မန္တလေးတွင်ဝန်ထမ်းများအဆောင်ရှာရခက်ခဲ

မန္တလေး သြဂုတ် ၃၁

အဆောင်အများစုတွင် ကျောင်းသားများသာ ထားပြီး အလုပ်လုပ် နေသည့် ဝန်ထမ်းများကို လက်သင့် မခံသောကြောင့် ဝန်ထမ်းများ အဆောင်ရှာရ ခက်ခဲနေကြောင်း အဆောင်လိုက်လံ စုံစမ်းနေသော ကုမ္ပဏီ ဝန်ထမ်းတစ်ဦး ကပြောသည်။

ဧည့်စာရင်း အခက်အခဲနှင့် ပုဂ္ဂိုလ်ရေးအကြောင်းအရာတချို့ ကြောင့် ဝန်ထမ်းများကို လက်မခံခြင်း ဖြစ်ကြောင်း အဆောင်ပိုင်ရှင် တချို့ကဆိုသည်။
''အဆောင်မှာ ဝန်ထမ်းတွေမထားတော့တာက ဧည့်စာရင်းသွား တိုင်ရင်လဲ ဧည့်စာရင်းစစ်က ဝန်ထမ်းရဲ့အိမ်ထောင်စုဇယားတွေ၊ ထောက်ခံစာတွေကိုတောင်းတယ်။ မပါတဲ့အခါမှာအခက်အခဲတွေ ဖြစ်တယ်။ ကျောင်းသားကျတော့ ဧည့်စာရင်းတိုင်တဲ့အခါ ကျောင်း သားဆိုတာနဲ့ပြီးသွားပြီ။ နောက်ပြီးဝန်ထမ်းဆိုတာကအသောက်အစား မကင်းဘူးလေ။ အသောက်အစားကြောင့် ကျောင်းသားတွေကို အနှောင့်အယှက်ဖြစ်မှာစိုးရိမ်လို့ ဝန်ထမ်းမထားတာပါ''ဟု အဆောင် ပိုင်ရှင်တစ်ဦးကပြောသည်။
အဆောင်အများစုတွင်ဝန်ထမ်းမထားသောကြောင့် ဝန်ထမ်းများ အနေဖြင့် အဆောင်လခထက်ပိုသော အိမ်ငှားရခြင်းအခက်အခဲများ လည်းရှိကြောင်းသိရသည်။

''ဝန်ထမ်းမထားတဲ့အဆောင်ကများတော့ အလုပ်ရှာတာထက် အဆောင်ရှာရတာပိုပြီးတော့ အခက်အခဲဖြစ်ရတယ်။ ဝန်ထမ်းတွေထား တဲ့အဆောင်ကလဲ လူပြည့်တာတွေ၊ နေရာအခက်အခဲတွေရှိတယ်။ မြို့ထဲမှာအိမ်ငှားဈေးကကြီးတော့ မြို့ပြင်ရပ်ကွက်တွေမှာ သူငယ်ချင်း တွေစုပြီးငှားနေရတယ်။ စပေါ်ငွေတင်ရတဲ့အခက်အခဲတွေကြောင့် ကျောတစ်နေရာစာရှာရတာအလုပ်ရှာရတာထက်တောင်ခဲယဉ်းတယ်'' ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောသည်။

မိန်းကလေးအဆောင်များတွင် မိန်းကလေးဝန်ထမ်းများထား ရခြင်းမှာ အခက်အခဲမရှိသော်လည်း ယောက်ျားလေးအဆောင်များ တွင်သာ ဝန်ထမ်းယောက်ျားလေးများအတွက် လက်ခံရခြင်းခက်ခဲနေ ကြောင်း ဝန်ထမ်းတစ်ဦးကပြောသည်။

မန္တလေးမြို့တွင် အဆောင်ရာပေါင်းများစွာရှိသော်လည်း ဝန်ထမ်း များထားသည့်အဆောင်သည် အခု ၂ဝ ထက်ပင်မရှိဖြစ်နေပြီး ယောက်ျားလေးဝန်ထမ်းများသာအခက်အခဲဖြစ်နေရခြင်းသည်အကျင့် စာရိတ္တပိုင်းဆိုင်ရာကိုစိုးရိမ်သောကြောင့်ဖြစ်ကြောင်း အဆောင်ပိုင် ရှင်များက မှတ်ချက်ပြုကြသည်။

ဘုန်းလျှံမင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf


မန္တလေးတွင်ဝန်ထမ်းများအဆောင်ရှာရခက်ခဲ မန္တလေးတွင်ဝန်ထမ်းများအဆောင်ရှာရခက်ခဲ Reviewed by သစ်ထူးလွင် on 13:49 Rating: 5
Powered by Blogger.