ပုဏ္ဏားကျွန်းတွင် ခရီးသည်တင် မော်တော်ဘုတ်တစ်စီး ထပ်မံ နစ်မြုပ်၍ လူ ၃ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့က ခရီးသည်တင် မော်တော်ဘုတ် တစ်စီး ထပ်မံနစ်မြုပ်မှုကြောင့် လူ ၃ ဦးသေဆုံးသွားကြောင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲအုပ်ဦးထွန်းဝင်းက ပြောကြားသည်။

“အကုန်လုံး ၃ ယောက်သေပါတယ်။ တစ်ယောက်ကိုတော့ ဒီနေ့(၂ဝ ရက်) နေ့ခင်း ၁ နာရီခွဲ က ပုဏ္ဏားကျွန်းနဲ့ ကုလားတန်မြစ်ကြားမှာ အလောင်းရှာတွေ့တယ်။ ကျန်တဲ့နှစ်ယောက်ရဲ့ အလောင်းတော့ ရှာမတွေ့သေးဘူး။ ရှာနေတုန်းပဲ”ဟု ယင်းက နိရဉ္စရာသတင်းဌာနသို့  ပြောဆိုသည်။

ယခုရှာဖွေတွေ့ရှိခဲ့သည့် အလောင်းမှာ ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာမှ အသက် ၃၂ နှစ်အရွယ်ရှိ ဦးကျော်မင်းသူ (ဘ-ဦးသိန်းလွင်)ဖြစ်ကြောင်း ရဲအုပ်ထွန်းဝင်းမှ  အတည်ပြု ပြောကြားသည်။

လက်ပံပြားကျေးရွာနေ ဦးကျော်သန်းပိုင်သော ပုဏ္ဏားကျွန်းနှင့် လက်ပံပြားသို့ပြေးဆွဲနေသည့် အဆိုပါ ခရီးသည်တင် မော်တော်ဘုတ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့၊ ညနေ ၄ နာရီအချိန်က ပုဏ္ဏားကျွန်းမြို့မှ လက်ပံပြားသို့ ထွက်ခွာလာစဉ် ပုဏ္ဏားကျွန်းချောင်းဝနှင့် ကုလားတန်မြစ်ဆုံရေဝဲတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသည် ၁၆ ဦး၊ မြေဆီအိတ် ၃၅ အိတ်နှင့် သစ် ၂ တန်ခန့်တင်ဆောင်လာသောအဆိုပါမော် တော်ဘုတ်မှာ ခံနိုင်ဝန်အားထက် ပိုမိုတင်ဆောင်ခဲ့မှုကြောင့် ယခုကဲ့သို့နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ရဲအုပ်ထွန်းဝင်းက ဆိုသည်။

“ကျန်တဲ့အလောင်းနှစ်လောင်းကိုတော့ ဆက်ရှာဖွေနေတုန်း ဖြစ်ပါတယ်။  စက်လှေပိုင်ရှင်လည်း တိမ်းရှောင်နေတဲ့အတွက် စုံစမ်း စစ်ဆေးနေပါတယ်” ဟု ယင်းက ပြောသည်။

ယခုနစ်မြုပ်သွားသည့်စက်လှေပေါ်ပါပစ္စည်းများ၏ဆုံးရှုံးမှုတန်ဘိုးများကိုလည်း တွက်ချက် စစ်ဆေးနေဆဲဖြစ်သည့်အတွက် အသေးစိတ်မသိနိုင်သေးကြောင်း ရဲအုပ်ထွန်းဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုလအတွင်း မော်တော်ဘုတ်များ မကြာခဏနစ်မှုကြောင့် လူသေဆုံးမှု များလည်း မြင့်တက် နေသည်ကို တွေ့နေရသည်။

ယခုလ ၁၅ ရက်နေ့၊ ညနေပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ စင်းဘောကိုင်းကျေးရွာအနီး တွင် မော်တော်ဘုတ်နှစ်စီး
မျက်နှာချင်းဆိုင်တိုက်မိရာမှ ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယခုလ ၆ ရက်နေ့၊ နံနက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မင်းပြားနှင့် ချော်ချောင်းကျေးရွာသို့ ပြေးဆွဲနေသည့် ခရီးသည်တင်မော်တော်ဘုတ်တစ်စီးနစ်မြုပ်မှု ကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ ဦးသေဆုံး သွားခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

ယင်းသို့ဖြစ်ပွားရခြင်းမှာ အဆိုပါခရီးသည်တင်မော်တော်ဘုတ်မှ တာဝန်ရှိသူများ၏ပေါ့ဆမှု များကြောင့်ဖြစ်ပြီးရေလမ်း ခရီးသွား စက်လှေများတွင် အသက်ကယ်အင်္ကျီများလည်း ဆောင်ထားသင့်ကြောင်း အများက ထောက်ပြ ပြောဆိုသည်။

“စက်လှေတွေရဲ့ အင်ဂျင်စက်တွေကိုမကြာခဏစစ်ဆေးပေးရမယ်။ ခရီးသည်တွေကိုလည်း အလွန်အကျွံတင်ဆောင် မောင်းနှင်တာမလုပ်သင့်ဘူး။ စက်လှေရဲ့ခံနိုင်ဝန်အားထက် ပိုမတင်သင့်ဘူး” ဟု ရခိုင်ပြည်သူတစ်ဦးက သုံးသပ် ပြောသည်။

( နိရဉ္စရာ၊ ၂ဝ အောက်တိုဘာ ၂ဝ၁၄) မာန်ယုကျော် (ရွှေဝမြေ)
http://www.narinjara.com/burmese/?p=12435

ပုဏ္ဍားကျွန်းမြို့အနီး စီးဆင်းနေသော မင်းချောင်းအ၀တွင် စက်လှေ နစ်မြုပ်ခဲ့သည်။ (ဓါတ်ပုံ- နိရဉ္စရာ)

ပုဏ္ဏားကျွန်းတွင် ခရီးသည်တင် မော်တော်ဘုတ်တစ်စီး ထပ်မံ နစ်မြုပ်၍ လူ ၃ ဦးသေဆုံး ပုဏ္ဏားကျွန်းတွင် ခရီးသည်တင် မော်တော်ဘုတ်တစ်စီး ထပ်မံ နစ်မြုပ်၍ လူ ၃ ဦးသေဆုံး Reviewed by သစ်ထူးလွင် on 05:14 Rating: 5
Powered by Blogger.