ဆိုးရွားသည့် ရာသီဥတုနှင့် ရင်ဆိုင်နေရသည့် ကိုရီယား သင်္ဘောမှောက် ကယ်ဆယ်ရေး လုပ်ငန်း


အောင်ဟိန်းခိုင် ၊ ဧပြီ ၁၇

ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ကိုရီးယားနိုင်ငံ အနောက်တော်ပိုင်း ကိုရီးယားကမ်းလွန်တွင် လူပေါင်း ၄၇၇ ဦးနှင့်အတူ နစ်မြုပ်ခဲ့သောကူးတို့သင်္ဘောပေါ်မှ ပျောက်ဆုံးလျက်ရှိသော လူများကိုကယ်ဆယ်ရန်အတွက် ဆိုးရွားသော ရာသီဥတုအခြေအနေများနှင့်ရင်ဆိုင်နေရကြောင်းသိရသည်။

အင်ချွန်းမြို့မှ ထွက်ခွါလာခဲ့သော ကူးတို့သင်္ဘောပေါ်တွင် လေ့လာရေးခရီးထွက်လာကြသည့် အထက်တန်းကျောင်းသား၊ကျေင်းသူအများစုပါလိုက်ပါလာခဲ့သောကြောင့် ပျောက်ဆုံးလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ မိဘများနှင့်ဆွေမျိုးမိတ်ဆွေသင်္ဂဟ တို့မှာ စိုးရိမ်ပူပန်လျက်ရှိသည်။

ယခုလက်ရှိထုတ်ပြန်ချက်များအရ ကူးတို့သင်္ဘောနစ်မြုပ်ရာတွင်ပါဝင်ခဲ့သော လူပေါင်း ၄၇၇ ဦးအနက် ၁၇၉ ဦးကို ကယ်တင်နိုင်ပြီးဖြစ်သော်လည်း ၂၉၈ ဦးခန့်မှာ ယခုချိန်ထိ ပျောက်ဆုံးလျက်ရှိသည်။ ပျောက်ဆုံးလျက်ရှိသော ၂၉၈ ဦးအနက် လူပေါင်း ၁၀၀ ခန့်ကို ဇောက်ထိုးအနေအထားဖြင့် နစ်မြုပ်လျက်ရှိသော ကူးတို့သင်္ဘောပေါ်တွင် ပိတ်မိနေသည်ဟု မျှော်လင့်ရသည်။

အထက်တန်းကျောင်းသား၊ကျောင်းသူအများစုပါဝင်သော ပျောက်ဆုံးလျက်ရှိသူများကို ကယ်တင်ရန် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော ရေငုပ်သမားများသည် အပူချိန် ၁၀ ဒီဂရီ ဆဲလ်စီးယပ် မှ ၁၃ ဒီဂရီ ဆဲလ်စီးယပ် အထိအေးသော ပင်လယ်ရေပြင်အတွင်း အပူတပြင်းရှာဖွေနေကြသည်။

ရေတပ်နှင့် ကမ်းခြေစောင့် တပ်မှ ရေငုပ်သမားများကလည်း သင်္ဘောပေါ်တွင်ပိတ်မိနေသော လူများကိုကယ်တင်နိုင် ရန်အတွက် နစ်မြုပ်နေသော သင်္ဘောအတွင်းသို့ ၀င်ရောက်ရန် ၁၀ ကြိမ်ခန့်ကြိုးပမ်းခဲ့ကြသော်လည်း ရေအောက်ရှိဆိုးရွားလှသော မြင်ကွင်းအခြေအနေနှင့် ရေခဲမတက် အေးလှသော ပင်လယ်ရေအနေအထားများကြေင့် အောင်မြင်ခြင်း မရှိသေးပေ။ ဆိုးရွားလှသော ရာသီဥတုအခြေအနေများကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ခေတ္တခဏ ရပ်ဆိုင်းခဲ့ရပြီး ယနေ့ ၁၇ ရက်နေ့ အစောပိုင်းမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ခဲ့ပြီဖြစ်သည်။

သေဆုံးပြီ ဟု အတည်ပြုထားသည့် လူကိုးဦးနှင့်အတူ ပျောက်ဆုံးလျက်ရှိသော ကျောင်းသားကျောင်းသူများကို စိုးရိမ်ပူပန်လျက်ရှိသော မိသားစု ၀င်များကို ယနေ့ နံနက်ပိုင်းတွင် တောင်ကိုရီယားသမ္မတ ပတ်ဂွမ်ဟီး ကိုယ်တိုင် လာရောက်တွေ့ဆုံအားပေးခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ဆိုးရွားသည့် ရာသီဥတုနှင့် ရင်ဆိုင်နေရသည့် ကိုရီယား သင်္ဘောမှောက် ကယ်ဆယ်ရေး လုပ်ငန်း ဆိုးရွားသည့် ရာသီဥတုနှင့် ရင်ဆိုင်နေရသည့် ကိုရီယား သင်္ဘောမှောက် ကယ်ဆယ်ရေး လုပ်ငန်း Reviewed by သစ်ထူးလွင် on 20:50 Rating: 5
Powered by Blogger.