ဖားကန့်တွင် ဥရုချောင်းရေလျှံကာ ၇ ပေခန့်အထိ ရေလွှမ်းခဲ့

ချင်းမိုင်၊ မဇ္ဈိမ။            ။ ဥရုချောင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ငှက်ပျောတောရပ်ကွက်တွင် ဇွန်လ ၂၉ရက်က ၇ပေခန့်အထိ နစ်မြုပ်ခဲ့ပြီး ဇွန်လ ၃ဝ ရက်တွင် ရေပြန်ကျသွားပြီဟု ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဘဏ္ဍာရေးမှူး ဦးသောင်းစံက မဇ္ဈိမကို ပြောသည်။

“မနေ့ကတော့ ကမ္ဘောဇဘဏ် လှေကားအထိ ရောက်တယ်။ ဘဏ်ထဲတော့ မဝင်ဘူး။ ငှက်ပျောတောရပ်ကွက်က လူတရပ်ကျော်ဆိုတော့ ၆ ပေ၊ ၇ ပေထိ ပေါ့။ ဖားကန့်မှာ မိုးရွာတာက နည်းနည်းပဲ။ ဒါပေမဲ့ အထက်ဥရုချောင်းရဲ့ မြစ်ဖျားခံတဲ့နေရာမှာ တအားရွာတော့ ချောင်းရေက လျှံတက်လာတာ”ဟု ဦးသောင်းစံက ပြောသည်။

ဇွန်လ ၂၉ရက်ကမူ ငှက်ပျောတော ရပ်ကွက်တစ်ခုလုံး ရေလျှံခဲ့ရသဖြင့် ရပ်ကွက်အတွင်းရှိ ရေလွတ်ရာ အိမ်များကို မိသားစုများ ရွှေ့ပြောင်းနေထိုင်ခဲ့ရသော်လည်း လူနေအိမ်များ ပျက်ဆီးရှုံးဆုံးမှု၊ လူသေဆုံးမှုများ မရှိခဲ့ကြောင်း သူက ပြောသည်။

“ရေက တဖြည်းဖြည်းနဲ့ တက်တယ်ဆိုတော့ ပြင်ဆင်ချိန်ရတယ်။ ပြင်ဆင်ဖို့ ရေလွတ်တဲ့အိမ်တွေက အကူအညီတွေလည်း ရပ်ကွက်သူ အချင်းချင်းပေးကြတယ်”ဟု သူက ဆက်ပြောသည်။

ဇွန်လ ၃ဝ ရက်တွင်မူ ဆိုင်ကယ်များ သွားလာနိုင်သော်လည်း တချို့နေရာများတွင် ရေခါးအောက်ထိ ရှိနေသေးသည်ဟု ငှက်ပျောတောရပ်ကွက်နေ NLD မိုးညှင်းခရိုင် ဘဏ္ဍာရေးမှူး ဦးဟန်မြင့်၏သား ကိုမြင့်စိုးက မဇ္ဈိမကို ပြောသည်။

“မနေ့ညက ၁ဝ နာရီကျော်လောက်မှ ရေက ကျသွားတယ်။ ရေက ကျသွားတယ်ဆိုပေမယ့် ကျွန်တော်တို့ ငှက်ပျောတောရပ်ကွက်မှာက ခါးအောက်တော့ ရေရှိသေးတယ်။ ဒီနေ့တော့ ဆိုင်ကယ်သွားလို့ ရပြီ။ ဟိုငှက်ပျောတော ပတ်လမ်းဘက်မှာတော့ သွားလို့ မရသေးဘူး” ဟု ကိုမြင့်စိုးက ပြောသည်။

ငှက်ပျောတောရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးအောက်တွင် ရေလွမ်းမိုးနေဆဲ ဖြစ်၍ အဖွဲ့ချုပ်ဝင်များ ရုံးတက်ရောက်နိုင်ခြင်း မရှိခဲ့ဟုလည်း သူက ဆိုသည်။

ယင်းအပြင် ဥရုချောင်းရေ ကြီးလာသဖြင့် လောင်ခန်(လုံးခင်း)ကြိုးတံတားသည်လည်း ဇွန်လ ၂၉ရက်က မြုပ်သွားခဲ့သေးသည်ဟု ဖားကန့်မြို့ခံ ကိုနောနော်က ပြောသည်။

ဖားကန့်မြို့တွင် နှစ်တိုင်းလိုလို ဥရုချောင်းရေကြီး၍ မြေပြိုမှုကြောင့် လူသေဆုံးမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

 Written By ဖနိဒါ
Mizzima - News in Burmese


ဖားကန့်တွင် ဥရုချောင်းရေလျှံကာ ၇ ပေခန့်အထိ ရေလွှမ်းခဲ့  ဖားကန့်တွင် ဥရုချောင်းရေလျှံကာ ၇ ပေခန့်အထိ ရေလွှမ်းခဲ့ Reviewed by သစ်ထူးလွင် on 17:36 Rating: 5
Powered by Blogger.