အဲအေးရှား လေယာဉ် အလောင်းများ ဆယ်ယူရေး ရာသီဥတု ဆိုးရွား၍ အဟန့်အတား ရှိနေ

လေယာဉ် အပျက်အစီး အပိုင်းအစများ သယ်ဆောင်လာစဉ်
ဆူရာဘာယာ၊ ဒီဇင်ဘာ ၃၁

တနင်္ဂနွေနေ့က ဂျာဗားပင်လယ်အတွင်း အဲအေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် QZ8501 ပျက်ကျသွားစဉ် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများ ပြန်လည်ဆယ်ယူရေး ဆောင်ရွက်ရာတွင် ရာသီဥတုဆိုးရွားပြီး လှိုင်းကြီးနေ၍ အဟန့်အတား ရှိနေသည်။

ဘော်နီယိုကျွန်းအနီး ပင်လယ်ရေပြင်တွင် လေယာဉ်၏ အပျက်အစီးအပိုင်းအစများ တွေ့ရှိရကြောင်းနှင့် လူသေအလောင်း ၆ လောင်းကို ပြန်လည် ဆယ်ယူထားနိုင်ပြီကြောင်း အင်ဒိုနီးရှား အဏာပိုင်များက အတည်ပြုထားသည်။

Airbus မှ ထုတ်သည့် A320-200 အမျိုးအစား အဆိုပါ လေယာဉ်သည် လူပေါင်း ၁၆၂ ဦးလိုက်ပါလျက် ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းနေစဉ် တနင်္ဂနွေနေ့ နံနက်ပိုင်းက ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အလောင်းဆယ်ယူရေးအတွက် သင်္ဘောနှင့် ရဟတ်ယာဉ် အများအပြား သုံးစွဲ၍ ရှာဖွေမှုကြီး တစ်ရပ်ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။

"ဒီဆုံးရှုံးမှုကြောင့် ၀မ်းနည်းကြေကွဲမိပါတယ်၊ ကျန်ရစ်သူ မိသားစုတွေကို ခံနိုင်ရည် ခွန်အား ရှိနေစေဖို့ တောင်းဆုပြုပါတယ်" ဟု ၎င်းက ဆူရာဘာယာမြို့တွင် ပြောကြားခဲ့သည်။

ယနေ့နံနက် အရုဏ်တက် မတိုင်မီ အချိန်တွင် နိုင်ငံပေါင်းစုံမှ လေယာဉ်များက ပင်လယ်ပြင်ထက် ပျံဝဲလျက် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး အလောင်းများနှင့် လေယာဉ်၏ အချက်အလက်မှတ်တမ်းများ သိုမှီးရာ "Black Box" ကို ရှာဖွေရန် တပ်ဖြန့်ထားခဲ့သည်။

အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီမှ အကြီးအကဲ ဘမ်ဘန်းက လက်ရှိတွင် လူသေအလောင်း ၆ လောင်းကို တွေ့ရှိထားပြီး ယင်းတို့အနက် အမျိုးသမီး တဦးမှာ အသက်ကယ် အင်္ကျီကို ၀တ်ဆင်ထားကြောင်း ပြောကြားသည်။

အလောင်းများကို အနီးဆုံး မြို့တမြို့ဖြစ်သည် ပန်ကာလန်ဘန်သို့ ရာသီဥတုအခြေအနေ ကောင်းမွန်လာသည်နှင့် သယ်ယူပို့ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

အင်ဒိုနီးရှားရေတပ်သည် ယမန်နေ့က လူသေအလောင်း ၄၀ အား ဆယ်ယူပြီး ဖြစ်သည်ဟု အစီရင်ခံခဲ့သော်လည်း ပြောရေးဆိုခွင့်ရှိသူ မန်နာဟန်က ယင်းကိန်းဂဏန်းမှာ မိမိ လက်အောက်မှ အရာရှိ၏ မှားယွင်း ပြောဆိုမိခြင်းသာ ဖြစ်သည်ဟု AFP သတင်းအေဂျင်စီသို့ ပြန်လည် ရှင်းလင်းထားသည်။

ကျော်လင်းထွန်း
__Ref: BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အဲအေးရှား လေယာဉ် အလောင်းများ ဆယ်ယူရေး ရာသီဥတု ဆိုးရွား၍ အဟန့်အတား ရှိနေ အဲအေးရှား လေယာဉ် အလောင်းများ ဆယ်ယူရေး ရာသီဥတု ဆိုးရွား၍ အဟန့်အတား ရှိနေ Reviewed by သစ်ထူးလွင် on 11:05 Rating: 5
Powered by Blogger.