ဆိုမာလီစစ်သွေးကြွလက်ချက်နဲ့ ကင်ညာမှာ ၃၆ ဦးသေဆုံး

ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဒီကနေ့ အစောပိုင်းမှာဖြစ်ပွားတဲ့ လူ ၃၆ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ ဆိုမာလီယားစစ်သွေးကြွအဖွဲ့ Al-Shabab က ပြောသွားပါတယ်။ Mandera မြို့နားက ကျောက်ကျင်းတခုအနီးမှာ တိုက်ခိုက်မှုဖြစ်ပွားတာပါ။

အလုပ်သမားတွေ သူတို့ရဲ့တဲအိမ်တွေထဲမှာ အိပ်ပျော်နေတဲ့အချိန် သေနတ်သမားက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ဆိုမာလီယားနိုင်ငံမှာ တိုက်ခိုက်ဖို့  ကင်ညာကနေ တပ်ဖွဲ့တွေ စေလွှတ်နေတဲ့အပေါ် ဒဏ်ခတ်တဲ့အနေနဲ့ သူတို့အဆို ကင်ညာ ဘာသာရေးစစ်ပွဲမှာ ပါဝင်နေသူတွေကို သတ်ဖြတ်တာလို့ Al-Shabab အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်တခုမှာ ဖော်ပြထားပါတယ်။

Al-Shabab အဖွဲ့ကို ဆိုမာလီယား မြို့ကြီးတွေကနေ မောင်းထုတ်နိုင်အောင် ကြိုးပမ်းတဲ့အနေနဲ့ အာဖရိကနိုင်ငံပေါင်းစုံပါဝင်တဲ့ တပ်ဖွဲ့တွေရဲ့ တစိတ်တဒေသအဖြစ် ကင်ညာတပ်ဖွဲ့တွေဟာ ၂၀၁၁ ခုနှစ်ကတည်းက ဆိုမာလီယားနိုင်ငံမှာ ရောက်ရှိနေတာပါ။

ကင်ညာနိုင်ငံတပ်ဖွဲ့တွေ ဆိုမာလီယားနိုင်ငံထဲကနေ ပြန် မရုပ်သိမ်းဘူးဆိုရင် နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ စစ်သွေးကြွတွေက ကင်ညာအစိုးရကို သတိပေးထားပြီး တိုက်ခိုက်မှုတွေကို မကြာခဏ ဆိုသလို ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက Al-Shabab သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် နိုင်ငံ အရှေ့မြောက်ပိုင်းမှာပဲ လူ ၂၈ ယောက် သေဆုံးခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2542325.html


ဆိုမာလီစစ်သွေးကြွလက်ချက်နဲ့ ကင်ညာမှာ ၃၆ ဦးသေဆုံး ဆိုမာလီစစ်သွေးကြွလက်ချက်နဲ့ ကင်ညာမှာ ၃၆ ဦးသေဆုံး Reviewed by သစ်ထူးလွင် on 21:01 Rating: 5
Powered by Blogger.