တော်လှန်ရေး သတင်းသမား တဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၇)

 စစ်မြေပြင် သတင်းထောက်မှ ဒုက္ခသည် သတင်းထောက်အဖြစ်သို့

 KNLA တပ်ရင်း ၁၀ ဘက်မှာ သတင်းယူပြီးအပြန် မင်းသမီးစခန်းကိုရောက်တာနဲ့ အိမ်ထောင်သည်လိုင်းက မိသားစုတွေကိုဦးဆောင်ပြီး ထိုင်းနယ်စပ်ဘက်ဆုတ်ဖို့ ကိုဌေးအောင်က ကျနော်ကို တာဝန်ပေးပါ တယ်။ ကလေးခလောက်တွေ၊ ကိုယ်ဝန်သည်တွေအပါဝင် လူ ၁၀၀ လောက်နဲ့အတူ စခန်းကနေ ထီးခီး ရုံးဆီ ကုန်းကြောင်းချီတက်၊ ထီးခီးရုံးမှာ ၃ ရက်ခန့်ခုံလှုံပြီးတဲ့နောက် ၁၉၉၇ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ထိုင်းနယ်မြေထဲ ကျနော်တို့စတင်ဝင်ရောက်ကြပါတယ်။


(မင်းသမီးစခန်းက ကျောင်းသားတွေ ခိုလှုံရာ ထန်းဟင် ဒုက္ခသည်စခန်း။ ဓာတ်ပုံ- ထက်အောင်ကျော်)

ထီးထာနဲ့အမရာကျပြီးတဲ့အပြင် ထီးခီးဝန်းကျင်အထိပါ န၀တရဲ့ လက်နက်ကြီးတွေ ကျလာနေပြီဖြစ်တဲ့ အတွက် KNU ဘက်ကနေ အရပ်သားတွေကို ထိုင်းနယ်ထဲထွက်ခွင့်ပြုပြီး ထိုင်းနယ်ခြားစောင့်တပ်က လည်း အဲဒီအချိန်ကျမှ ဂိတ်ဖွင့်ပေးပါတယ်။ နယ်ခြားဂိတ်ကိုဖြတ်ပြီး ဖုနန်းလွန်ရွာ (အခု ကန်ချနပူရီ- ထားဝယ်ကားလမ်းပေါ်က နယ်စပ်ဂိတ်ရှိတဲ့ရွာကြီး) အ၀င်ဝက ရေကန်ကြီးတခုဘေးမှာ ကျနော်တို့ကို နေရာချပေးပါတယ်။

ကျနော်တို့ကျောင်းသားမိသားစုအင်အားက ၁၀၀ ၀န်းကျင်သာရှိပေမယ့် KNU မိသားစုနဲ့ ဒေသခံအင် အားက ၃၀၀၀ (သုံးထောင်) ၀န်းကျင်လောက်ရှိမယ်လို့ထင်ပါတယ်။ ပါလာတဲ့သွပ်ပြားအဟောင်းတွေ၊ မိုးကာတွေနဲ့ ဖြစ်သလိုတဲထိုးပြီး ယူကလစ်တောထဲမှာနေရာယူရပါတယ်။ နောက်တရက်မှာတော့ ထိုင်း ဘက်က ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီး အဖြူ-အစိမ်း စင်းကြောင်းတွေပါတဲ့ ပလတ်စတစ်အမိုး တွေ၊ ဆန်နဲ့ရိက္ခာတချို့ လာလှူကြပါတယ်။ အဲဒီအလှူရှင်တွေနဲ့အတူ တပ်မ ၉ ကတာဝန်ရှိသူတွေ၊ ဒေသခံအာဏာပိုင်တွေအပြင် ကိုအောင်မျိုးမင်းနဲ့ နိင်ငံခြားသတင်းထောက်တချို့လည်း ပါလာပါတယ်။

ဘန်ကောက်ပို့စ်သတင်းစာက ရတ်ဘချိုကို ကျနော်ကောင်းကောင်းမှတ်မိနေပေမယ့် ကျန်လူတွေကို တော့ မမှတ်မိတော့ပါ။ ကိုအောင်မျိုးမင်းက သူရဲ့ ဗွီဒီယိုကင်မရာကို ကျနော်ကိုပေးထားခဲ့ပြီး စခန်းတွင်း က ထူးခြားတာတွေကို မှတ်တမ်းရိုက်ထားဖို့ ပြောပါတယ်။ အမှန်အတိုင်း ၀န်ခံရရင် ဗွီဒီယို ကင်မရာ ကိုင်ပြီး ဒုက္ခသည်စခန်းအတွင်း ဟန်ရေးပြနေပေမယ့် အဲဒီအချိန်အထိ ဗွီဒီယို ရိုက်နည်း တခါမှမသင် ဘူး သေးပါ။ Green November 32 အဖွဲ့က ပေးထားတဲ့ Pentax ကင်မရာတလုံးနဲ့ ရုပ်သေဓာတ်ပုံ တချို့ ရိုက်ဖူးပေမယ့် ရုပ်ရှင်တခါမှ မရိုက်ဖူးသေးပါ။

