အာဖရိက ကနေပြန်ရောက်တဲ့ ကန်ဒေါက်တာ အီဘိုလာကူးစက်ခံရ

နယ်စည်းမခြား ​ဆရာဝန်များ ​အဖွဲ့နဲ့ ​အာဖရိကမှာ ​သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူ ​အမေရိကန် ​ဒေါက်တာတစ်ဦးမှာ ​အီဘိုလာရောဂါပိုး ​ဖြစ်နေကြောင်း ​သိရပါတယ်။

Craig ​Spencer ​လို့ ​သိရတဲ့ ​ဆရာဝန်ဟာ ​အိုဘိုလာ ​ပျံ့နှံ့မှု ​ဖြစ်နေတဲ့ ​ဂီနီနိုင်ငံကနေ ​အမေရိကန်နိုင်ငံကို ​ပြန်ရောက်လာပြီး ​နာမကျန်းဖြစ်ရာကနေ ​စမ်းသပ်ရာက ​အီဘိုလာပိုးကို ​တွေ့ရှိတာဖြစ်ပါတယ်။

အခုအခါမှာ ​သူ့ကို ​သီးသန့်ခွဲထားလိုက်ပါပြီ။ ​သူနဲ့ ​နီးစပ်ခဲ့သူ ​အနည်းငယ်သာရှိပြီး ​အဲဒီလူတွေကိုလည်း ​သတိပေးတာတွေ ​လုပ်ထားပါတယ်။

အဲဒီ ​ဆရာဝန်ဟာ ​သူ့ကိုသူလည်း ​ပြန်လည် ​စောင့်ကြည့်မှုတွေလုပ်ပြီး ​အနည်းငယ် ​နေမကောင်းဖြစ်တာနဲ့ ​ချက်ခြင်း ​အကြောင်းကြားမှု ​လုပ်ခဲ့တာ ​ဖြစ်ပါတယ်။

အီဘိုလာ ​တိုက်ဖျက်ရေးမှာ ​သြစီပါဝင်ဖို့ ​ကန်နဲ့ ​ဗြိတိန်တို့ ​တရားဝင် ​ကမ်းလှမ်းလာ

အီဘိုလာ ​တိုက်ဖျက်ရေးမှာ ​သြစတြေးလျနိုင်ငံလည်း ​ထဲထဲဝင်ဝင် ​ပါဝင်လာဖို့ ​သြစတြေးလျရဲ့ ​အဓိက ​မဟာမိတ် ​နိုင်ငံတွေက ​သြစတြေးလျကို ​ပန်ကြားလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ ​အစိုးရကတော့ ​သြစတြေးလျနိုင်ငံက ​ကျန်းမာရေး ​ပညာရှင်တွေကို ​အာဖရိက ​ဒေသ ​မပို့နိုင်ဘူးလို့ ​ထပ်ခါထပ်ခါ ​ပြောဆိုခဲ့ပြီး ​တစ်ခုခု ​ဖြစ်လာရင် ​လူနာတွေကို ​သြစတြေးလျနိုင်ငံဆီ ​ပြန်သယ်လာဖို့ ​ဝေးလံလှတဲ့အတွက် ​အန္တရာယ်ရှိတယ်လို့သာ ​အကြောင်းပြခဲ့ပါတယ်။

ဒါပေမဲ့ ​အခုအခါမှာတော့ ​သြစတြေးလျရဲ့ ​အဓိက ​မဟာမိတ်တွေဖြစ်တဲ့ ​အမေရိကန်နဲ့ ​ဗြိတိန်နိုင်ငံတို့အပြင် ​ဆီယာရာလီယွန်နဲ့ ​လိုင်ဘေးရီးယားနိုင်ငံတို့ကလည်း ​အကူအညီပေးဖို့ ​သြစတြေးလျကို ​တရားဝင် ​တောင်းခံထားပါတယ်။

သြစတြေးလျရဲ့ ​မိတ်ဘက်နိုင်ငံတွေ၊ ​မဟာမိတ်နိုင်ငံတွေက ​သြစတြေးလျကို ​ဒီထက်မက ​လုပ်ဆောင်စေလိုကြတယ်ဆိုတာ ​မှန်ကန်တယ်လို့ ​ဝန်ကြီးချုပ်က ​အတည်ပြုပြောဆိုခဲ့ပေမဲ့ ​ကူညီပေးဖို့ ​သင့်မသင့် ​စဉ်းစားနေတုန်းပဲလို့ ​သြစတြေးလျ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်က ​ပြောပါတယ်။

သြစတြေးလျ ​အစိုးရက ​အီဘိုလာ ​ကိစ္စမှာ ​အကူအညီ ​ပေးဖို့အတွက် ​ချီတုံချတုံ ​ဖြစ်နေတဲ့အပေါ် ​အတိုက်အခံပါတီက ​ဝေဖန်လိုက်ပြီး ​ဒီကိစ္စဟာ ​သရုပ်ဆောင် ​ရမယ့်အချိန်၊ ​ရွေးချယ်စရာ ​နည်းလမ်း ​စဉ်းစားနေတဲ့အချိန် ​မဟုတ်ဘူးလို့ ​ပြောလိုက်ပါတယ်။

အီဘိုလာ ​တိုက်ဖျက်ရေးလုပ်ငန်းနဲ့ ​ပတ်သက်ပြီး ​အစိုးရရဲ့ ​ဝန်ကြီးအဖွဲ့ထဲမှာလည်း ​ကွဲလွဲမှုတွေ ​ဖြစ်နေပါတယ်။ ​တချို့ကတော့ ​အကူအညီပေးဖို့ ​လိုလားသလို ​တချို့ကတော့ ​နယ်စပ်လုံခြုံရေးတွေမှာ ​ရောဂါကူးစက်ခံရသူတွေ ​ဝင်လာမှုရှိမရှိ ​ပိုမိုတင်းကြပ်မှုတွေ ​လုပ်ဖို့ ​လိုလားနေပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​သြစတြေးလျ ​ကျန်းမာရေးအာဏာပိုင်တွေက ​ဒီကနေ့ ​ဆွေးနွေးမှု ​လုပ်ကြမှာ ​ဖြစ်ပြီး ​သြစတြေးလျ ​အနေနဲ့ ​ဘယ်လို ​ကြိုတင် ​ပြင်ဆင်မှု ​လုပ်မလဲ၊ ​သြစတြေးလျ ​ပညာရှင်တွေကို ​အာဖရိက ​ဒေသ ​ပို့သင့်မသင့် ​ဆွေးနွေးကြမှာ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံကို ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံက ​နိုင်ငံသူ ​နိုင်ငံသား ​အယောက် ​၃၀ ​လောက် ​အပတ်စဉ် ​ဝင်ရောက်လေ့ရှိတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-24/1382631

အီဘိုလာ ကူးစက်ခံရသူ ဒေါက်တာ Craig Spencer (Credit: ABC licensed) 

အာဖရိက ကနေပြန်ရောက်တဲ့ ကန်ဒေါက်တာ အီဘိုလာကူးစက်ခံရ အာဖရိက ကနေပြန်ရောက်တဲ့ ကန်ဒေါက်တာ အီဘိုလာကူးစက်ခံရ Reviewed by သစ်ထူးလွင် on 08:48 Rating: 5
Powered by Blogger.