တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၅)

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျုးခြင်း

ကျနော်တို့ ကားဒစ်သင်တန်းကျောင်းကအပြန် သိပ်မကြာခင်မှာ သတင်းအယ်ဒီတာ ကိုမိုးအေးက သ တင်းပညာ မဟာတန်းတက်ဖို့ ခရီးထွက်သွားတဲ့အတွက် ကျနော်က ယာယီ-သတင်းအယ်ဒီတာအဖြစ် တာဝန်ယူရပါတယ်။ အဲဒီအချိန်ဟာ DVB ၁၀ နှစ်ပြည့်အခန်းနားကျင်းပပြီးခါစဖြစ်လို့ နယ်သတင်း ထောက်တွေ အတော်များများလဲ အော်စလိုရုံးမှာရှိနေကြပါတယ်။

(အော်စလိုရုံးချုပ်မှာ နှစ်ပေါင်းများစွာချိတ်ဆွဲထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနှင့် သတင်းခန်းမှ နာရီလက်တံများ)

ကျနော်မှတ်မိသလောက်ဆိုရင် ထိုင်းနိုင်ငံ ရနောင်းဖက်မှ မြင့်မောင်မောင် (အခု သစ်ထူးလွင် ဘလော့ ကို တာဝန်ယူနေသူ)။ အိန္ဒိယဖက်မှ ကိုသက်နိုင်နဲ့ ကိုခင်မောင်စိုးမင်း။ ထိုင်းဖက်က ရောက်လာတဲ့ သ တင်းထောက်အသစ်တွေဖြစ်တဲ့ ကိုအောင်လွင်ဦး၊ နော်နန္ဒာချမ်းနဲ့ ခိုင်သဇင်တို့ရှိနေပါတယ်။ အဲဒီလို သတင်းအယ်ဒီတာအဖြစ် တာဝန်ယူနေစဉ် ပထမဆုံး ကြုံရတာကတော့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် NLD ပါတီအထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး လုပ်ဖို့တာဝန် ပေးခံရခြင်းပါပဲ။

၂၀၀၃ ခုနှစ် ဒီပဲရင်းအရေးခင်းမဖြစ်ခင်၊ မှတ်မှတ်ရရ မတ်လ ၁၃ ရက်နေ့ ဖုန်းမော်နေ့မတိုင်ခင် ရက် ပိုင်းလေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုးလုပ်ခွင့်ရပါတယ်။ အရင်က သတင်းအယ်ဒီတာ ကို မိုးအေး လုပ်ခဲ့တဲ့တာဝန်တခုကို ကျနော်က ကြားဖြတ်ဝင်ထမ်းရတဲ့သဘောပါ။ အဲဒီအင်တာဗျုးမှာ ဘာ တွေမေးမှန်းမမှတ်မိတော့ပေမဲ့ ထူးထူးခြားခြား မှတ်မိနေတာတခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျုးထဲမှာ ဘယ်လိုညွှန်းဆိုမလဲဆိုတဲ့ ကိစ္စပါ။

အရင် ကိုမိုးအေး ဗျူးစဉ်က ဒေါ်အောင်ဆန်းစုကြည်လို့မခေါ်ပဲ ''အန်တီ'' လို့ခေါ်ပြီး ဒေါ်အောင်ဆန်းစု ကလည်း ''သား'' လို့ပြန်ခေါ်တဲ့အပေါ် လွတ်လပ်တဲ့သတင်းသမားဆိုသူတချို့က ဝေဖန်ကြပါတယ်။ ''သတင်းသမားက နိုင်ငံရေးသမားကို အင်တာဗျုးလုပ်နေတာဟုတ်ရဲ့လား၊ ပါတီခေါင်းဆောင်ကို ပါတီ ၀င်က ပင့်ပြီးမေးတာမျိုးလား'' လို့တောင် တချို့ကဝေဖန်ကြပါတယ်။ အဲဒီဝေဖန်မှုကိုကြားဖူးတဲ့ ကျနော် ဟာ ကိုယ့်အလှည့်မှာတော့ အန်တီလို့မခေါ်ပဲ ဒေါ်အောင်ဆန်းကြည်လို့ပဲခေါ်မယ်ဆိုပြီး စိတ်ကူးထား ပါတယ်။

