သံဖြူဇရပ်မြို့နယ် ရဲတံခွန် ရာဘာခြံလုံခြုံရေး မွန်ပြည်သစ်ပါတီတပ်ဖြန့်ထား

 သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာတဝိုက် ရာဘာခြံပိုင်ရှင်များ အကူအညီ တောင်းခံသဖြင့် မွန်ပြည်သစ် ပါတီ တပ်ဖွဲ့ဝင်များ လုံခြုံရေးတပ်ဖြန့် စောင့်ရှောက်ထား သည်ဟု သိရသည်။

ဒေသရှိ KNU အဖွဲ့အစည်းနှင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့များ အဆက်အသွယ်ရယူပြီး ရာဘာခြံများအား လုံခြုံရေး အကူအညီ ပေးအပ်ခြင်းသာ ဖြစ်ကြောင်း မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ သံဖြူဇရပ်မြို့နယ် စစ်ကြောင်းမှူး ဗိုလ်ကြီးမျိုးသွေးက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

“ကျနော်တို့တပ်ဖွဲဝင်တွေ အခုလိုစောင့်ရှောက်ပေးတာ ဝမ်းသားတယ်လို့ ခြံသမားတွေက ပြောကြတယ်၊ သူတို့တတွေ ကြောက်လန့်နေရတယ်၊ ကြုံတွေ့လာခဲ့ရတဲ့ အဖြစ်အပျက်တွေအပေါ် စိတ်မကောင်းကြဘူး” ဟု ၄င်းက ဆက်ပြောသည်။

KNU/KNLA-PC တပ်ဖွဲဝင်ဗိုလ်မှူစိုးစိုး ဆိုသူနှင့် KNU ဗိုလ်လက်ဝဲ ဆိုသူတို့ ပူးပေါင်းပြီး ပြီးခဲ့သည့်ဇူလိုင်လ (၁၈)နေ့တွင် ရဲတံခွန်ကျေးရွာအနီးတဝိုက် ရာဘာခြံရှင် (၄၈)ဦးအား ခြံကိစ္စဆွေးနွေးရန် ဆင့်ခေါ်ရာ ခြံသမားများမလာရောက်ကြသဖြင့် ဇူလိုင်လ(၂၂)ရက်နောက်ဆုံးထား၍ ကျေးရွာအုပ်ချူပ်ရေးမှူးအိမ်သို့လာရောက်တွေ့ဆုံရန် အဓိက (၃)နေရာတွင် ဆိုင်းဘုတ်ထောင် ခြိမ်းခြောက်ထားရာမှ ခြံသမားအများစုက ဒေသရှိ မွန်ပြည်သစ်ပါတီကို အကူအညီတောင်းဆိုလာခြင်း ဖြစ်သည်။

ရဲတံခွန်ကျေးရွာနေ ရွာသားတစ်ဦးက “အဓိက ရှုပ်နေတာ ဗိုလ်လက်ဝဲနဲ့ ကိုသားငယ်ဘဲ၊ သူတို့က ခြံရှင်တွေကို အကြိမ်ကြိမ် ငွေတောင်းနေတော့ ခြံရှင်တွေလဲ ဘယ်ပေးနိုင်တော့မှာလဲ၊ ဒါကြောင့် မွန်ပြည်သစ်ပါတီပါတီကို အကူအညီတောင်းကြတော့တာပဲ” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးကြည်စန်းက ရဲတံခွန်ကျေးရွာတဝိုက် ရာဘာခြံလုပ်ငန်းများ အစေးလှီးချိန်ကာလများအထိ လုံခြုံမှုရှိစေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ပြောသည်။

ရာဘာခြံလုပ်ငန်းရှင် ကိုစိုးအောင်က “နောက်လဆို အစေးလှီးချိန်ရောက်ပြီး ၊ ခြံသမားတွေ အတွက် မွန်ပြည်သစ်က တပ်ဖွဲ့ဝင်တွေ အခုပုံစံမျိုး လုံခြုံရေးလှည့်ပေးရင် ပိုကောင်းမယ်၊ အဲဒါမှ စိတ်ချမ်းးချမ်းသာသာနဲ့ အစေးလှီးလို့ရမယ်” ဟု ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ဘားအံဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောအောင်ချစ်က ရဲတံခွန်ကျေးရွာရာဘာခြံနှင့်ပတ်သက်၍ ၄င်းတို့၏တပ်ဖွဲ့နာမည်ခံထားသည့်ကိစ္စအား အထက်လူကြီးထံတင်ပြပြီး သဘောထားထုတ်ပြန်သွားမည်ဟု ဆိုသည်။

ငြိမ်းချမ်းရေးကောင်စီ KNU/KNLA ဗိုလ်မှူးစိုးစိုးနှင့် KNU ကရင်အမျိုးသားအစည်းအရုံး ဗိုလ်လက်ဝဲ အမည်ဖြင့် “ရဲတံခွန်နယ်မြေအတွင်းရှိခြံရှင်များ ၂၂. ၇. ၂၀၁၄ ရက်နေ့နောက်ဆုံးထားပြီး လာရောက်ဆွေးနွေးရန်နှင့် ပျက်ကွက်ပါက နောက်ပိုင်းခြံကိစ္စများ လုံးဝတာဝန်မယူပါ” ဟူ၍ သံဖြူဇရပ်-ရဲတံခွန်-ဘုရားသုံးဆူ မော်တော်ကားလမ်းဘေးတွင် ဆိုင်းဘုတ်ထောင်ထားသည်ကို ဓါတ်ပုံမှတ်တမ်းတင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

ရေးသားသူ: မင်းထူးသစ်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ
http://burmese.monnews.org/


မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များလှုပ်ရှားနေစဉ်

သံဖြူဇရပ်မြို့နယ် ရဲတံခွန် ရာဘာခြံလုံခြုံရေး မွန်ပြည်သစ်ပါတီတပ်ဖြန့်ထား  သံဖြူဇရပ်မြို့နယ် ရဲတံခွန် ရာဘာခြံလုံခြုံရေး မွန်ပြည်သစ်ပါတီတပ်ဖြန့်ထား Reviewed by သစ်ထူးလွင် on 21:54 Rating: 5
Powered by Blogger.