လိပ်ကျွန်းလူသတ်မှု လာမည့် ၂၀၁၅ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဆက်လက်စစ်ဆေးမည်


ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း ခေါ် ခိုတောင်ကျွန်း လူသတ်မှုနဲ့ပတ်သက်လို့ ကော်စမွီခရိုင်တရားရုံးမှာ ဒီကနေ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်း ၂ ဦးကို တရားစွဲဆိုပြီး စတင်စစ်ဆေးရာမှာ ၂ ဦးစလုံးက ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ထွက်ဆိုသွားခဲ့ကြပတါယ်။

စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ထိုင်းရဲက သူတို့နှစ်ဦးကို အောက်တိုဘာ ၂ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပြီးခဲ့တဲ့ သောကြာနေ့ကတော့ တရားရုံးကို အမှုတွဲတင်ခဲ့ရာက ဒီကနေ့မှာတော့ စတင်စစ်ဆေးပါတယ်။

သူတို့ ၂ ဦးကို ဒီမနက် ၁၁ နာရီက ရုံးထုတ်ခဲ့စစ်ဆေးတယ်လို့ တရားခွင်ကို ရောက်ရှိတဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ကိုမိုးဝေက ပြောပါတယ်။

“တရားသူကြီးက သူတို့ကို စွဲဆိုထားတဲ့ ပြစ်မှု ၇ ခုဖတ်ပြတယ်ခင်ဗျ။ အဲဒါတွေကို ၀န်ခံမှာလား ငြင်းမှာလားလို့ မေးပါတယ်။ တကယ်လုပ်ရင် ၀န်ခံဖို့၊ ၀န်ခံတယ်ဆိုရင် ပြစ်ဒဏ်လျော့ပေါ့သွား မယ်လို့ ပြောတယ်။ ငြင်းလို့လဲရတယ် တရားခံတွေမှာ ငြင်းဆိုပိုင်ခွင့်ရှိတယ်။ စွဲဆိုထားတဲ့ အချက်အလက်တွေ အမှန်မဟုတ်ဘူးဆိုရင် တရားရုံးက တခါတည်း အမှုကို ရုတ်သိမ်းပေးတာတွေ ရှိတယ်။ ပြစ်မှုသက်သေတွေခိုင်လုံရင်တော့ ထောင်ချခံရမယ်လို့ တရားသူကြီးက ပြောတယ်ခင်ဗျ၊ ကလေး ၂ ယောက်ကတော့ စွဲဆိုချက်တိုင်းကို ငြင်းပယ်ခဲ့ပါတယ်။”

တရားခွဲကို ရောက်ရှိတဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ထိမ်ချန်မှု၊ ပူးပေါင်းကြံစည်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှု၊ ဆက်လက်နေထိုင်မှုတွေနဲ့ စွဲဆိုပြီး အမှုကို လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကို ရုံးချိန်းလိုက်တယ်လို့ သူက ပြောပါတယ်။

လူငယ် ၂ ဦး အာမခံရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်နေပေမယ့် ဒီကနေ့တော့ မတင်ဖြစ်သေးဘူးလို့ ကိုမိုးဝေက ပြောပါတယ်။

ဒီကနေ့ တရားရုံးကို မြန်မာသံရုံးအထူးအဖွဲ့က သံရုံးအတွင်းဝန် ဦးထွန်းအေး၊ ရှေ့နေ ဦးအောင်မျိုးသန့်၊ ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်သောင်း နဲ့ ထိုင်းရှေ့နေ ၃ ဦး၊ ရခိုင်အမျိုးသားကွန်ရက်အဖွဲ့က စုစုပေါင်း ၈ ဦး သွားရောက်ကြားနာခဲ့ပါတယ်။

မွန်းလွဲပိုင်းမှာတော့ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ မိဘတွေရဲ့ ထုတ်ပြန်ချက်ကို တရားသူကြီးက ဖတ်ပြမယ်လို့ ကိုမိုးဝေက ပြောပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/73240
လိပ်ကျွန်းလူသတ်မှု လာမည့် ၂၀၁၅ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဆက်လက်စစ်ဆေးမည် လိပ်ကျွန်းလူသတ်မှု လာမည့် ၂၀၁၅ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဆက်လက်စစ်ဆေးမည် Reviewed by သစ်ထူးလွင် on 15:57 Rating: 5
Powered by Blogger.