အပြောင်းအလဲအတွက်သတ္တိရှိဖို့လိုကြောင်း ဒေါ်စုပြော

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးမှာ အခက်အခဲတွေ ရှိနေသေးပေမယ့် ရအောင်ညှိနှိုင်းသွားရမှာပဲ ဖြစ်ကြောင်း အပြောင်းအလဲတွေ လုပ်ဖို့လိုနေ တယ်ဆိုတာသိရင် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲတဲ့ သတ္တိရှိဖို့ လိုအပ်ကြောင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို နားဆင်ဖတ်ရှုနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခု မကြာသေးခင်ရက်ပိုင်း အတွင်းကလည်း သမ္မတကြီးဦးသိန်းစိန်နဲ့ ကျနော် တွေ့ဆုံခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း ကျနော် တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့သဘောအရဆိုလို့ရှိရင်တော့- အထူးသဖြင့် တပ်မတော်ရဲ့သဘောအရ ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ၄၃၆ ကို မပြင်တဲ့ဘက်ကပဲ ခိုင်ခိုင်မာမာ ရပ်တည်တယ်ဆိုတဲ့ ပုံစံရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေဟာ ပြင်ဆင်ဖို့ လွယ်နိုင်ပါအုံးမလား၊ ဖြစ်နိုင်ပါအုံးမလားဆိုတာ သုံးသပ်ပေးပါလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ ဒီအလုပ်စလုပ်ကတည်းက လွယ်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဖြစ်နိုင်မယ်ဆိုတာတော့ အဓိကယုံကြည်ပါတယ်။ ဘယ်တော့ဖြစ်မယ်ဆိုတာတော့ ဒီဟာက မေးခွန်းရှိတာပေါ့နော်၊ အနှေးနဲ့အမြန်ပေါ့။ ဒါပေမယ့် မြန်လေလေ နိုင်ငံအတွက် ကောင်းလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဖို့လိုတဲ့ကိစ္စတွေကို မြန်မြန်ပြင်ရဲတဲ့သတ္တိရှိရမယ်။ မြန်မြန်ပြင်နိုင်တဲ့အရည်အချင်း ကျမတို့မှာ အားလုံးလိုတယ်။ အဲဒီတော့ မြန်လေ၊ တိုင်းပြည် မနာလေပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီနေရာမှာ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ မူကြမ်းလေးတွေ ဆွေးနွေးနေကြတာပေါ့။ ဆွေးနွေးတဲ့နေရာမှာ ဆွေးနွေးတဲ့အဓိကအကြောင်းရင်းတွေက တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒတွေကို ကျော်လွန်ပြီးတော့ လုပ်ပိုင်ခွင့်ပုံစံမျိုး သဘောမျိုး ဖြစ်နေတဲ့အတွက်ကြောင့် တပ်မတော်က “ခါးခါးသည်းသည်း” ဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ ဆိုတော့ ဒီလိုသာ မညှိနှိုင်းနိုင်ဘူးဆိုလို့ရှိရင် ဘယ်လိုနည်းလမ်းနဲ့ဖြစ်အောင် အတိုးအလျှော့လုပ်လို့ ရနိုင်မလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ခုနက “ညှိနှိုင်းတယ်”-ဆိုတဲ့စကားကို သုံးသွားတယ်၊ ဒါကြောင့်မို့လို့ ညှိနှိုင်းဖို့ NLD က အစဉ်တစိုက်တောင်းခံခဲ့တာပါ။ အခုမှ တောင်းတာလည်း မဟုတ်ပါဘူး၊ မနေ့တနေ့ကမှ၊ အရင်တလ နှစ်လကမှ မဟုတ်ပါဘူး။ NLD က တစိုက်မတ်မတ်နဲ့ ‘နိုင်ငံရေးအရ အဖြေရှာဖို့ဆိုတာ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်၊ တိုင်ပင်ရမယ်ဆိုတာ’ အဲဒီမူအပေါ်မှာ ရပ်တည်ခဲ့တယ်။ အခု ကျမဆိုလို့ရှိရင်လည်း အရင်နှစ်စောစောပိုင်းကတည်းက လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဆိုတာ တောင်းခဲ့တဲ့ဟာ-ဟာ ဒီလိုပြဿနာတွေကို ပြေလည်အောင် ကြိုတင်ပြီးတော့ လုပ်ဖို့ပါ။ အခုနကပြောသွားတဲ့ အထဲမှာ “ခါးခါးသည်း”-ဆိုတဲ့အသုံးအနှုန်းကို သုံးသွားတယ်နော်၊ အဲဒီလို ခါးခါးသည်းဆိုတဲ့ ပုံစံတွေ မပေါ်စေချင်လို့ တဘက်နဲ့တဘက် ညှိနှိုင်းပြီးတော့ သိမ်မွေ့အောင်၊ ချောမွေ့အောင် လုပ်ချင်တာပါ။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာရှိတဲ့ နေအိမ်မှာ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက လွန်ခဲ့တဲ့ နာရီပိုင်းအတွင်း တွေဆုံမေးမြန်းခဲ့တာပါ။ အပြည့်အစုံကို ည (၉) နာရီ ရေဒီယို အစီအစဉ်မှာ နားဆင်ကြရပါမယ်။)

ဦးသန်းလွင်ထွန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/aung-san-suu-kyi-says-to-be-brave-to-amend-article-436-/2531114.html

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူးဦးသန်းလွင်ထွန်းတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

အပြောင်းအလဲအတွက်သတ္တိရှိဖို့လိုကြောင်း ဒေါ်စုပြော အပြောင်းအလဲအတွက်သတ္တိရှိဖို့လိုကြောင်း ဒေါ်စုပြော Reviewed by သစ်ထူးလွင် on 21:06 Rating: 5
Powered by Blogger.