ဒါပေမယ့် NLD ရုံးအဖွဲ့မှုး ဦးသိန်းဦးကတဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီဖုန်းလွဲပေးပြီးတဲ့နောက် နှုတ် ကျိုးနေတဲ့အတိုင်း ''အန်တီ'' လို့ နှုတ်ကနေ အလိုလိုထွက်သွားပါတယ်။ သူကလဲ ကျနော်ကို ''သား'' လို့ ပဲပြန်ခေါ်ပါတယ်။ အဲဒီလိုခေါ်မှလဲ ပိုရင်းနှီးပြီး ပြောရတာ ပိုအသက်ဝင်သလို ခံစားမိပါတယ်။ အဲဒီ အချိန်က အခေါ်ဝေါတွေကို ပြောရမယ်ဆိုရင် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်ကို အန်ကယ်၊ ၀ါရင့်နိုင်ငံ ရေးသမား သခင်သိန်းဖေနဲ့ သခင်ချန်ထွန်းကို အဘ၊ (အဘဆိုတာ အသက်အရွယ်အရကြီးရင့်လွန်း သူတွေကိုခေါ်တာဖြစ်ပြီး စစ်ဗိုလ်တွေသုံးတဲ့ ''အဘ'' နဲ့အဓိပ္ပါယ်နဲ့မတူပါ၊ ဒါပေမယ့် DVB သတင်းတွေ ကို မော်နီတာလုပ်ပြီးအင်္ဂလိပ်ဘာသာနဲ့ပြန်ရေးလေ့ရှိတဲ့ BBC Monitoring က အဘကို စစ်သားတွေ သုံးလေ့ရှိတဲ့ အဓိပ္ပါယ်နဲ့ပြန်တဲ့အတွက် အဘ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အဘိဓန်ထဲထည့်ရေးဖို့လိုနေပါ တယ်)။ NLD က အမျိုး သမီးခေါင်းဆောင်တွေကို အန်တီ စသဖြင့်ခေါ်တာ ကျနော်တို့ နှုတ်ကျိုးနေ ပါပြီ။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို အန်တီ လို့ခေါ်တာ ဘာထူးလဲပေါ့။ ဒါပေမယ့် နိုင်ငံတကာ သတင်း အသုံးအနှုံးမှာ ဒီလိုမျိုးတင်စားခေါ်ဝေါတာမတွေ့မိပါ။ အန်တီတွေ၊ အန်ကယ်တွေ၊ အဘတွေ၊ အဘိုး တွေ၊ ညီတွေ၊ ညီမတွေ စသဖြင့်ညွှန်းဆိုတဲ့ စကားလုံးအပိုတွေမကြားမိပါ။ လွန်လှကျွံလှ MR President, MR Prime Minister,  MR Chairman  ဆိုပြီး ခေါ်ရုံလောက်ပဲရှိမှာပေါ့။ (အနောက်တိုင်း အခေါ်ဝေါ်ကိုဆိုလိုခြင်းသာဖြစ်ပါတယ်။ အာရှနဲ့ အာဖရိကဖက်မှာ ကျနော်တို့မြန်မာတွေလိုပဲ ခေါ်ကြ သလား၊ မခေါ်သလား ကျနော်မလေ့လာရသေးပါ)။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကျတော့ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ၊ ဥက္ကဌတွေ စသဖြင့် ရာထူး တာဝန်တပ်ပြီး ဘယ်သူမှခေါ်တာမတွေ့ဖူးပါ။ အခု NLD ဥက္ကဌတာဝန်ယူနေစဉ်မှာလဲ ဒေါ်အောင်ဆန်း စုကြည်ကို ''ဥက္ကဌကြီးအနေနဲ့ဘာပြောချင်လဲ'' ဆိုပြီးမေးတဲ့ သတင်းထောက်တဦးမှမတွေ့မိသေး။ ကျ နော်တို့ခေတ်က ''အန်တီ'' ခေါ်သလို အခုခေတ်သတင်းထောက်တွေကလဲ ''အမေ'' လို့ခေါ်နေတာဟာ မြန်မာ့သတင်းလောက်က ဝေါဟာရအသုံးအနှုံးရဲ့ ထူးခြားချက်တခုလို့ပြောရမလားပါပဲ။


အစိုးရဖက်က လူတွေကိုကော အန်အယ်၊ အန်တီလို့ ရင်းရင်းနှီးနှီးခေါ်တာပဲလား


အဲဒီကာလအထိ အစိုးရဖက်ကလူတွေနဲ့အင်တာဗျုးဆိုလို့ ဘန်ကောက်မှာကျင်းပတဲ့ အာဆီယံ အစည်း ဝေးမှာတွေ့ဖူးတဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝင်းအောင်၊ ပြည်ထဲရေးက သူရမြင့်မောင်၊ ခရီးသွားလာရေး ၀န် ကြီးနှစ်ပါးနဲ့ ထောက်လှမ်းရေးက ဗိုလ်မှုးကြီးကျော်သိန်းတို့လောက်ကိုသာ လူချင်းတွေ့ ဗျုးဖူးပါတယ်။ အော်စလိုရောက်ပြီးကတည်းက အစိုးရဖက်ကလူတွေနဲ့ အင်တာဗျုးတခုမှ မရဖူးပါဘူး။ DVB မှ မ ဟုတ်ပါ။ တခြားရေဒီယိုတွေကိုလဲ အစိုးရဖက်က အင်တာဗျုးပေးလေ့မရှိပါ။