အဲဒီစခန်းမှာ တပတ်လောက်နေပြီးချိန်မှာတော့ ဒီနေရာဟာ နယ်စပ်နဲ့ သိပ်နီးလွန်းတယ်။ လုံခြုံမှု မရှိ ဘူး။ နောက် သောက်ရေအတွက်လည်း လုံလောက်တဲ့ရေကန်နဲ့ စမ်းချောင်းမရှိဘူးဆိုပြီး ဖုမ၀မ်ဆိုတဲ့ နောက်ထပ်နေရာတခုဆီ ကျနော်တို့အားလုံး ထပ်ပြောင်းရပါတယ်။ တနင်္သာရီ မြစ်ရိုးအတိုင်း ပြန်တွက် မယ်ဆိုရင်တော့ ထီးထာကနေ မောထာဘက်ကို ပြောင်းရတဲ့သဘော။ ထိုင်းဘက်မှာဆိုရင်တော့ ဖုနန်း လွန်ကနေ ၁၀ ကီလိုလောက်ဝေးတဲ့ ဖုမ၀မ်ရွာကိုပြောင်းရတဲ့သဘောဖြစ်ပါတယ်။

အဲဒီစခန်းမှာနေတုန်း သတင်းထောက်အလုပ်ကောင်းမှုကြောင့် ကျနော်အဖမ်းခံရပါတယ်။ ဖြစ်ပုံက တော့ DVB အတွက် သတင်းတွေပို့စရာရှိတာနဲ့ ဈေးကားကြုံတစီးနဲ့အတူ ဒုက္ခသည်စခန်းကနေ ကန် ချနပူရီဆီ ကျနော်ခိုးထွက်ပါတယ်။ အဲဒီမှာစောင့်နေတဲ့ ကိုအောင်မျိုးမင်းဆီ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ သတင်းတွေပေးပြီးတဲ့နောက် BBC (ထိုင်း-မြန်မာနယ်စပ်ကူညီရေးအဖွဲ့) ကားကြုံနဲ့ ဖုမ၀မ်စခန်းဆီ ကျ နော်ပြန်ဝင်လာပါတယ်။ တယောက်တည်းဆိုရင် တောလမ်းကနေ ခိုးသွားနေပေမယ့် NGO ကားနဲ့ ဆိုရင်တော့ မဖမ်းလောက်ပါဘူးဆုပြီး ဂိတ်ကနေ ဒီတိုင်းဝင်လာပါတယ်။

ဖုမ၀မ်ဒုက္ခသည်စခန်း ထိုင်းလုံခြုံရေးဂိတ်က ကျနော်ကိုဖမ်းထားပြီး ရွာကော်မတီက လူတွေကိုဆင့်ခေါ် ကာ ''ဒီကောင်ဘယ်သူလဲ၊ ကင်မရာတွေလည်းပါတယ်၊ မြန်မာစစ်တပ်ဘက်က လွှတ်လိုက်တဲ့ သူလျှို လား။ ငါတို့စခန်းကို ဓာတ်ပုံလာရိုက်တာလား'' ဆိုပြီး မေးခွန်းတွေ ထုတ်ပါတော့တယ်။ ကင်မရာ တလုံးနဲ့ ထောင်ထောင်လုပ်နေတဲ့ကျနော်ကို နည်းနည်းမျက်စိနောက်နေပုံရတဲ့ KNU ပဒိုဟောင်း ရွာသူကြီးတွေက ပထမပိုင်းမှာ ဘာမှမပြောပဲ ငြိမ်နားထောင်နေပြီး နောက်ပိုင်းကျမှ ကျနော့်ကို သူတို့ ကောင်းကောင်းသိကြောင်း အာမခံပေးကြပါတယ်။

