ATM ငွေထုတ်စက်များမှ ငွေလိမ်လည်ထုတ်ယူသူ နိုင်ငံခြားသားငါးဦးအား ဖမ်းဆီးအရေးယူ


နေပြည်တော် ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်း ဒေသကြီး မြို့နယ် အချို့ရှိ ပုဂ္ဂလိက ဘဏ်များ၏ ATM ငွေထုတ်စက်များတွင် နိုင်ငံခြားသား အချို့က ငွေထုတ်ကတ်အတု အသုံး ပြု၍ ငွေများ လိမ်လည်ထုတ်ယူနေ ကြောင်း ပြည်သူများ၏ သတင်းပေး ချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဘဏ်မှ တာဝန်ရှိသူများ က စောင့်ကြည် ဖော်ထုတ်ဖမ်းဆီး ခဲ့ရာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၂ ရက် တွင် နိုင်ငံခြားသား တစ်ဦးက ငွေထုတ် ကတ်အတုဖြင့် ငွေထုတ်ယူနေစဉ် ဖမ်းဆီး ရမိခဲ့သည်။

စစ်ဆေးဖော် ထုတ်ချက်များအရ ၄င်းနှင့်အတူ အခြားနိုင်ငံခြားသား လေးဦးတို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကဘဏ် ခြောက်ခု၏ ATM ငွေထုတ်စက်များမှ ၅၈ ကြိမ် ထုတ်ယူခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့ သည်။ ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသား လေးဦးအား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ငွေထုတ်ကတ်အတု ၃၅ ကတ်၊Memory Card နှစ်ခု၊iPad တစ်ခု၊Laptop ကွန်ပျူတာ တစ်ခုနှင့် မြန်မာငွေကျပ် ၂၅၂ သိန်း ကျော်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။

ပြစ်မှုကျူးလွန်သူများသည် ပြည်ပ မှ ငွေထုတ်ကတ် ကုတ်နံပါတ်များကို နည်းပညာဖြင့် ရယူခဲ့ပြီး ငွေထုတ် ကတ်အတုပြုလုပ်ကာ မြန်မာနိုင်ငံ အတွင်းရှိ ATM ငွေထုတ်စက်များမှ ငွေများလိမ်လည်ထုတ်ယူခဲ့ကြခြင်းဖြစ် ကြောင်း၊ ယင်းငွေထုတ်ကတ်အတု များဖြင့် ထုတ်ယူခဲ့ကြသော ငွေများမှာ မြန်မာနိုင်ငံသား ငွေစုရှင်များ၏ အစု ရှယ်ယာများနှင့် ပုဂ္ဂလိကဘဏ် အသီးသီးတို့မှ ထိခိုက်နစ်နာမှုမရှိဘဲ စိစစ်ဆဲအခြားနိုင်ငံခြားသားများ၏ ငွေစာရင်းများ(Account) များနှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကဘဏ်တို့နှင့် ချိတ်ဆက်ထားသည့်VISA ကုမ္ပဏီ တို့မှ ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း စိစစ် တွေ့ရှိရသည်။

ATM ငွေထုတ်စက် များသည် သက်ဆိုင်ရာနိုင်ငံခြား ငွေကြေးအဖွဲ့အစည်းများမှ တာဝန် ယူ တပ်ဆင်ပေးသော စက်များသာ ဖြစ်ပြီး အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ဘဏ်များ၏ အားနည်း ချက်ကြောင့်မဟုတ်ဘဲATM ငွေ ထုတ်စက်များ၏ အားနည်းချက် ကြောင့်ဖြစ်ရာ အဆိုပါအားနည်းချက် များအပေါ် အခွင့်ကောင်းယူပြီး နည်းပညာကျွမ်းကျင်သည့် နိုင်ငံခြား သားပြစ်မှုကျူးလွန်သူများက ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ပြည်သူ များ၏ သတင်းပေးဆောင်ရွက်မှုအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဘဏ်များမှ တာဝန်ရှိသူများ ပူးပေါင်း စုံစမ်းဖော်ထုတ်ခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်ခဲ့သူများမှ ဖမ်းဆီးရမိသူ များဖြစ်သည့် အင်္ဂလန်နိုင်ငံသားMr. Niranjan Rasalin gam၊ အိန္ဒိယနိုင်ငံသားMr.Mathiyalagan Rajkumar၊ Mr.Pandian Balu နှင့်Mr. Muthaya Dinsh Kumar တို့ လေးဦးနှင့် တရားခံပြေး အိန္ဒိယနိုင်ငံ သား Mr.Sajagan Mohamed Arif တို့အပေါ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သက်ဆိုင်ရာရဲစခန်းများ၌ ပြစ်မှုဆိုင်ရာ ဥပဒေ၊အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနှင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေး(လတ်တလော ပြဋ္ဌာန်း ချက်များ) အက်ဥပဒေတို့အရ အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

အလားတူ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ပုဂ္ဂလိကဘဏ်တစ်ခု၏ ATM ငွေထုတ်စက်အနီး၌ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် တာဝန်ရှိ သူများနှင့်အတူ စောင့်ကြပ်ကြည့်ရှု လျက်ရှိစဉ် နိုင်ငံခြားသားတစ်ဦးအား မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် ခေါ်ယူ စစ်ဆေးခဲ့ရာ ATM ငွေထုတ်စက်တွင် ငွေထုတ်ကတ်အတုဖြင့် ငွေထုတ်ယူ နိုင်ရန် ကြံစည်နေကြောင်းစစ်ဆေး တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်ခဲ့ သည်။