(ဒေါ်အောင်ဆန်းစုကြည်တို့ ယဉ်တန်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းကြားမှာ တားဆီးခံထားရစဉ်)

အဲဒီလိုသတင်းအမှောင်ချထားတဲ့ခေတ်မှာ အစိုးရဖက်ကလူတွေနဲ့စကားပြောခွင့်ရဖို့ဆိုတာ ဘယ်လွယ် ပါ့မလဲ။ အဲဒီမလွယ်တဲ့ကြားထဲက အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှုးလှမင်းနဲ့ ကျနော်စကားပြောခွင့်ရ လိုက်ပါတယ်။ စစ်ထောက်လှမ်းရေးအရာရှိတဦးဖြစ်တဲ့ ဗိုလ်မှုးလှမင်းဟာ မြန်မာမီဒီယာတွေကို စကား ပြောလေ့မရှိပေမဲ့ ရန်ကုန်ရောက်နိုင်ငံခြားသတင်းထောက်တွေကို အင်တာဗျုးပေးလေ့ရှိတဲ့အတွက် သူ အမည်ကသတင်းလောကမှာ လူသိများနေပါတယ်။

တကယ်ကတော့ သူနဲ့အင်တာဗျုး ရတာမဟုတ်ပါဘူး။ NLD ရုံးက ဖုန်းအပါဝင် ဘယ်ဖုန်းမှခေါ်မရလို့ စိတ်ညစ်ညစ်နဲ့ တယ်လီဖုန်းစာအုပ်ထဲက ဖုန်းတွေကိုတန်းစီခေါ်ရာကနေ စစ်ထောက်လှမ်းရေးရုံးဆီ ဖုန်းဝင်သွားပြီး သူနဲ့တန်းတိုးတာပါ။ NLD ရုံးကိုခေါ်မရဆို အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်တို့ ယဉ် တန်း ဧရာဝတီတိုင်းကိုအသွား ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းအစပ်ရှိ တံတားတခုအနီးမှာ တားဆီးခံ ထားရတဲ့အချိန်ပါ။

သူနဲ့ပြောဆိုတဲ့အချက်တွေကို အတိအကျမမှတ်မိတော့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ကို ဖမ်း ထားတာမဟုတ်တဲ့အကြောင်း၊ စိတ်ချလုံခြုံရတဲ့နေရာတခုမှာ ရှိနေတဲ့အကြောင်း၊ ဘယ်သူတွေက ဘယ်လိုတာဝန်ယူနေတဲ့အကြောင်းတွေကို သူက အလွတ်သဘောပြောပြသွားတာပါ။ ဒါပေမယ့် အဲဒီ နေ့က ထောက်လှမ်းရေးရုံးမှအပ ဘယ်မှဖုန်းခေါ်မရလို့ ဘာအသံမှလွှင့်စရာမရှိဖြစ်နေတဲ့ကျနော်တို့ဟာ ဒီအသံကို တည်းဖြတ်ပြီး ထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာပြသာနာတက်တော့တာပါပဲ။ ဘာ ကြောင့်လဲဆိုရင် အဲဒီအသံကို လွှင့်ပြီးညတွင်းချင်း ဗိုလ်မှုးလှမင်းတို့ရုံးကနေ ဒီလိုလုပ်တာ သတင်းကျင့် ၀တ်နဲ့မညီတဲ့အကြောင်း Fax နဲ့ ကန့်ကွက်စာပေးပို့လာပါတယ်။

မှန်ပါတယ်။ တရားဝင်အင်တာဗျုးလုပ်တာလဲမဟုတ်၊ အသံသုံးမယ်လို့ခွင့်ပြုချက်လည်းမတောင်းပဲနဲ့ ဒီတိုင်းလွှင့်ချလိုက်တာ သတင်းကျင့်ဝတ်နဲ့ ဘယ်ညီပါ့မလဲ။ ဒါပေမယ့် အသံသုံးဖို့ကော သူတို့ဖက်က ဘယ်တုန်းက အင်တာဗျုးပေးဖူးလို့လဲ။ သူတို့ဖက်ကလူတွေကကော အစိုးရကျင့်ဝတ်နဲ့ဘယ်လောက် ညီနေလို့လဲ။ ကျင့်ဝတ်မရှိသူကို ကျင့်ဝတ်အပြည့်နဲ့ သွားဆက်ဆံနေရင် ဘယ်အလုပ်ဖြစ်ပါ့မလဲဆိုပြီး ကျနော်တို့သတင်းသမားအချင်းချင်းကြား ငြင်းခုန်ခဲ့ ကြတာကို အမှတ်ရနေပါတယ်။

