ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုတို့ ရွေးကောက်ပွဲဝင်မည်


ရန်ကုန်၊ ဧပြီ ၂၉

မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူ လယ်သမားရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့သည် လာမည့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ အပါအဝင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဦးဝင်းချိုက ပြောကြားသည်။

ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ နှစ်ဦးမှာ ဧပြီလ ၁ ရက်နေ့က ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလစီ ကျခံနေရသူများ ဖြစ်ပြီး အခြားပုဒ်မ ၁၈ စွဲချက်တစ်ခုအတွက် ကျောက်တံတားမြို့နယ် တရားရုံးသို့ တရားရင်ဆိုင်ရန် လာရောက်စဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“ကျွန်တော်တို့က ပြည်သူတွေ နစ်နာတဲ့ ကိစ္စတွေကို တတ်နိုင်သလောက် လုပ်ခဲ့ကြတယ်။ သာမန်ပြည်သူ အနေနဲ့ အဲ့ဒီလို ဆောင်ရွက်တဲ့အခါ ပုဒ်မ ၁၈ တွေ တန်းစီပြီး ထောင်ကျခံနေမယ့် အစား ပိုပြီးထိရောက်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်လို့ ရွေးကောက်ပွဲ ဝင်မှာပါ” ဟု ဦးဝင်းချိုက The Voice ၏ ဆက်သွယ် မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ဦးဝင်းချိုနှင့် ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုဝေဠုတို့ နှစ်ဦးကို မတ်လအတွင်း လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည့် ကိစ္စနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုအတွက် ပုဒ်မ ၁၈ ဖြင့် ကျောက်တံတားမြို့နယ် တရားရုံးတွင် စွဲဆိုထားခြင်း ဖြစ်သည်။

ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်များအလိုက် လစ်လပ် မဲဆန္ဒနယ်ပေါင်း ၃၀ ကျော်အတွက် ၂၀၁၄ ခုနှစ် ပွင့်လင်းရာသီ တွင် ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ပြီး အသေးစိတ်ကို ရက်ပေါင်း ၆၀ ကြိုတင် ထုတ်ပြန် မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

The Voice Weekly


ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုတို့ ရွေးကောက်ပွဲဝင်မည် ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုတို့ ရွေးကောက်ပွဲဝင်မည် Reviewed by သစ်ထူးလွင် on 16:22 Rating: 5
Powered by Blogger.