ရန်ကုန်တဘက်ကမ်း မြေ ၁ ဧက သိန်းထောင်ချီ ဈေးတက်

ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် ရန်ကုန်မြို့တဖက်ကမ်းမှာ မြေဈေးနှုန်းတွေ အဆမတန် မြင့်တက် နေပါတယ်။

အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ကုန်ကျခံ တည်ဆောက်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းကို လွှတ်တော်မှာ ရှင်းလိုက်ပြီး ရက်ပိုင်းအတွင်းမှာ စီမံကိန်းဧရိယာအတွင်း ကျနေတဲ့ ရန်ကုန်တဘက်ကမ်းက အိမ်ခြံမြေဈေးတွေ တဟုန်ထိုး ခုန်တက်သွားပါတယ်။

New City Yangonတွံတေးလမ်းမကြီးပေါ်မှာရှိတဲ့ ပွဲစားတဦးကတော့ တွံတေးမြို့က လက်ရှိ မြေပေါက်ဈေးတွေကို ခုလို ဆိုပါတယ်။
“နယ်တွေလည်း ရှိသေးတယ်။ တောတွေမှာလည်း မြေတွေကျန်သေးတယ်။ လမ်းဆုံနဲ့ မဝေးတဲ့နေရာမှာ သိန်း ၁၂၀၀၊ မြစ်ကောက်ကမ်းမှာ သိန်း ၇၀၀ ခေါ်ထားတယ်။ အတွင်းထဲမှာ ၁ ဧက ၅၀၀ ရှိတယ်။ ၆၅၀ ရှိတယ်။ ၅၅၀ လည်းရှိတယ်။”

မြေဈေးတွေဟာ ပြီးခဲ့တဲ့ ၄ နှစ်လောက်က လမ်းမကြီးဘေးက ၁ ဧကကို ၁၀ သိန်းဝန်းကျင် ရှိခဲ့ရာကနေ ခုချိန်မှာထောင်ချီတဲ့အထိ ပေါက်ဈေးရှိနေတာပါ။

စီမံကိန်းအတွင်းမှာ ပါဝင်တဲ့ ကြည့်မြင်တိုင်တဖက်ကမ်း၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေး မြို့နယ်တွေအပြင် ဒလနဲ့ ကွမ်းခြံကုန်းနားကမြေတွေအထိ အရောင်းအ၀ယ်ဖြစ်နေကြတာပါ။

ဒီမြို့နယ်တွေကို ဖြတ်သွားတဲ့ လမ်းမကြီးတွေရဲ့ ဘေးတက်တချက်တွေမှာ ဥယျာဉ် လယ်မြေ ရောင်းရန်ရှိသည်ဆိုတဲ့ ဆိုင်းဘုတ်တွေ၊ ဆိုင်ကယ်တွေနဲ့ပွဲစားတွေကို လမ်းတလျှောက် မှာ ဟိုတစု ဒီတစု တွေ့ရပါတယ်။

မြေယာတွေကို လာကြည့်ကြတဲ့သူတွေ အရောင်းအ၀ယ်လုပ်ကြတဲ့သူတွေကလည်း နေ့စဉ်မပြတ် ရှိနေကြတယ်လို့ ကျေးရွာတွေမှာ နေထိုင်တဲ့သူတွေက ဆိုကြပါတယ်။ လာဝယ်သူ အများစုက တရုတ်လူမျိုးတွေ ဖြစ်ကြပါတယ်။

ဝယ်လိုတဲ့နေရာအတိအကျ ပြောပြဖို့ မြေပုံတွေ ပါလာတတ်ပြီး စရံပေးဖို့ ပိုက်ဆံတွေလည်း ယူလာကြတာ တွေ့ရပါတယ်။

တွံတေးမြို့နယ်တ၀ိုက်က ကျေးရွာပေါင်း ၅၅ ရွာလောက်မှာ ရောင်းချဖို့ လယ်မြေ ၄ ပုံ ၁ ပုံလောက်သာ ကျန်တော့ကြောင်း လယ်သမားဦးဝင်းမြင့်က ခုလိုပြောပါတယ်။

