IS တပ်ဖွဲ့အလံ ကိုဘာနီမြို့စွန်မှာ လွှင့်ထားပြီ


ဆီးရီးယားနိုင်ငံ ​မြောက်ပိုင်း ​ကိုဘာနီမြို့ ​တိုက်ခိုက်ရေးမှာ ​Kurdish ​တပ်ဖွဲ့တွေ ​ရှုံးနိမ့်နေပြီး ​အခုဆိုရင် ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ရဲ့ ​အလံမဲ ​တွေကို ​ကိုဘာနီ ​မြို့စွန်မှာ ​တွေ့နေရတယ်လို့ ​အေဘီစီ ​သတင်းထောက် ​Hayden ​Cooper ​က ​ပြောပါတယ်။

Kurdish ​တပ်ဖွဲ့ဝင်တွေက ​IS ​အစွန်းရောက်သမားတွေကို ​ရက်ပေါင်းများစွာ ​ခုခံ ​တိုက်ခိုက်မှုတွေ ​လုပ်ခဲ့ပါတယ်။ ​ဒါပေမဲ့ ​နိုင်ငံတကာ ​ညွန့်ပေါင်းတပ်က ​ဝေဟင်ကနေတဆင့် ​ကူညီတိုက်ခိုက်တာတွေ ​လုပ်တဲ့ကြားကပဲ ​IS ​အစွန်းရောက်သမားတွေက ​ကိုဘာနီ ​မြို့စွန်နားကို ​ရောက်ရှိလာတာပါ။

အခုဆိုရင် ​ကိုဘာနီမြို့ရဲ့ ​ဆင်ခြေဖုန်းမှာ ​IS ​အဖွဲ့ရဲ့ ​အလံတွေကို ​လွှင့်ထူထားပြီး ​ဒါဟာ ​IS ​အဖွဲ့အနေနဲ့ ​မြို့ထဲကို ​ရောက်လာပြီ ​ဆိုတာကို ​ပြသလိုက်တာ ​ဖြစ်ပါတယ်။

မြို့တွင်းမှာ ​ကျန်ရှိနေတဲ့ ​Kurdish ​ရဲ့ ​YPG ​တပ်သားတွေနဲ့ ​IS ​တပ်ဖွဲ့တွေ ​အနီးကပ် ​ထိပ်တိုက်ရင်ဆိုင်မှုတွေ ​ဖြစ်နေတယ်ဆိုတဲ့ ​သင်းတွေလည်း ​ထွက်ပေါ်နေပြီး ​မကြာခင်မှာ ​ကိုဘာနီမြို့ဟာ ​IS ​တပ်ရဲ့ ​လက်ထဲ ​ကျရောက်တော့မယ့် ​အခြေအနေ ​ရှိနေတယ်လို့ ​Hayden ​Cooper ​က ​သတင်းပေးပို့ထားပါတယ်။

ကိုဘာနီမြို့ဟာ ​Kurd ​လူမျိုး ​အများစု ​နေထိုင်တဲ့ ​မြို့ ​ဖြစ်တဲ့အတွက် ​ဒီမြို့ ​သိမ်းပိုက်ခံရမယ်ဆိုရင် ​ပိတ်မိနေခဲ့တဲ့ ​မြို့ခံတွေ ​အစုလိုက် ​အပြုံလိုက် ​သတ်ပစ်ခံရနိုင်တယ်လို့လည်း ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။


ကိုဘာနီအရေး ​စိုးရိမ်တဲ့ ​Kurd ​လူမျိုးတွေ ​နယ်သာလန်မှာ ​ဆန္ဒပြကြရင်း ​နယ်သာလန် ​ပါလီမန်ထဲဝင်ရောက်

ကိုဘာနီမြို့က ​IS ​အဖွဲ့ရဲ့ ​လက်ထဲမှာ ​ကျရောက်မှာကို ​စိုးရိမ်တဲ့ ​နယ်သာလန်နိုင်ငံက ​ရာနဲ့ချီတဲ့ ​Kurd ​လူမျိုးတွေဟာလည်း ​သူတို့လူမျိုးတွေရဲ့ ​ဖြစ်ရပ်ကို ​လူတွေ ​အာရုံစိုက်လာအောင် ​လုပ်ဆောင်တဲ့အနေနဲ့ ​နယ်သာလန် ​ပါလီမန်မှာ ​ဆန္ဒပြရင်း ​ပါလီမန်ထဲ ​ဝင်ရောက်တဲ့အထိ ​ဖြစ်ခဲ့ပါတယ်။

