ကပ်ဘေးသဖွယ် ဖြစ်လာသော လိင်အကြမ်းဖက်မှု


လန်ဒန်၊ ဒီဇင်ဘာ ၈

ဗြိတိန်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ ခဲ့ရသူဦးရေမှာ ၁၁ သန်း ထက်မနည်း ရှိလာသည်ဟု အစိုးရ အကြံပေး ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

ကလေးများအပါအ၀င် အသက်အရွယ်စုံ ရာနှင့်ချီသော လူပေါင်းများစွာ အပေါ် ရုပ်သံတင်ဆက်သူ ဂျင်မီဆာဗီလ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြီး အဖြစ်မှန် ပေါ်ပေါက်ခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ အမျိုးသားအဆင့် ကျန်းမာရေး ကပ်ဘေးတစ်ရပ်သဖွယ် သဘောထားလျက် ထောက်ပံ့ကူညီ လှုပ်ရှားမှု လှိုင်းတံပိုးတို့လည်း တလိပ်လိပ် မြင့်တက်လာသည်ဟု ပညာရှင်များက သုံးသပ်သည်။

နာမည်ကြီးသူ အချို့လည်း လိင်အကြမ်းဖက်မှု ကျူးလွန်သူများစာရင်း ပါဝင်နေခြင်း ဖြစ်သည်။ ကျူးလွန်သူအများစုမှာ အကြမ်းဖက်ခံရသူများနှင့် နီးစပ် သိကျွမ်းသူများသာ ဖြစ်ကြသည်။

မာဆေးဆိုက်တွင် Lantern စီမံချက်ကို အကောင်အထည်ဖော်ခဲ့သည့် ဂရေဟမ်ဝီလ်မာက “တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူ စုစုပေါင်းကို စာရင်းကောက်ယူကြည့်တဲ့အခါ ၁၁ သန်းကျော် ရှိနေတယ်” ဟု ဆိုသည်။

အစိုးရသည် မစ္စတာဝီလ်မာကို မကြာသေးမီက ကလေးသူငယ် လိင်အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ခန့်အပ်ခဲ့သည်။ အဆိုပါ အဖွဲ့၏ စစ်တမ်းများအရ အသက် ၁၆ နှစ်အောက် ယောက်ျားလေး ၆ ဦးနှင့် မိန်းကလေး ၄ ဦးတို့တွင် တစ်ဦးနှုန်းစီ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရခြင်း ဖြစ်သည်။

“ဒီပြဿနာဟာ ပိုပိုပြီး ကြီးထွားလာနေတယ်၊ အကြမ်းဖက် ခံရသူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အထောက်အပံ့တွေ ပေးဖို့ လိုနေတယ်။ ဒီအကြမ်းဖက်မှုတွေက လူ့အဖွဲ့အစည်းကို တိုက်ရိုက် ထိခိုက်စေတယ်” ဟု ၎င်းက ဆိုသည်။

“ကလေးသူငယ် လိင်အကြမ်းဖက်မှုဟာ အမျိုးသားအဆင့် ကပ်ဘေးတစ်ခု ဖြစ်လာနေပါပြီ” ဟု ၎င်းက ထပ်လောင်း သတိပေးလိုက်သည်။

The Survivors Trust ဟူသော အဖွဲ့အစည်း အောက်ရှိ အဖွဲ့ပေါင်း ၁၃၀ ခန့်သည် နိုင်ငံတစ်ဝန်းမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ် ခံရသူများကို အကူအညီပေးလျက် ရှိသော်လည်း အချို့ဒေသများတွင် ထောက်ပံ့ကူညီမှုများ မရရှိကြသေးပေ။

မျှော်လင့်ချက်မဲ့နေသည့် လိင်အကြမ်းဖက် ခံရသူများအတွက် ဘ၀ ပြန်လည်ရပ်တည် အသက်မွေးနိုင်သည်အထိ လေ့ကျင့်ပျိုးထောင်ပေးရန် အကူအညီများ လိုအပ်နေကြောင်း ၎င်းကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရဖူးသည့် စိတ်ကျန်းမာရေးပညာရှင် ဘရိန်းမိုင်နော့တ်က ပြောကြားသည်။

“ကျွန်တော့်ရဲ့ အဖြစ်ကို ထုတ်ပြောဖို့ မရှက်ပါဘူး၊ စေတနာဝန်ထမ်းတွေရဲ့ အကူအညီတွေနဲ့ပဲ ဒီကိစ္စကို အဆုံးမသတ်နိုင်ဘူးလေ” ဟု ၎င်းက ဆိုသည်။

၎င်းသည် Leeds Trinity တက္ကသိုလ်နှင့်အတူတွဲဖက်၍ ကျောင်းသားများ၏ အကူအညီဖြင့် လိင်အကြမ်းဖက်မှု ခံရသူများကို ပြန်လည် ပြုစုပျိုးထောင်ရေးများ လုပ်ကိုင်လျက်ရှိသည်။

“ဥပဒေပြဋ္ဌာန်းရေးပိုင်းရယ်၊ ထောက်ပံ့ကူညီရေးပိုင်းရယ်မှာ မြှင့်တင် ဆောင်ရွက်လာတယ်၊ ဒါပေမဲ့ ကိန်းဂဏန်းတွေအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ အဆမတန် များနေတဲ့အတွက် ကျွန်တော်တို့ တစ်ခုခုတော့ လုပ်ဖို့ လိုအပ်လာနေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

ကျော်လင်းထွန်း

__Ref: Skynews
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကပ်ဘေးသဖွယ် ဖြစ်လာသော လိင်အကြမ်းဖက်မှု ကပ်ဘေးသဖွယ် ဖြစ်လာသော လိင်အကြမ်းဖက်မှု Reviewed by သစ်ထူးလွင် on 19:22 Rating: 5
Powered by Blogger.