မြစ်ဆုံ တွင် ငွေကျပ် ၁၁၁ သိန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းနှင့် ငွေများခိုးခံရ


မိုးမိတ် ၊ ၅-၁၂-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာ တွင် ငွေကျပ် ၁၁၁ သိန်း တန်ဖိုးရှိ ရွှေထည်ပစ္စည်း နှင့် ငွေများ ခိုးယူခံခဲ့ ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက် နံနက် ၃ နာရီခန့်က မင်းမင်းသူ (ဘ) ဦးမျိုးပိုင် မြစ်ဆုံကျေးရွာ မိုးမိတ်မြို့ နေသူသည် ဇနီးဖြစ်သူ မရီရီထွန်း နှင့်အတူ နေအိမ် ဈေးဆိုင်အတွင်း အိပ်နေစဉ် ၄င်းနေ့ နံနက် ၃ နာရီခန့်က ဈေးဆိုင် အတွင်းမှ လှုပ်ရှားမှု အသံကြား၍ ဓာတ်မီးဖြင့် ထိုးကြည့်စဉ် ဈေးဆိုင်ခြေရင်း မှ လူတစ်ဦး ထွက်သွား သည်ကို မြင်တွေ့ ရသဖြင့် သူခိုးဟု ဆိုပြီး အိမ်နီးချင်း များကို အော်ဟစ် အကူအညီ တောင်းရာ ဝိုင်းဝန်းဖမ်းဆီး ကြသော်လည်း သူခိုးမှာ ထွက်ပြေး လွတ်မြောက် သွားကြောင်း၊ ၄င်း ထွက်ပြေးသွား သူမှာ ဓာတ်မီးဖြင့် ကြည့်စဉ်က အစိမ်းရောင် အင်္ကျီလက်ရှည် ဝတ်ဆင် ထားကြောင်း၊ ဈေးဆိုင် ထရံပေါက်တွင် ကတ္တီပါ အညိုရောင် ဖိနပ်တစ်ရန်၊ သံတူရွင်း တစ်ချောင်း၊ ဂက်စ်မီးခြစ် တစ်လုံး တို့ကို တွေ့ရှိ၍ ၄င်း သက်သေခံ ပစ္စည်းများမှာ အဆိုပါ ကျေးရွာနေ တာတေ စီးသောဖိနပ် ဖြစ်နေကြောင်း သိရသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစီးကာ တာတေ ၏ နေအိမ်သို့ သွားရောက် ဖမ်းဆီးရာ တာတေ မှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း သိရသည်။

ဆိုင်ရှင်ဖြစ်သူမှ အိမ်နှင့်ဈေးဆိုင် အတွင်း စစ်ဆေးရာ ရွှေလက်ကောက် တစ်ကွင်းလျှင် (ငါးကျပ်သား) ခန့်ရှိသုံးကွင်း ငွေကျပ် ၇၅ သိန်း၊ တစ်ကျပ်သား ရွှေလက်စွပ် ငါးကွင်း၊ ငွေကျပ် ၂၅ သိန်း၊ တစ်ကျပ်သား ရွှေဟန်းချိန်း တစ်ကွင်း ငွေကျပ် ငါးသိန်း၊ ငွေသား ခြောက်သိန်း စုစုပေါင်း ငွေကျပ် ၁၁၁ သိန်း အခိုးခံ ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ထွက်ပြေး တိမ်းရှောင် သွားသူ တာတေ ကို မိုးမိတ်မြို့မ ရဲစခန်းက (ပ)၆၇/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၄ဝ၄)

#PyiChitThar
http://www.pyichitthar.com/2014/12/blog-post_30.html

မြစ်ဆုံ တွင် ငွေကျပ် ၁၁၁ သိန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းနှင့် ငွေများခိုးခံရ  မြစ်ဆုံ တွင် ငွေကျပ် ၁၁၁ သိန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းနှင့် ငွေများခိုးခံရ Reviewed by သစ်ထူးလွင် on 10:55 Rating: 5
Powered by Blogger.