တဆက်တည်းတင်ပြချင်တဲ့နောက်ဥပမာတခုကလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလားတူ တားဆီးခံ ခရီးစဉ်တခုနဲ့ ဆက်စပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ မန္တလေးကိုသွားဖို့ကြိုးစားစဉ် အစိုးရ ဖက်က အတားအဆီးအမျိုးမျိုးလုပ်ခဲ့ပြီး နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ ရထားတွဲတခု လုံးကိုဖြုတ်ပြီး ချန်ထားခဲ့လိုက်ပါတယ်။ ထုံးစံအတိုင်း အရပ်သတင်းနဲ့ စက်သတင်း (နယ်စပ်ရှိ ကြား ဖြတ်စက်ကနေ ဖမ်းယူရရှိတဲ့သတင်း) အဖြစ်သာ ဒါကို ကြားရပြီး NLD ရုံးအပါဝင် ဘယ်ကိုမှဖုန်းခေါ် လို့မရပါ။

အဲဒီအချိန်မှာ သတင်းအယ်ဒီတာကိုမိုးအေးနဲ့ အပတ်စဉ်ကဏ္ဍတာဝန်ခံကိုစိုးဝင်းညိုတို့ ၂ ဦးညှိနှိုင်းပြီး ရန်ကုန်ဘူတာကြီး ရုံးကိုဖုန်းခေါ်တာဝင်သွားပါတယ်။ အဲဒီအချိန်မှာ DVB ကလို့ပြောပြီး ရိုးရိုးမိတ်ဆက် အင်တာဗျုးတောင်းရင် တခါတည်းဖုန်းချသွားမှာပေါ့။ ဒီိတော့ ''ဟေ့ကောင်တွေ နောက်ဆုံးအခြေနေကို ပြောပြစမ်း၊ ငါ ဗိုလ်မှုး...၊ ထောက်လှမ်းရေးတပ် ...ကနေ မေးတာ'' ဆိုပြီး ကိုစိုးဝင်းညိုက မန္တလေး လေ သံနဲ့ ဟောက်ထည့်လိုက်ပါတယ်။ ဒီတော့ ဟိုဖက်ကရုံပိုင်လား၊ ရထားရဲအရာရှိလားမသိပါဘူး။ ထိပ် ထိပ်ပြာပြာနဲ့ ဖြစ်စဉ်အသေးစိပ်ကို အစီရင်ခံပါတော့တယ်။ ဒီလိုနဲ့သတင်းတခုလုံးကိုကျနော်တို့ ရလိုက် တယ်ဆိုပါတော့။

ဒါကို သတင်းကျင့်ဝတ်ချိုးဖောက်တယ်လို့ပြောရင် ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် သတင်းအမှောင်ချ ထားတဲ့ အဲဒီကာလလိုအခြေနေမျိုးမှာ ဒီလိုမလုပ်ရင် ဘယ်လိုနည်းနဲ့သတင်းရနိုင်မလဲ။ သမ္မတက အစ၊ ၀န်ကြီးတွေ၊ ဌာနဆိုင်ရာတွေအထိ သတင်းထောက်တွေကိုယ်တိုင်သွားပြီးမေးမြန်းခွင့်ရနေတဲ့ ဒီနေ့ အ ခြေနေနဲ့စာရင် လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ဝန်းကျင်အခြေနေဟာ နှိုင်းယှဉ်ပြလို့မရအောင်ကို ကွာခြားလှ တယ်ဆိုတာကို တင်ပြလိုခြင်းသာဖြစ်ပါတယ်။    ။

(မှတ်ချက်။   ။ ဒီဆောင်းပါးကို သတ်ပုံမစစ်ရသေးပါ။ သတ်ပုံအမှားနဲ့ စာလုံးအကျအနများလွဲမှားနေပါက သီးခံပြီးဖတ်ကြပါရန်)။

ထက်အောင်ကျော်
http://www.htetaungkyaw.net/2014/08/blog-post_29.html


တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၅) တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၅) Reviewed by သစ်ထူးလွင် on 04:26 Rating: 5
Powered by Blogger.