“ကျန်တာတွေက ရောင်းပြီးသွားပြီ။ လယ်မြေ ၄ ချိုး ၁ ချိုးလောက်ပဲ ကျန်တော့တယ်။ လယ်သမားဦးရေနဲ့ဆိုရင် လယ်တွေ ကုန်သွားတဲ့သူတွေ ပိုများတယ်။ ကျန်တဲ့သူ အနည်းအကျဉ်းလောက်ပဲ ရှိတယ်။”

လယ်သမားအများစုက လယ်မြေတွေရောင်းချပြီး တခြားစီးပွားရေး ပြောင်းလုပ်ကြသလို တချို့ကလည်း လယ်မြေနည်းနည်း ချန်ထားတယ်လို့ သူက ထပ်ပြောပါတယ်။

တွံတေးမြို့ဝန်းကျင်မှာ လယ်သမားတွေ အတော်ကို နည်းပါးသွားကြပြီး လယ်မြေ စိုက်စားတာထက် တခြားစီးပွားရေးလုပ်တာက ပိုအဆင်ပြေတာကြောင့်လို့ လယ်သမားတဦးက ဆိုပါတယ်။

ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ နေထိုင်တဲ့ ကိုရဲအောင်ကတော့ ဒီမှာနေချင်ပေမယ့် ဈေးရရင်ရောင်းပြီး တခြားနေရာပြောင်းမှာ ဖြစ်ကြောင်းဆိုပါတယ်။

“မြို့ပြစီမံကိန်းတည်မယ်ဆိုရင် ကျနော်တို့က ဈေးကောင်း လာပေးရင် လာပေးတဲ့သူကို ရောင်းမှာပဲ။ ပေ ၁၀၀ သိမ်းရင် ပေ ၁၀၀ ပြန်ပေးရင် ဟိုးအစွန်အဖျားရောက်သွားမှာပဲ။ ”

မြို့ရွာအိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း ဦးမြင့်ဆွေက ဒီလို ဈေးတွေတက်လာတဲ့ အပေါ် သူ့အမြင်ကို ခုလို သုံးသပ်ပြောကြားပါတယ်။

“၀ယ်ထားရင် တနေ့ ကာလပေါက်ဈေးရမယ်ဆိုတဲ့ အမြင်က လွှမ်းမိုးနေတယ်။ နောက်တခုက ဒီငွေနဲ့ပတ်သက်ပြီး အခွန်ကောက်ခံမှုတွေ၊ ဒီငွေနဲ့ပတ်သက်ပြီး ငွေကြေးခ၀ါချဖို့လာတာလား။ ဒါတွေက ဘယ်အရင်းအမြစ်က လာတာလဲ။ ဒါကို နည်းလမ်းဝိုင်းရှာရမယ်။ ဒီအတိုင်းကြီး လွှတ်ထားဖို့ မဖြစ်ဘူး။”

ဒီစီမံကိန်းနဲ့ ပတ်သက်လို့ သေချာရေးရာမှုတွေ မရှိသေးသလို ဒီစီမံကိန်းနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေးပိုင်းက ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ဆောင်ဖို့ အမတ်တွေကလည်း ထုတ်ဖော်ပြောဆိုလာကြတာတွေ ရှိပါတယ်။

ရှမ်းညီနောင် အိမ်ခြံမြေ အကျိုးဆောင်ကတော့ ရန်ကုန်မြို့သစ် စီမံကိန်းဖြစ်ဖြစ် မဖြစ်ဖြစ် အိမ်ခြံမြေဈေး ကျဖို့ မရှိကြောင်းပြောဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေးမှာ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပက်သက်လို့ ပြောဆိုမှုရှိလာပြီး ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်တွေမှာရှိတဲ့ မြေဧက ၃ သောင်းပေါ်မှာ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

မြို့သစ်စီမံကိန်းပြုလုပ်မယ့် မြေတွေအတွက် လယ်ယာမြေဥပဒေ ပုဒ်မ ၂၉ အရ ခွင့်ပြုချက်ရထားပြီးပြီလို့လည်း သိရပါတယ်။

By သာနိုးဝေ (ဒီဗွီဘီ)
http://burmese.dvb.no/archives/63482


ရန်ကုန်တဘက်ကမ်း မြေ ၁ ဧက သိန်းထောင်ချီ ဈေးတက် ရန်ကုန်တဘက်ကမ်း မြေ ၁ ဧက သိန်းထောင်ချီ ဈေးတက် Reviewed by သစ်ထူးလွင် on 20:05 Rating: 5
Powered by Blogger.