ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေး ဒေါ်အောင်ဆန်းစုကြည် မအူပင်တွင် ဟောပြောမည်


ပုသိမ်၊ မေ ၎

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့သို့ မေလ ၁၀ ရက်နေ့တွင် လာရောက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

“ပထမတစ်ကြိမ် မအူပင်ကိုသွားဖို့ စီစဉ်ပြီးကာမှ ခြေသန်းခွဲစိတ် ကုသလိုက်ရတဲ့အတွက် မသွားဖြစ်လိုက်ဘူး၊ ကတိပေးထားတာကို အကောင်အထည်ဖော်ဖို့ သွားတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထု ဟောပြောပွဲလည်း ပါမယ်” ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် မြန်မာနိုင်ငံ မြို့ကြီးများတွင် ဟောပြောမှုများ ဆောင်ရွက် ခဲ့သော်လည်း မအူပင်မြို့တွင်မူ ဟောပြောဖူးခြင်း မရှိသေးပေ။

“မအူပင် တက္ကသိုလ်အနီးက တောင်သူကြီး တစ်ဦးပိုင် လယ်မြေပေါ်မှာ လူထုဟောပြောပွဲ လုပ်မှာပါ။ စင်မြင့်ကပေ ၃၀၊ ပေ ၄၀ အကျယ် ရှိမယ်” ဟု ဧရာဝတီတိုင်းဒေသကြီး NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးလင်းသူက ရှင်းပြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် NLD ပါတီနှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့မှ မေလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ မေလ ၁၈ ရက်နေ့တွင် မန္တလေးမြို့၌ လည်းကောင်း လူထုဟောပြောပွဲများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသည်။

The Voice Weekly

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေး ဒေါ်အောင်ဆန်းစုကြည် မအူပင်တွင် ဟောပြောမည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေး ဒေါ်အောင်ဆန်းစုကြည် မအူပင်တွင် ဟောပြောမည် Reviewed by သစ်ထူးလွင် on 15:44 Rating: 5
Powered by Blogger.