အမှတ်(၃ဝ၂)အစုန်ကုန်ရထားနှင့် ဘုရားဖူးယာဉ်တိုက်မိ

ပဲခူး နိုဝင်ဘာ ၂၅

နိုဝင်ဘာ ၂၄ ရက် နံနက် ၃ နာရီခွဲက ပဲခူးတိုင်း ဒေသကြီး ဝေါမြို့ အရှေ့ဘက်ကမ်းရပ်ကွက် ရန်ကုန်- မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၇၁/၇)နှင့်(၇၂/ဝ)အကြား၊ ရန်ကုန်-မော်လမြိုင်ရထားလမ်းကြေးနန်း မိုင်တိုင် အမှတ်(၆၃/၂ဝ)နှင့်(၆၃/၂၁)အကြား ရထားသံလမ်းကူး ၌ မုတ္တမမှ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့သို့ ထွက်ခွာလာသည့် စက်ခေါင်းတွဲမှ ဂါတ်ဗိုလ်တွဲအထိ တွဲ(၂၆)တွဲပါ အမှတ်(၃ဝ၂) အစုန်ကုန်ရထား၊ စက်ခေါင်း အမှတ်DF.၁၂၂၇ စက်ခေါင်းမောင်း ဦးသန်းဝင်း(၄၉)နှစ် မော်လမြိုင်မီးရထား ဝန်ထမ်းအိမ်ရာနေသူနှင့် ဂါတ်ဗိုလ် ဦးအေးနိုင်(၃၈)နှစ်တို့ မောင်းနှင်လာသည့် ကုန်ရထားမှ ကားလမ်းအား ဖြတ်သန်းမောင်းနှင်စဉ် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ညောင်ပင်လေးဈေးရှိ MPM ဘော်ဒါဆောင်မှ ကျောင်းသား ကျောင်းသူများ နှင့် ဆရာ ဆရာမ စုစုပေါင်း ၄၃ ဦး တင်ဆောင်၍ ရန်ကုန်မြို့မှ ကျိုက်ထီးရိုးဘုရားဖူးရန်အတွက် ယာဉ်မောင်း လှိုင်မြင့်ထွန်း(၃၅)နှစ် မင်္ဂလာဒုံမြို့နယ်နေသူ မောင်းနှင် သည့် 2G/---- ဖူဆိုမှန်လုံယာဉ်မှာ ရထားသံလမ်းကူး ဂိတ်ပိတ်တံခါးပိတ်ထားခြင်းမရှိသည့်အတွက် အမှတ် (၃ဝ၂)အစုန်ကုန်ရထား၏ စက်ခေါင်းအား ဝင်ရောက် တိုက်မှုဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် နံနက် ၃ နာရီခွဲမှ ၄ နာရီထိ ကားလမ်းနှင့် ရထားလမ်း ခေတ္တပိတ်သွားခဲ့ပြီး ယာဉ်ပေါ်ပါ လှိုင်မြင့်ထွန်း (၃၅)နှစ်၊ ဒေါ်ဝင်းမြင့် (၆၃)နှစ် ကျောင်း ဆရာမ(ငြိမ်း) သင်္ကန်းကျွန်းမြို့နယ်၊ ဦးဋ္ဌေးအောင် (၆၇)နှစ် ကျောင်းဆရာ(ငြိမ်း) စမ်းချောင်းမြို့နယ်၊ ဒေါ်မြင့်မြင့် (၇ဝ)နှစ် ကျောင်းဆရာမ(ငြိမ်း) လမ်းမတော်မြို့နယ်၊ ဒေါ်ခင်စောလှ(၆၃)နှစ် ကျောင်းဆရာမ(ငြိမ်း) လမ်းမတော် မြို့နယ်တို့ ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မီးရထားရုံပိုင်ကြီး နှင့် လူမှုရေးအသင်းအဖွဲ့တို့ လာရောက်ကြည့်ရှုကြပြီး ကားများ သွားလာရန်အတွက် ဘုရားကြီးမြို့မှ ကရိန်း ယာဉ်ဖြင့် လမ်းရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဖြစ်စဉ်အပေါ် ဝေါမြို့မရဲစခန်းက (ပ) ၄၁၉/ ၂ဝ၁၄၊ မီးရထားအက်ဥပဒေပုဒ်မ ၁၂၉ အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

တင်စိုး(ပဲခူး)
The Mirror Daily
https://www.facebook.com/TheMirrorDaily


အမှတ်(၃ဝ၂)အစုန်ကုန်ရထားနှင့် ဘုရားဖူးယာဉ်တိုက်မိ အမှတ်(၃ဝ၂)အစုန်ကုန်ရထားနှင့် ဘုရားဖူးယာဉ်တိုက်မိ Reviewed by သစ်ထူးလွင် on 03:52 Rating: 5
Powered by Blogger.