KNU ထံမှ ခိုးယူလာသည်ဟုဆိုသောလက်နက်ကို ရေးမြို့မ ရဲစခန်းသို့ လာရောက်အပ်နှံ

အီတလီ နိုင်ငံလုပ် BERETTA အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ကျည်ကပ်နှစ်ခုနှင့် ၉-မမ ကျည် ၂၇ တောင့်တို့ကို ရေးမြို့မ ရဲစခန်းသို့ နိုဝင်ဘာ လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ကောင်းမြတ်ကို ဆိုသူက လာရောက်အပ်နှံခဲ့သည်ဟု ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရေးမြို့နယ်၊ အဘော်ကျားတန်းရပ်ရှိ ငါးဖမ်းစက်လှေတွင် လုပ်ကိုင်နေသူ အသက် ၂၂ နှစ်ရှိ ကောင်းမြတ်ကို (ခ) စောကောင်းမြတ်သည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ လက်ပံတောကျေးရွာ ဇာတိ ဖြစ်ကြောင်း၊ ၄င်းလက်နက်နှင့် ကျည်ဆံများကို ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ဝင် “အားမူ” ဆိုသူထံမှ ခိုးယူလာခြင်း ဖြစ်ကြောင်း စစ်ဆေးမေးမြန်းရာတွင် ကောင်းမြတ်ကိုက ထွက်ဆိုသည်။

ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က “စောကောင်းမြတ် နာမည်နဲ့ ထုတ်ပေးထားတဲ့ အမေရိကန် ခရီးသွားခွင့်လက်မှတ်ကို KNU က အားမူဆိုတဲ့ လူက ဖျောက်ဖျက်ပစ်လိုက်တယ်။ ဒါကို မကျေနပ်လို့ အားမူ အိပ်ပျော်ချိန်မှာ ခိုးယူလာတယ်လို့ စစ်ဆေးချက်အရ သိရတယ်” ဟု ပြောသည်။

ကောင်းမြတ်ကိုသည် ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်းမှ ကော့ကရိတ်မြို့သို့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထွက်ပြေးရောက်ရှိလာပြီး ထိုမှတဆင့် မော်လမြိုင်၊ ရေးမြို့သို့ ရောက်ရှိလာခဲ့ကြောင်း၊ တက္ကစီသမားတစ်ဦး၏ ခေါ်ဆောင်မှုကြောင့် ရေးမြို့နယ်၊ အဘော်ကျားတန်းရပ်ရှိ ရေလုပ်ငန်းရှင် ဦးဝင်းကျော်၏ ငါးဖမ်းစက်လှေဖြင့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပင်လယ်ပြင်သို့ လိုက်ပါခဲ့ကြောင်း စစ်ဆေးမေးမြန်းရာတွင် ထွက်ဆိုသည်။

ゞင်းဝှက်သိမ်းထားသည့် လက်နက်နှင့် ကျည်များကို သက်ဆိုင်ရာသို့ အပ်နှံလိုကြောင်း ပြသပြောဆိုခြင်းကြောင့် ပင်လယ်ပြင်မှ စက်လှေဖြင့် ခေါ်ဆောင်ကာ မြို့နယ်ရဲစခန်းသို့ လိုက်ပါအပ်နှံပေးခဲ့ကြောင်း ရေလုပ်ငန်းရှင် ဦးဝင်းကျော် က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရေးမြို့မ ရဲစခန်းမှူး ဒုရဲမှူးပြုံးချိုက သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားရှိပြီး အထက်အဖွဲ့အစည်းများထံ ညွှန်ကြားချက်များ ပေးနိုင်ရေးအတွက် ဆက်လက်တင်ပြထားကြောင်း သိရသည်။

လာရောက်အပ်နှံသည့် လက်နက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ဝင်၏ လက်နက် ဟုတ် မဟုတ်နှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရရှိသေးပေ။

လက်ရှိတွင် ကောင်းမြတ်ကိုအား ထပ်မံစစ်ဆေးရန်အတွက် ရေးမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

ရေးသားသူ: အာကာ
လွတ်လပ်သော မွန်သတင်း အေဂျင်စီ
http://burmese.monnews.org

ရေးမြို့ခံများနှင့် ရဲမှူးမြင့်သော် တွေ့ရစဉ်(IMNA)

KNU ထံမှ ခိုးယူလာသည်ဟုဆိုသောလက်နက်ကို ရေးမြို့မ ရဲစခန်းသို့ လာရောက်အပ်နှံ  KNU ထံမှ ခိုးယူလာသည်ဟုဆိုသောလက်နက်ကို ရေးမြို့မ ရဲစခန်းသို့ လာရောက်အပ်နှံ Reviewed by သစ်ထူးလွင် on 02:30 Rating: 5
Powered by Blogger.