တာဝန်ကျဆရာမများကို အိမ်အစုတ်တွင် နေရာချပေးသည့်အတွက် အခက်အခဲဖြစ်နေ

ဇွန်လ ၁၃ ရက် (လပွတ္တာ)

 ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၊ သစ်ပုပ်အုပ်စု၊ ကွင်းပေါက်ကျေးရွာ မူလတန်းလွန်ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်ဆရာမကြီးအပါအ၀င် မူလတန်းပြ ဆရာမတွေကို အမိုးအကာတွေ ပေါက်ပြဲနေတဲ့ နေအိမ်အဟောင်းမှာ နေရာချပေးထားတဲ့အတွက် တာဝန်ကျဆရာမတွေမှာ မိုးရာသီကာလအတွင်း နေရေးထိုင်ရေး အခက်အခဲဖြစ်နေကြောင်း သစ်ထူးလွင်က သတင်းရရှိပါတယ်။

“ကျောင်းအုပ်ဆရာမကြီး မိသားစုနဲ့ မူလတန်းပြ ဆရာမလေး ၂ ဦးရဲ့ မိသားစုပေါ့။ စုစုပေါင်း မိသားစု ၃ စုဟာ အဲဒီအိမ်နှစ်ခန်းတွဲအဟောင်းမှာပဲ စုနေရတယ်။ အခန်းက ၂ ခန်းတွဲဆိုပေမယ့် အထဲမှာ အခန်းကို သေချာကန့်ထားတာ မရှိဘူး။ အိမ်နောက်ဖေးကလည်း အမိုးမရှိလို့ ပလတ်စတစ် မိုးကာစနဲ့ ကာထားတယ်။ အိမ်သာကလည်း တခြမ်းစောင်းနေတဲ့အိမ်သာ။ အိမ်မကြီးအမိုးကလည်း ပေါက်နေသေးတယ်။ နောက်ဖေး ရေကပြင်မှာက ကြမ်းတွေက အပေါက်အပြဲတွေနဲ့ အိမ်ကို နောက်ဖေးပေါက်ကတောင် ဆင်းလို့မရဘူး။ အဲတော့ ဆရာမတွေမှာ နေရေးထိုင်ရေး အတော်ကို ဒုက္ခတွေ့နေတယ်”လို့ တာဝန်ကျဆရာမတဦးရဲ့ ဆွေမျိုးတဦးက သစ်ထူးလွင် ကို ပြောပါတယ်။

ကွင်းပေါက်ကျေးရွာ မူလတန်းကျောင်းမှာ ဆရာမ ၅ ဦးတာဝန်ထမ်းဆောင်နေပြီး အဲဒီအထဲက ဆရာမ ၂ ဦးကတော့ ဒေသခံတွေဖြစ်တဲ့အတွက် နေစရာအခက်အခဲ မရှိပါဘူး။ ရပ်ဝေးက လာရောက်တာဝန်ထမ်းဆောင်ရတဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ မူလတန်းပြ ဆရာမ ၂ ဦးတို့ရဲ့ မိသားစုပဲ နေရေးထိုင်ရေး အခက်တွေ့နေတာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီကိစ္စကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ရွှေဆီတင်ပြပေမယ့် မနက်ဖြန်လုပ်ပေးမယ်၊ သန်ဘက်ခါ လုပ်ပေးမယ်ပဲပြောတယ်။ ပြီးတော့ ဘာမှ လုပ်မပေးဘူး။ အဲတော့ ကလေးတွေကို စာသင်ပြရတဲ့ကျောင်းဆရာမတွေရဲ့ ဂုဏ်သိက္ခာနဲ့ လုံးဝမလျော်ညီတဲ့ အိမ်စုတ်အိမ်ပျက်မှာ ဖြစ်သလို နေနေရတာ ဘယ်လိုမှ မသင့်တော်ပါဘူး။ ဆိုလိုတာက အိမ်အသစ်ဆောက်ပေးဖို့ ပြောတာ မဟုတ်ဘူး။ ဆရာမတွေဂုဏ်သိက္ခာနဲ့ ကိုက်ညီမယ့် သင့်တင့်မျှတတဲ့အိမ်မျိုးတော့ ကျေးရွာက စီစဉ်ပေးသင့်ပါတယ်”လို့ တာဝန်ကျဆရာမရဲ့ ဆွေမျိုးဖြစ်သူက ပြောပါတယ်။

ဒါ့အပြင် နွေရာသီကျောင်းပိတ်ချိန်မှာ ကွင်းပေါက်ကျေးရွာစာသင်ကျောင်းကို သော့တွေခတ်ပြီး အလုံပိတ်ထားခဲ့ပေမယ့် နွေရာသီကာလမှာပဲ လူတချို့က ကျောင်းတံခါးမတွေကို ဖျက်ဆီးပြီး ကျောင်းရဲ့စာရင်းတွေ သိမ်းဆည်းထားတဲ့ ကျောင်းသုံးဗီရိုကိုဖွင့်ပြီး စာရွက်စာတမ်းတွေကို ဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ကျောင်းသုံးဗီရိုဖွင့်ဖောက် ဖျက်ဆီးခံရတဲ့အတွက် ကျောင်းလုပ်ငန်းဆိုင်ရာ မှတ်တမ်းတွေ၊ ကျောင်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပျောက်ဆုံးကုန်ပြီး ကျောင်းပြောင်းလက်မှတ်ပေးဖို့၊ ကျောင်းသားတွေကို အကဲဖြတ်မှတ်တမ်းလုပ်ဆောင်ဖို့ တာဝန်ကျဆရာမတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

BY THIT HTOO LIWN



တာဝန်ကျဆရာမများကို အိမ်အစုတ်တွင် နေရာချပေးသည့်အတွက် အခက်အခဲဖြစ်နေ  တာဝန်ကျဆရာမများကို အိမ်အစုတ်တွင် နေရာချပေးသည့်အတွက် အခက်အခဲဖြစ်နေ Reviewed by သစ်ထူးလွင် on 15:07 Rating: 5
Powered by Blogger.