မြေအောက်ဖိုင်ဘာလိုင်း ပြင်ဆင်နေသည့်စစ်သားများ ရိက္ခာမရ၍ အခက်အခဲဖြစ်နေ

စက်တင်ဘာလ ၁ ရက် (ပုသိမ်)

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း မြေအောက် အင်တာနက်ဖိုင်ဘာ ကေဘယ်ကြိုးတွေ ပြင်ဆင်နေတဲ့ အမှတ် - ၁၁ အဆင့်မြင့် ဆက်သွယ်ရေး တပ်ရင်း (အဆရ - ၁၁) မှ တပ်မတော်သားတွေကို အချိန် ၂ လ ကျော်တဲ့အထိ မိခင်တပ်ရင်းက ရိက္ခာပို့ မပေးတဲ့ အတွက် ဒုက္ခရောက်နေကြောင်း သစ်ထူးလွင်က သတင်းရရှိပါတယ်။

အဆရ - ၁၁ တပ်ရင်းဟာ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံတပ်ရင်းတခုဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက သံတွဲမြို့နယ်အတွင်းမှာ မြေအောက်ဖိုင်ဘာလိုင်းတွေ ပြင်ဆင်နေတာဖြစ်ကြောင်း သိရပါတယ်။

တပ်သားအဆင့်ကနေ ဗိုလ်ကြီးအဆင့်အထိ လူ ၂၅ ဦးပါဝင်တဲ့အဖွဲ့ဟာ သံတွဲမြို့နယ် ကျေးပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာတည်းခိုပြီး မြေအောက်ဖိုင်ဘာကြိုးတွေ ပြင်ဆင်နေခဲ့ရာမှာ အချိန် ၂ လ ကျော်တဲ့အထိ ဆန်၊ ပဲ၊ နို့ဆီစတဲ့ ရိက္ခာတွေပို့မပေးလို့ စစ်တွေမှာ နေထိုင်အလုပ်လုပ်နေတဲ့ တပ်မတော်သားတွေ စားရေးသောက်ရေး ဒုက္ခရောက်နေတာဖြစ်ကြောင်း တပ်မတော်သားတဦးရဲ့ မိသားစုဝင်တဦးက သစ်ထူးလွင်ကို ပြောပြပါတယ်။

“သူတို့က သံတွဲမှာ ၂၀၁၃ ကတည်းက မြေအောက်ဖိုင်ဘာကေဘယ်ကြိုးတွေ ပြင်ဆင်နေကြတာ။ သင်္ကြန်မှာ ၁၀ ရက်ပဲ ပုသိမ်ကိုပြန်နားရတယ်။ ပြီးတော့ သံတွဲပြန်သွားပြီး အလုပ်လုပ်နေရတာ။ အခု ရိက္ခာမရတာ ၂ လ နီးပါးရှိနေတော့ သူတို့တွေ စားရေးသောက်ရေး အတော်အခက်အခဲဖြစ်နေကြတယ်။ ကျေးပင်ရွာက ကျောင်းထိုင်ဘုန်းကြီးနဲ့ ရွာထဲကလူတွေကတော့ တတ်နိုင်သလောက်ဝိုင်းကူညီကြပါတယ်။ ဒါပေမယ့် အချိန်ကြာလာတော့ သူတို့လည်း မကျွေးနိုင်ကြတော့ဘူး။ ဒီပုံနဲ့ဆို စားစရာမရှိရင် လုစားရမယ့် အခြေအနေ ဖြစ်နေတယ်”လို့ သူက ပြောပါတယ်။

ရိက္ခာမရောက်တဲ့အတွက် တပ်သားတွေဟာ ကျေးရွာကနေ အကြွေးနဲ့ချေးငှားစားသောက်နေရကြောင်းနဲ့ တပ်မတော်သားတွေရဲ့ လစာကိုတော့ ပုသိမ်မြို့က တပ်ထဲမှာကျန်ခဲ့တဲ့မိသားစုဝင်တွေက ထုတ်ယူသုံးစွဲခွင့် ရနေကြောင်း သိရပါတယ်။

“လစာကတော့ ပုသိမ်က မိသားစုတွေထုတ်သုံးခွင့်ရတယ်။ ဒါပေမယ့် သံတွဲကိုပို့ပေးဖို့က အဆင်မပြေဘူးလေ။ ကျန်တဲ့မိသားစုတွေက ဒီငွေလေးနဲ့ပဲ စားသောက်နေရတာကိုး။ အစောပိုင်းတုန်းက ရိက္ခာရနေတော့ သူတို့အတွက် အဆင်ပြေတယ်။ အခု သူတို့က တာဝန်ထမ်းဆောင်နေတာ ၁၀ လလောက် ဖြစ်နေပြီ။ လုပ်ငန်းတွေကလည်း ပြီးသလောက်ဖြစ်နေပြီ။ အဲဒါကို တပ်စုကိုလည်း လဲမပေး၊ ရိက္ခာကလည်း ပို့မပေးဆိုတော့ အတော်ကို ဒုက္ခရောက်နေကြတာပေါ့”လို့ သံတွဲမှာ တာဝန်ကျနေတဲ့ တပ်မတော်သားရဲ့ မိသားစုဝင်က ပြောပါတယ်။

ကျေးပင်ကျေးရွာဟာ သံတွဲမြို့ကနေ မိုင် ၃၀ ခန့်ကွာဝေးပြီး ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် ၁ နာရီလောက် မောင်းသွားရတဲ့ ကျေးရွာတခု ဖြစ်ပါတယ်။

BY THIT HTOO LWIN



မြေအောက်ဖိုင်ဘာလိုင်း ပြင်ဆင်နေသည့်စစ်သားများ ရိက္ခာမရ၍ အခက်အခဲဖြစ်နေ မြေအောက်ဖိုင်ဘာလိုင်း ပြင်ဆင်နေသည့်စစ်သားများ ရိက္ခာမရ၍ အခက်အခဲဖြစ်နေ Reviewed by သစ်ထူးလွင် on 14:30 Rating: 5
Powered by Blogger.