မူစယ်ဒေသခံလူငယ် ၂ ဦး သတ်ဖြတ်ခံရ

 သြဂတ်စ် ၁ ရက် ၂၀၁၄

 သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် စွမ်စော်ကျေးရွာအုပ်စု ခူးဝိန်းကျေးရွာ၌ လူငယ်နှစ်ဦး သတ် ဖြတ်ခံရကြောင်း ဒေသတွင်းသတင်းအရ သိရှိရသည်။

“ဒေသခံတချို့က ဂျူလိုင်လ ၃၀ ရက် ညဉ့်နက်ပိုင်းမှာ ဖြစ်တယ်လို့ ပြောတယ်။ တချို့ကလည်း ၃၁ ရက်နေ့ နံနက် ၂ နာရီလောက်မှာ ဖြစ်တယ်လို့ ပြောကြတယ်။ ဘယ်သူသတ်သွားမှန်းတော့ မသိ ဘူး။ ကချင်လူငယ်က ဘိန်းစွဲနေတယ်လို့ ဒေသခံနဲ့ အာဏာပိုင်တွေက ပြောတယ်” ဟု မူစယ် လူငယ် စိုင်းလိတ် က ပြောပါသည်။

သတ်ဖြတ်ခံရသည့် တရုတ်လူငယ်မှာ အသက် ၂၄ နှစ်ရှိ ရန်ကျိန် ဖြစ်ပြီး ခူးဝိန်းရွာနှင့် ၃ မိုင်ခန့် ကွာဝေးသည့် နားနမ့်လိန်ရွာ၌ ခြံစောင့်အဖြစ် လုပ်ကိုင်နေကြောင်း၊ ကချင်လူငယ်မှာမူ မိသားစုဝင် များ လာရောက်ကြည့်ရှုခြင်း မရှိသည့်အတွက် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရကြောင်း ဆိုပါ သည်။

“တရုတ်လူငယ်တော့ အစာအိမ်မှာ သေနတ်ဒဏ်ရာနဲ့ သေတယ်။ ကချင်လူငယ်ကတော့ လည်ပင်း ဖြတ်ခံရတယ်။ သူတို့နှစ်ယောက်ရဲ့အလောင်း ပေ ၃၀ လောက် ဝေးတယ်” ဟု စိုင်းလိတ်က ဆက် ပြောပါသည်။

သီးခြားအတည်ပြုချက် မရသေးသည့် သတင်းအရ တရုတ်လူငယ် အိမ်အပြန်လမ်း၌ မူးယစ်ဆေး ဝါးရောင်းဝယ်နေသည့်အဖွဲ့နှင့် ပက်ပင်းတိုးမိ၍ ၎င်းက နောက်ကြောင်းပြန်လှည့်ချိန် ရဲအားတိုင် တန်းမည် စိုးရိမ်သောကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်နေသည့်အဖွဲ့က သတ်ဖြတ်လိုက်ခြင်းဖြစ် နိုင်ကြောင်း ဆို၏။

“ကျနော်ကတော့ ဖြစ်နိုင်ချေများတယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကချင်လူငယ်က ဆေး စွဲနေတယ်။ သူတို့နှစ်ယောက်ရဲ့ အလောင်းကလည်း သိပ်မဝေးကြဘူးဆိုတော့ ဆက်စပ်ကြည့်ရင် ဖြစ်နိုင်ချေများပါတယ်” ဟု ဒေသခံ စိုင်းခမ်း ကလည်း ပြောပါသည်။

ဂျူလိုင်လနှောင်းပိုင်း၌ မူစယ်ခရိုင်အတွင်း လူ ၅ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။ နမ့်ခမ်းမြို့ နယ် နောင်မတာကျေးရွာ၌ အစိုးရတပ်မတော်အရာရှိ သတ်ဖြတ်ခံရမှုကြောင့် အာဏာပိုင်များက ဖမ်းဆီးရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြ ရသည်။

မွေခေါဝ်
သျှမ်းသံတော်ဆင့်
http://burmese.panglong.org/news/100-2008-08-06-05-35-00/4836-2014-08-01-10-51-19.html


မူစယ်ဒေသခံလူငယ် ၂ ဦး သတ်ဖြတ်ခံရ  မူစယ်ဒေသခံလူငယ် ၂ ဦး သတ်ဖြတ်ခံရ Reviewed by သစ်ထူးလွင် on 18:00 Rating: 5
Powered by Blogger.