လုပ်ခလစာ နှစ်ဆတိုးပေးရေး လက်ပံတောင်းရှိ ဘွဲ့ရ မြန်မာလုပ်သားများ ဆန္ဒပြတောင်းဆို


ဆားလင်းကြီး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီတူးဖော်ရေး စီမံကိန်းမှ မြန်မာဘွဲ့ရ အလုပ်သမား ၂၀၀ ကျော်က တစ်လလျင် လုပ်ခလစာ အမေရိ ကန်ဒေါ်လာ ၂၄၀ ရရှိရေးအတွက် ဧပြီလ ၃၀ရက်က မြန်မာဝမ်ပေါင် ကြေးနီ ကုမ္ပဏီရုံးရှေ့တွင် စတုတ္ထအကြိမ်မြောက် ဆန္ဒပြတောင်းဆိုလိုက်သည်။

“ လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် သမ္မတရုံးကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြပေးထားပါတယ်။ အဲ့ဒီကအဖြေကိုလည်း စောင့်ရင်း ကျွန်တော်တို့ရဲ့ပန်းတိုင်ကို မရောက် ရောက်အောင် ဆက်လက်ချီတက်သွားမှာပါ” ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသန်းလွင်က မဇ္ဈိမကိုပြောသည်။

လက်ပံတောင်းတောင်ကြေးနီတူးဖော်ရေး စီမံကိန်းလုပ်ငန်းခွင်ရှိ ဘွဲ့ရမြန်မာလုပ်သားများသည် လက်ရှိတွင် တစ်လလုပ်ခငွေ အမေရိကန်ဒေါ်လာ ၁၂၀ (မြန်မာငွေ ကျပ် ၁၁၅,၀၀၀ခန့်) မှ ဒေါ်လာ ၂၄၀ (ကျပ်ငွေ၂၃၀,၀၀၀ခန့်)အထိ ရရှိရန် တောင်းဆိုခြင်းဖြစ်သည်။

“ကျွန်တော်တို့မိသားစုတွေက အဲ့ဒီကုမ္ပဏီစီမံကိန်း လုပ်ငန်းတွေကြောင့် လယ်ယာမြေတွေ ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ လယ်ယာမြေ မရှိတော့တဲ့ နောက်ပိုင်း ကုမ္ပဏီမှာ အလုပ်ဝင်လုပ်တော့လည်း အလုပ်သမားချင်း အတူတူ တန်းတူညီမျှတဲ့ အခြေခံလုပ်ခလစာမရရှိပြန်ဘူး။ အဲ့ဒါကြောင့် ဆန္ဒပြတောင်းဆိုနေရတာပါ ” ဟု ပါဝင်ဆန္ဒပြသူ ကိုဘိုဦးက ဆိုသည်။

ကြေးနီတူးဖော်ရေး စီမံကိန်းလုပ်ငန်းများကြောင့် လယ်ယာမြေများ သိမ်းဆည်းခံရသည့်အတွက် ၎င်းတို့၏ မိသားစုဘ၀များ နစ်နာသည်ဟုဆိုကာ ၀မ်ပေါင်ကုမ္ပဏီက အဆိုပါ ဒေသခံဘွဲ့ရလုပ်သားများကို အခြေခံလုပ်ခလစာငွေ တစ်လလျင် အမေရိကန်ဒေါ်လာ ၁၂၀ နှုန်းဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

“၀န်ထမ်းတွေ လုပ်ခလစာတိုးမြှင့်ပေးဖို့ ကိစ္စဆိုတာ အဘက်ဘက်က စဉ်းစားရပါတယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေက ဟောဒီ လက်ပံတောင်းတောင် ဒေသတစ်ခုတည်း မဟုတ်ဘူး။ အခြားဆိုဒ်တွေလည်း ရှိနေပါသေးတယ်။ အားလုံးအတွက် မနစ်နာရအောင်တော့ စီမံလုပ်ဆောင်နေရပါတယ်” ဟု တိုင်းအစိုးရအဖွဲ့ သစ်တော၊ စွမ်းအင်နှင့် သတ္တုဝန်ကြီးဌာနရုံးရှိ အကြီးတန်းစာရေးတစ်ဦးက ပြောသည်။

လုပ်ခလစာတိုးမြှင့်ပေးရေး ကုမ္ပဏီရုံးရှေ့ဆန္ဒပြခြင်းကို ဧပြီလ ၁၀ရက်မှ စတင်ခဲ့ပြီး ယခုအကြိမ်သည် လေးကြိမ်မြောက် ထုတ်ဖော်ခြင်းဖြစ်သည်။ လာမည့် သတင်းပတ်အတွင်း ဆားလင်းကြီးမြို့တွင် စီတန်းလှည့်လည်ဆန္ဒပြသွားရန်လည်း ခွင့်ပြုမိန့်တောင်းခံထားပြီးဖြစ်ကြောင်း အလုပ်သမားတစ်ဦးဖြစ်သူ ကိုထွန်းထွန်းက မဇ္ဈိမကိုပြောသည်။

ကိုတိုးကြီး
Mizzima - News in Burmese


ပုံစာ - လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တူးဖော်မည့် ဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသည့် ဒေသခံဝန်ထမ်းများက လစာ နှစ်ဆတိုးရရေးအတွက် ဧပြီလ ၃၀ရက်က ဆန္ဒထုတ်ဖော်နေစဉ်။ (ဓာတ်ပုံ- ကိုတိုးကြီး)



လုပ်ခလစာ နှစ်ဆတိုးပေးရေး လက်ပံတောင်းရှိ ဘွဲ့ရ မြန်မာလုပ်သားများ ဆန္ဒပြတောင်းဆို လုပ်ခလစာ နှစ်ဆတိုးပေးရေး လက်ပံတောင်းရှိ ဘွဲ့ရ မြန်မာလုပ်သားများ ဆန္ဒပြတောင်းဆို Reviewed by သစ်ထူးလွင် on 20:52 Rating: 5
Powered by Blogger.