ဂျီအီးတပ်ဝင်းထဲ၌ သေနတ်ပစ်ခတ်မှု တရားစွဲရန် ပြင်ဆင်


ရန်ကုန် ဒီဇင်ဘာ ၁၅

ရန်ကုန်မြို့မ ကျောင်းလမ်းပေါ်ရှိ စစ်အင်ဂျင်နီယာတပ် (၉၅၄ ဂျီအီးတပ်)အတွင်း၌ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်မှုတစ်ခု ဖြစ်ပေါ်ခဲ့ ခြင်းကို တရားစွဲရန် စီစဉ်နေကြောင်း အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဝင်းကြည် က ပြောကြားသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်းကျော်ဘ၏သား ဖြစ်သူက နိုဝင်ဘာ ၂၇ရက် နံနက်ပိုင်းတွင် ဒဂုံမြို့နယ်မြို့မ ကျောင်းလမ်းရှိ အမှတ်(၉၅၄) ဆောက်လုပ်ရေး အင်ဂျင်နီယာ(GE)တပ်ဝင်းအတွင်းသို့ ကိုယ်ပိုင် ယာဉ်ဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ကို ပစ်ဖောက်ခဲ့သည့် အပေါ် ၄င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

သေကြောင်းကြံစည်မှု၊ အကျိုးဖျက်ဆီးမှု၊ ဝတ္တရားနှောင့်ယှက်မှု၊ လက်နက်မှုစသည်တို့ဖြင့် တရားစွဲရန် ပြင်ဆင်နေပြီး ဥပဒေအကြံပြု ချက်တောင်းခံထားကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

တပ်မတော်ထိပ်တန်း အရာရှိဟောင်း တစ်ဦး၏သားဖြစ်သူ ပါဝင် ပတ်သက်နေသော ပစ်ခတ်မှုနှင့် ပတ်သက်ပြီး လျှို့ဝှက် ဖြစ်သောကြောင့် ပြောဆိုခွင့် မရှိသေးကြောင်း ပြည်အရှေ့ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

''ဒီအမှုအကြောင်းကိုတော့ ကျွန်တော် တို့ပြောလို့မရဘူး''ဟု ဒဂုံရဲစခန်းမှတာဝန်မှူးကပြောသည်။ပစ်ခတ်မှုများကြောင့် ဒဏ်ရာရမှုရှိခဲ့ပြီး တစ်ဦးကိုဆေးရုံတင် ထားပြီး အမှုတွင်ပါဝင်သူအခြားတစ်ဦးကို အချုပ်ထဲတွင် ထိန်းသိမ်း ထားရှိကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှစခန်းမှူး ဒုရဲမှူးသောင်းစိန်က ဆိုသည်။

ဥပဒေအကြံပြုချက်ရရှိသည်နှင့်တစ်ပြိုင်နက် တရားစွဲဆို သွားမည်ဖြစ်ပြီး အမှုတွင်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး၏သား တစ်ယောက်ပါဝင်နေမှုကိုမူစခန်းမှူးက ဖြေဆိုရန်ငြင်းဆိုထားသည်။

နိုဝင်ဘာ ၂၇ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၏ သားဖြစ်သူ သည် GE တပ်သို့ ရောက်ရှိ ခဲ့သော ကြောင့် ဂိတ်ဝရှိ ကင်းတာဝန်ကျနေ သူက တားဆီး စစ်ဆေး စဉ်ယာဉ်ကို တပ်အတွင်းသို့ အတင်းမောင်းနှင် ဝင်ရောက်ကာ အိမ်ထောင်သည်လိုင်းခန်းရှေ့တွင် ပစ္စတိုသေနတ်ကို မိုးပေါ်ထောင်ကာနှစ်ချက်ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်။

မိုးပေါ်ထောင် သေနတ်ပစ်ဖောက်ခဲ့သူကို GE တပ်ခွဲမှစစ်သည် များက လုံးထွေးဖမ်းဆီးခဲ့သောကြောင့် ဖူးရောင်ဒဏ်ရာ များရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိမျက်နှာနှင့်မေးရိုးဌာနတွင် ဆေးကုသ မှုခံယူနေရကြောင်း၊ ၄င်းမောင်းနှင်လာသောကိုယ်ပိုင်ယာဉ်ကိုစစ်ဆေး ခဲ့ရာမှ ဗျောက်အိုး၊ ရှူးဒိုင်းများနှင့်အတူပစ္စတိုသေနတ်တစ်လက်၊ ကျည်ကတ်တစ်ကတ်၊ ခေါက်ဓားတစ်ချောင်းနှင့် စတီးတုတ်ချောင်း တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း ဒဂုံမြို့မရဲတပ်ဖွဲ့မှသိရသည်။

မောင်မျိုး
The Union Daily
http://uniondaily.net/News/DetailView.aspx?id=6155&path=LatestNews.aspx
ဂျီအီးတပ်ဝင်းထဲ၌ သေနတ်ပစ်ခတ်မှု တရားစွဲရန် ပြင်ဆင် ဂျီအီးတပ်ဝင်းထဲ၌ သေနတ်ပစ်ခတ်မှု တရားစွဲရန် ပြင်ဆင် Reviewed by သစ်ထူးလွင် on 14:56 Rating: 5
Powered by Blogger.