ယင်းဖြစ်စဉ်တွင် ပြစ်မှု ကျူးလွန်သူ နိုင်ငံခြားသားမှာ ဘူလ်ဂေး ရီးယားနိုင်ငံသားMr.Dimo Velinov Ivanov ဖြစ်ပြီး ၄င်းနှင့် အတူ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်Memory Card တစ်ခုစီပါဝင်သော ဆားကစ်နှစ်ခု၊ ဘက်ထရီအသေး နှစ်ခု၊ ကပ်ခွာပြုလုပ်နိုင်သည့် သတ္တုပြား နှစ်ခု၊Magnetic Card Scanner/Reader တစ်ခု၊ Dimo Ivanov အမည်ပါ Visa Card တစ်ခု၊Master Card တစ်ခုတို့နှင့်အတူ လက်ကိုင် ဖုန်းတစ်လုံး၊ ဘက်စုံသုံးဓားတစ် ချောင်း၊ မြန်မာငွေ ကျပ် ၁၇၁ဝဝ ကျပ်၊ အမေရိကန်ဒေါ်လာ ၁ဝဝ တန် တစ်ရွက်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ၄င်းအား ပြစ်မှုဆိုင်ရာဥပဒေ၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနှင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီး ကြပ်ရေး(လက်တလောပြဋ္ဌာန်းချက် များ)အက်ဥပဒေတို့အရ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ သတင်း ဆက် စိစစ်ဖော်ထုတ်ခဲ့ရာ ၄င်းနှင့် အတူပြစ်မှုကျူးလွန်ရန် အတူပါဝင် ကြံစည်ဆောင်ရွက်ခဲ့သူ ဘူလ်ဂေး ရီးယားနိုင်ငံသားMr.Shmandurov Andan Jvinov က ပါဝင်ပတ်သက် မှုရှိကြောင်း ဖော်ထုတ်သိရှိရပြီး တိမ်းရှောင်ထွက်ပြေးလျက်ရှိကြောင်း စိစစ်သိရှိရသည်။

သို့ပါ၍ အထက်ဖြစ်စဉ်နှစ်ခု ကျူးလွန်ခဲ့ရာတွင် ပြည်သူများ၏ သတင်းပေးချက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာဘဏ်များမှ တာဝန် ရှိသူများ၏ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ မှုကြောင့် ပြစ်မှုကျူးလွန်သူအင်္ဂလန်နိုင်ငံသားတစ်ဦး၊ အိန္ဒိယနိုင်ငံသား သုံးဦးနှင့် ဘူလ်ဂေးရီးယားနိုင်ငံသား တစ်ဦး စုစုပေါင်းနိုင်ငံခြားသား ငါးဦး အား ပြစ်မှုကျူးလွန်ရာတွင် အသုံး ပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံခြားသား တရားခံ နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိသည်။

ATM ငွေထုတ်စက်စနစ်များသည် မြန်မာနိုင်ငံ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားကုမ္ပဏီဖြစ်သည့် VISA ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်သည့် ငွေထုတ်စနစ်ဖြစ်ပြီး ATM စက်နှင့် နည်းပညာရပ်များကို သက်ဆိုင်ရာVISA ကုမ္ပဏီမှ တာဝန်ခံတပ်ဆင် ခဲ့ခြင်းဖြစ်ကြောင်း၊ အရည်အသွေးနှင့် လုံခြုံမှုအားနည်းသော ATM စက်နှင့် နည်းပညာရပ်များ၏ အားနည်းချက် များကို ဖော်ထုတ်သုံးသပ်ပြီး နောင် အလားတူ ထပ်မံမဖြစ်ပွားစေရေး အတွက် မြန်မာနိုင်ငံပုဂ္ဂလိကဘဏ် တို့နှင့် ချိတ်ဆက်ထားသည့် VISA ကုမ္ပဏီမှ ခေတ်မီ ATM ငွေထုတ်စက် များဖြင့် အစားထိုးလဲလှယ်နိုင်ရေး နှင့် လုံခြုံမှုစနစ်ပိုမိုကောင်းမွန်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အပြည်ပြည်ဆိုင်ရာရဲအဖွဲ(INTER POL)၊ သက်ဆိုင်ရာနိုင်ငံများ၊ ကုမ္ပဏီများနှင့် ပုဂ္ဂလိကဘဏ်များ မှ တာဝန်ရှိသူများ ပူးပေါင်း၍ သတင်းဆက်တရားခံများအား စုံစမ်း ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ATM ငွေထုတ်စက်များမှ ငွေလိမ်လည်ထုတ်ယူသူ နိုင်ငံခြားသားငါးဦးအား ဖမ်းဆီးအရေးယူ ATM ငွေထုတ်စက်များမှ ငွေလိမ်လည်ထုတ်ယူသူ နိုင်ငံခြားသားငါးဦးအား ဖမ်းဆီးအရေးယူ Reviewed by သစ်ထူးလွင် on 02:05 Rating: 5
Powered by Blogger.