လုံထိန်းရဲ ​အယောက်ပေါင်း ​ရာနဲ့ချီက ​လုံခြုံရေး ​ယူခဲ့ရသလို ​ရဟတ်ယာဉ်တွေက ​အပေါ်ကနေ ​ပျံဝဲပြီး ​စောင့်ကြည့်မှုတွေ ​လုပ်ခဲ့ကြရတယ်လို့လည်း ​သိရပါတယ်။


IS ​အဖွဲ့ကို ​ဝေဟင်ကနေ ​တိုက်ခိုက်တဲ့အဖွဲ့ထဲမှာ ​သြစတြေးလျ ​ပါဝင်

IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ကို ​ဝေဟင်ကနေ ​တိုက်ခိုက်ရာမှာ ​သြစတြေးလျကလည်း ​ပါဝင်နေပါပြီ။

နိုင်ငံတကာ ​မဟာမိတ်တပ်ကနေ ​ဝေဟင်ကနေ ​တိုက်ခိုက်တာ ​အကြိမ်ပေါင်း ​၃၁၀ ​ရှိသွားပြီ ​ဖြစ်ပေမယ့် ​IS ​စစ်သွေးကြွတွေဟာ ​အီရတ်နိုင်ငံ ​ဘက်ခ်ဒက်မြို့ ​တဝိုက်မှာ ​လွတ်လွတ်လပ်လပ် ​သွားလာ ​လှုပ်ရှားနေသလို ​ဆီးရီးယားနိုင်ငံ ​ကိုဘာနီမြို့ကိုလည်း ​သိမ်းယူနေတဲ့ ​အနေအထား ​ရောက်ရှိနေတာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​လက်ဘနွန် ​နိုင်ငံဘက်ကိုလည်း ​ဝင်ရောက်တာမျိုးတွေရှိနေပြီး ​ပြီးခဲ့တဲ့ ​သတင်းပါတ်တွေကပဲ ​အီရတ်နိုင်ငံ ​စစ်စခန်းတစ်ခုကို ​သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သြစတြေးလျ ​လေတပ်က ​IS ​တပ်ဖွဲ့ကို ​ဝေဟင်ကနေ ​တိုက်ခိုက်နေပေမယ့် ​အဲဒီ ​အတွက် ​ကုန်ကျစရိတ်ကို ​ကာမိအောင် ​ဘယ်လို ​လုပ်ဆောင်ကြမလဲ ​ဆိုတာကို ​သြစတြေးလျ ​နိုင်ငံရေး ​သမားတွေက ​စဉ်းစားနေကြပါတယ်။

သြစတြေးလျ ​အစိုးရက ​နိုင်ငံတော် ​အသုံးစရိတ် ​လျှော့ချဖို့ ​လုပ်ဆောင်နေချိန်မှာပဲ ​အခုလို ​ကိစ္စတွေ ​ပေါ်လာတာ ​ဖြစ်ပါတယ်။

အတိုက်အခံပါတီကတော့ ​လူလတ်တန်းစားတွေကို ​ပေးနေတဲ့ ​အစိုးရရဲ့ ​ထောက်ပံ့ကြေးကို ​ဖြတ်တောက်လိုက်ရင် ​ငွေတွေ ​ထွက်လာနိုင်တယ်လို့ ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-07/1376205

ကိုဘာနီမြို့က လေးထပ်တိုက်ပေါ်မှာ IS အဖွဲ့ရဲ့ အလံမဲကို တွေ့ရစဉ် (Credit: AFP) 

IS တပ်ဖွဲ့အလံ ကိုဘာနီမြို့စွန်မှာ လွှင့်ထားပြီ IS တပ်ဖွဲ့အလံ ကိုဘာနီမြို့စွန်မှာ လွှင့်ထားပြီ Reviewed by သစ်ထူးလွင် on 07:20 Rating: 5
Powered by Blogger.