့အထိုင် လုပ်မယ်။ အဲဒီအဖွဲ့ အောက်မှာ အဖွဲ့ငယ် ၁၁ ဖွဲ့က နယ်လှည့်ပြီး စာရင်းကောက်မယ်။ မတ်လအတွင်း အပြီး ဆောင်ရွက် နိုင်အောင် လုပ်သွားမယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထိုင်းနိုင်ငံ မှလည်း တရားမဝင် မြန်မာ အလုပ်သမား များအား ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်တွင် စတင်ဖမ်းဆီး မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာ ထားသည်။ တရားမဝင် မြန်မာ အလုပ်သမား များအား ဖမ်းဆီး၍ ပြည်နှင်ဒဏ် ပေးရာတွင် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်း များသို့ ဆက်သွယ်ပြီး အဆင့်ဆင့် လွှဲပြောင်း ပေးရန်လည်း သဘောတူ ညှိနှိုင်းမှု အောင်မြင် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာ အလုပ်သမား များအား ယာယီနေထိုင် အလုပ်လုပ်ကိုင် ခွင့်လက်မှတ် ထုတ်ပေးနိုင်ရန် ထိုင်းအစိုးရမှ တရားဝင် ဖိတ်ခေါ်ရာတွင် ခြောက်သိန်းကျော် လျှောက်ထားခဲ့ပြီး ယာယီ နေထိုင်လုပ်ကိုင်ခွင့် လက်မှတ်များ ထုတ်ပေးခဲ့ပြီး ဖြစ်သည်။ အဆိုပါ ယာယီနေထိုင် အလုပ်လုပ် ကိုင်ခွင့် လက်မှတ်သည် ထိုင်းနိုင်ငံအနှံ့ သွားရောက်နိုင်ပြီး ဖမ်းဆီးမှုများ ရှိလျှင် မြန်မာ အလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံ ဖုန်း- ၁၁၇၈ သို့ ဆက်သွယ် တိုင်ကြား နိုင်ရန် မြန်မာအသံဖြင့် ပြုလုပ်ပေး ထားကြောင်း သိရသည်။

အဆိုပါ ယာယီ နေထိုင် အလုပ်လုပ် ကိုင်ခွင့် လက်မှတ် ထုတ်ပေးထားသော အလုပ်သမား ခြောက်သိန်း ကျော်အား နိုင်ငံကူး လက်မှတ်၊ အလုပ်လုပ်ခွင့် ပါမစ်၊ ဗီဇာများကို ထုတ်ပေးရန် ထိုင်းနှင့် မြန်မာနိုင်ငံ ပူးပေါင်းပြီး တရားဝင် ဆောင်ရွက် ပေးမည် ဖြစ်သည်။ လတ်တလောတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန မှ ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာ အလုပ်သမား တစ်သန်းကျော် ခန့် ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/12/blog-post_35.html
ထိုင်းနိုင်ငံ ခရိုင် ၇၇ ခုတွင် အလုပ်လုပ်ကိုင်လျက် ရှိသော တရားမ၀င် မြန်မာလုပ်သားများ စာရင်းကောက်မည် ထိုင်းနိုင်ငံ ခရိုင် ၇၇ ခုတွင် အလုပ်လုပ်ကိုင်လျက် ရှိသော တရားမ၀င် မြန်မာလုပ်သားများ စာရင်းကောက်မည် Reviewed by သစ်ထူးလွင် on 15:48 Rating: 5
Powered by Blogger.