Fax သတင်းထောက်မှ အသံနဲ့ပို့တဲ့ သတင်းထောက်အဆင့်သို့

ဒါတောင် လူကိုလွှတ်ပေးပြီး ကင်မရာကို သိမ်းထားလိုက်ပါတယ်။ နောက်တရက်လောက်ကြာမှ ကင် မရာကို သွားရွေးရပါတယ်။ အဲဒီစခန်းမှာ တလလောက်ကြာပြီးတဲ့အခါမှာတော့ “သတင်းထောက် အ လုပ်များ ဆက်လုပ်နိုင်ရန်၊ စစ်ဒေသတာဝန်ခံ ကိုဌေးအောင်တို့ စစ်ကြောင်းနှင့် ပြန်လည်ဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက်” လို့ အကြောင်းပြပြီး မိသားစုတွေအားလုံးကို အခြားတာဝန်ရှိသူတွေနဲ့ လွှဲ ကာ ဖုမ၀မ်ကနေ ဘန်ကောက်မြို့ဆီ ကျနော်ခိုးပြီး ထွက်လာခဲ့ပါတယ်။

(DVB ရဲ့ စက်ဆရာ စောနယ်ဆင်ကူးကို စတူဒီယိုရှေ့မှာ တွေ့ရစဉ်။ (နောက်ဘက်က အိတ်အနက်ရောင် တင်ထားတဲ့စက်ဟာ ဒီဂျီတယ်မပေါ်ခင်ခေတ်ကသုံးခဲ့တဲ့ တိတ်ခွေကိုတည်းဖြတ်တဲ့စက် ဖြစ်ပါတယ်)။

အဲဒီအချိန်က ABSDF နိုင်ငံခြားရေးဌာနရုံးခန်းဟာ ဘန်းကပိ ဘက်ကို မရောက်သေးပါဘူး။ နမ်မ၀မ် ကုန်တိုက်ဘက်မှာလို့ ထင်ပါတယ်။ ရုံးကို ရောက်ရောက်ချင်း စစ်ပွဲနဲ့ဒုက္ခသည် အခြေအနေ ထူးခြား ချက်တွေကို စာရေးပြီး DVB အော်စလိုရုံးဆီ Fax ပေးပို့ လိုက်ပါတယ်။ အဲဒီအချိန် အော်စလိုရုံး အယ်ဒီ တာချုပ်က ဒေါက်တာအောင်ခင်၊ စက်ဆရာက စောနယ်ဆင်ကူးပါ။ ညနေ ၃ နာရီလောက်မှာ စောနယ် ဆင်ကူး (ဖိုးခွားလို့ အများကခေါ်ကြပါတယ်) ဖုန်းခေါ်လာပြီး Fax နဲ့ ပို့ထားတဲ့ သတင်းတွေကို အသံနဲ့ လိုချင်တဲ့အတွက် မကြာခင် ဒေါက်တာအောင်ခင်ကိုယ်တိုင် ကျနော့်ကိုမေးမယ်လို့ ဆိုပါတယ်။

အဲဒီအချိန်အထိ အသံနဲ့ တခါမှ မပြောဖူးသေးဘဲ စာနဲ့ရေး၊ Fax နဲ့ ထိုးတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ အခုအသံနဲ့ ပြောရမယ်ဆိုတော့ ရင်တွေတုန်လို့။ “မရဘူးကွ။ မင်းပြောတဲ့ အသံထဲမှာ ချောင်းဟန့်သံ ခဏခဏပါနေတာ အက်ဒစ် ပြန်လုပ်ဖို့ ခက်လိမ့်မယ်။ အစအဆုံး နောက်တခေါက် ပြန်ပြော” ဆိုပြီး ဒေါက်တာအောင်ခင်က ကျနော့်ကို မောင်းပါတယ်။ ၃ ခါတိတိပြောမှ ၅ မိနစ်စာလောက် အင်တာဗျုး တခု ပြီးသွားပါတယ်။ အဲဒီကာလဟာ အခုခေတ်လို ဒီဂျစ်တယ်ခေတ် မဟုတ်သေးတဲ့အတွက် အသံ တွေကို တိတ်ခွေပေါ်တင်ပြီး အက်ဒစ်လုပ်ရတာကြောင့် အတော်လက်ဝင်တယ်လို့ သိရပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒါဟာ ကျနော့်သတင်းထောက်ဘ၀မှာ ပထမဆုံး အသံနဲ့ပို့ဖူးတဲ့ သတင်းဖြစ်ခဲ့ပြီး စာနဲ့ပို့တဲ့ အဆင့်ကနေ အသံနဲ့ပို့တဲ့ အဆင့်ဆီတက်ဖို့ ပထမ ခြေလှမ်းလို့လည်း ပြောနိုင်မယ်ထင်ပါတယ်။

ဒါ့အပြင် အယ်ဒီတာချုပ် ဒေါက်တာအောင်ခင်က သတင်းထောက်ပေါက်စ ကျနော့်ရဲ့ သတင်းပေးပို့ ချက်တွေတိုးတက်လာကြောင်းနဲ့ ပရော်ဖက်ရှင်နယ်သတင်းထောက်ဖြစ်အောင် ဆက်ကြိုးစားဖို့ အား ပေးခဲ့ပါတယ်။ အယ်ဒီတာချုပ်ရဲ့ အားပေးစကားတခွန်းဟာ သတင်းထောက်ရူး ရူးနေသူတဦးအတွက် အလွန်တရာ တွန်းအားဖြစ်စေခဲ့တယ်လို့ ကျနော်ထင်ပါတယ်။

အဲဒီနေ့က ကျနော့်ကိုဗျုးပြီး လွှင့်လိုက်တဲ့ စစ်ပွဲဆိုင်ရာ အကြောင်းအရာတွေထဲမှာ အသက် ၁၂ နှစ် အရွယ် အမြွှာညီနောင် ဦးဆောင်တဲ့ God Army (သို့မဟုတ်) ရွာသူမိုဒိုလို့ခေါ်တဲ့ ဘုရားသခင် တပ်မ တော်အကြောင်းဟာ အတော်ပေါက်သွားတယ်လို့ နောက်ပိုင်းမှ ပြန်သိရပါတယ်။ ဂျော်နီထူးနဲ့ လူသာ ထူး ဆိုတဲ့ ဆံရှည်–ဆေးလိပ်ဖွာ အမြွှာညီနောင် တပ်မှူး ၂ ဦးဟာ လျှာအနက်ရောင်ရှိတဲ့အတွက် ကျည် မပေါက်ဘူးလို့ သူတို့ရဲ့နောက်လိုက်တွေက ပြောပါတယ်။ သတင်းထောက်တဦးအနေနဲ့ ယုံဖို့ခက်ပေ မယ့်လည်း ဒီလို ဒဏ္ဍာရီဆန်နေတာကိုက ပရိသတ်အတွက် ပိုပြီးစိတ်ဝင်စားစရာ ဖြစ်စေခဲ့တယ်လို့ သိ ရပါတယ်။

ရီကော်ဒါတလုံး၊ လက်ကိုင်ဖုန်းတလုံးနှင့် ဟန်ရေးပြခဲ့စဉ်က

ရေဒီယိုမှာ ကိုယ့်အသံကိုယ်ပြန်ကြားရပြီးတဲ့နောက် အသံနဲ့ပို့ချင်တဲ့ ရောဂါက တားမနိုင်ဆီးမရ ဖြစ်လာ ခဲ့ပါတယ်။ ဒီလိုနဲ့ ABSDF ရဲ့ DVB တာဝန်ခံ ကိုခင်မောင်ဝင်းဆီသွားပြီး ရီကော်ဒါဝယ်ပေးဖို့ ပူဆာ ရပါတယ်။ ဘယ်နေရာမှာ ဘာအသံရှိတယ်ဆိုတာကို မှတ်သားနိုင်တဲ့ ခလုတ်ပါတဲ့ တိတ်ရီကော်ဒါ တလုံးကို သူကပေးလိုက်ပါတယ်။ ဒါ့အပြင် အဲဒီရီကော်ဒါထဲကအသံကိုထုတ်ပြီး တယ်လီဖုန်းကနေ တဆင့်ပြန်ပို့နိုင်ဖို့အတွက် သူကိုယ်တိုင်ဖန်တီးထားတဲ့ လက်လုပ်တယ်လီဖုန်းတလုံးကိုလည်း သူက ထည့်ပေးလိုက်ပါသေးတယ်။

(ဘန်ကောက်အခြေစိုက် သတင်းထောက်ဖြစ်စဉ်က မနီလွိုင် ကျောင်းသားစခန်းမှာ သတင်းယူနေစဉ်)

လက်လုပ်တယ်လီဖုန်းဆိုတာက ရီကော်ဒါနဲ့ တယ်လီဖုန်းအကြား ဂျွိုင်းတဲ့ ကြားခံကိရိယာကို မ၀ယ် နိုင်သေးတဲ့အတွက် အဲဒီကိရိယာအစား နဂိုရှိပြီးသားတယ်လီဖုန်းကို ဘေးမှာအပေါက်ဖောက်ပြီး ၀ိုင် ယာကျိုးနဲ့ သွယ်ထားတဲ့ဖုန်းကို ဆိုလိုတာပါ။ အဲဒီကာလဟာ အခုခေတ်လို အသံတွေကို ကွန်ပျူတာထဲ ထည့်ပြီး ဒီဂျီတယ်နည်းနဲ့ အက်ဒစ်လုပ်တဲ့ခေတ် မဟုတ်သေးပါဘူး။ လက်ကိုင်တယ်လီဖုန်းတွေ၊ လက်ကိုင်ကွန်ပျူတာတွေပေါ်ကာစ အခြေနေမှာပဲရှိပါသေးတဲ့အတွက် ကျနော်တို့ မသုံးနိုင်သေးပါ။ ဒီတော့ အော်စလိုရုံးက ဖုန်းခေါ်လာတဲ့အချိန်မှာ နီးစပ်ရာတယ်လီဖုန်းရှိတဲ့ နေရာတခုဆီဝင်၊ အပေါက် ပါတဲ့ ကိုယ့်တယ်လီဖုန်းနဲ့ လိုင်းချိတ်၊ ရီကော်ဒါနဲ့ဂျွိုင်းပြီး ကိုယ်ပို့ချင်တဲ့အသံကို ဖွင့်ပြီးပို့ရတဲ့ခေတ်ပါ။

အဲဒီလို လက်ကိုင်တယ်လီဖုန်း ပေါ်ကစဆိုပေမယ့် ကံကောင်းထောက်မစွာနဲ့ ကျနော်က လက်ကိုင် တယ်လီဖုန်းတလုံး အသုံးပြုခွင့်ရထားပါတယ်။ အရင် ပင်လယ်ပြင်စစ်ကြောင်းကာလ ခေတ်ကောင်းစဉ် ကသုံးခဲ့တဲ့ လက်ကိုင်တယ်လီဖုန်းကို တောင်ပိုင်းဒေသကသုံးခွင့်ရှိတယ်လို့ဆွဲယူပြီး ကိုဌေးအောင်က ကျနော့်ကိုပေးထားတာပါ။ ၁၉၉၇-၉၈ ကာလဟာ အခုခေတ်လို လက်ကိုင်ဖုန်းတွေ သိပ်မထွန်း ကား သေး။ မြန်မာနိုင်ငံမှာ လုံးဝမရှိသလောက်ဖြစ်ပြီး ထိုင်းမှာတောင် ငွေကြေးအတော်ချမ်းသာသူတွေမှ လက်ကိုင်ဖုန်းကိုင်နိုင်တဲ့ အခြေနေမှာပဲရှိပါသေးတယ်။ အဲဒီလိုအချိန်မှာ လက်ကိုင်ဖုန်းကို လူမမြင် မြင် အောင် ခါးမှာထိုးထားပြီး ဟန်ရေးပြရပါတယ်။

ဒီလိုမပြလို့မဖြစ်။ ဘန်ကောက်နဲ့ နယ်စပ်ဒေသအကြား လွန်းပျံခရီးနှင်နေပေမယ့် ကျနော်လက်ထဲမှာ ဘာလက်မှတ်မှမရှိ။ ထိုင်းစကားကလည်း ကောင်းကောင်းမတတ်။ ရဲ လာမေးရင် ၃-၄ ခွန်းထက်ပိုပြီး ကျနော်မဖြေတတ်ပါ။ ထိုင်းရဲတွေက လက်မှတ်ထုတ်စစ်တာထက် လူပုံကိုကြည့်ပြီး ဟောက်စားလုပ် တာက ခပ်များများဆိုတော့ ရဲ လာမမေးရဲအောင် ဟန်ကိုယ့်ဖို့ ပြင်ထားတဲ့အနေနဲ့ ခါးမှာလက်ကိုင်ဖုန်း ကိုချိတ်၊ နားမှာ အကောင်းစားရီကော်ဒါရဲ့ နားကျပ်ကိုချိတ်၊ မျက်စိကို အကောင်းစား ရေဘင်မျက်မှန် နဲ့ပိတ်ပြီး ''ထိုင်း ယောင်ဆောင်သော မြန်မာ'' လုပ်ထားရပါတယ်။ ဒီလိုနည်းနဲ့ DVB သတင်း ထောက်ရဲ့ ဘန်ကောက်ရောက်ကာစ နေ့ရက်များကို ဖြတ်သန်းခဲ့ရဖူးပါတယ်။    ။

ထက်အောင်ကျော်

http://www.htetaungkyaw.net/

တော်လှန်ရေး သတင်းသမား တဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၇) တော်လှန်ရေး သတင်းသမား တဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၇) Reviewed by သစ်ထူးလွင် on 03:27 Rating: 5
Powered by Blogger.