နာဂစ်နဲ့ မေးခွန်းနှစ်ခု


၂၀၁၄ မေလ ၂၊ ၃ ရက်ဟာ နာဂစ်မုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်သွားခဲ့တဲ့ (၆)နှစ်မြောက် ဖြစ်ပါတယ်။ ပြီးတော့ ပြီးခဲ့ပြီဖြစ်တဲ့ အဖြစ်အပျက်တစ်ခုပါပဲ။ ဒါပေမဲ့လည်း လောကကြီးမှာ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ တွေ့ကြုံလာကြရတဲ့ကိစ္စတွေဟာ နှစ်မျိုးနှစ်စားပဲရှိပါတယ်။ တရားသဘောအရပြောရရင်တော့ တရားနှစ်ပါးပဲရှိပါတယ်။ တရားတစ်ပါးကတော့ ပစ်ပယ်ရမယ့်တရား၊ ဆိုလိုချင်တာကတော့ မေ့ပစ်ရမယ့်၊ လျစ်လျူရှုရမယ့်၊ ခေါင်းထဲက ထုတ်ပယ်ရမယ့်တရား။ ဥပမာ၊ လောဘ၊ ဒေါသ၊ မောဟတရားတွေဆိုပါတော့။ နောက်တရားတစ်ခုကတော့ ပစ်ပယ်ရမယ့်တရားမဟုတ်ဘူး ပစ်ပယ်လို့လည်းမရဘူး။ မရှိအောင်လုပ်လို့လည်းမရဘူး။ မတွေ့ချင်လို့လည်း မရဘူး။ တွေ့ကိုတွေ့ရမှာ။ ရင်ကိုရင်ဆိုင်ရမှာ။ ဒါပေမဲ့ တွေ့တဲ့အခါမှာ သူပြုသမျှ၊ ကိုယ်နုရတဲ့ ဘဝမျိုးမဖြစ်ရလေအောင် ကြိုတင်ပြင်ဆင်မှုတွေနဲ့ ကိုယ်ကဦးဆောင်ပြီး ကိုယ်ကအနိုင်ယူရမယ့်တရား။ ဥပမာ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတွေလိုပေါ့။ ဒီလို တရားနှစ်ပါးအနက် နာဂစ်အဖြစ်အပျက်ဟာ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ ပစ်ပယ်လို့မရတဲ့ကိစ္စ၊ တကယ်တော့ နာဂစ်ဟာ နောက်တစ်ကြိမ်ကြုံလာခဲ့ရင် ရင်ဆိုင်ပြီး အနိုင်ယူရမယ့်တရား ဖြစ်ပါတယ်။

နောက်တစ်ကြိမ် နာဂစ်လိုမုန်တိုင်းကြုံတွေ့လာခဲ့ရင်တော့ အနိုင်ယူနိုင်ရလေအောင် နာဂစ်က ဘာသင်ခန်းစာတွေပေးခဲ့သလဲ။ နာဂစ်ရဲ့အကြောင်း ဓမ္မဓိဋ္ဌာန်ကျကျ ဆန်းစစ်တွေးခေါ်ဖို့လိုတာတော့ အမှန်ဖြစ်ပါတယ်။ Men learn much from defeat ဆိုတဲ့ စကားကလည်း ရှိနေတယ်မဟုတ်လား။

နာဂစ်အဖြစ်အပျက်ကြီးမှာ လူပေါင်းတစ်သိန်းလေးသောင်းလောက် အသက်ဆုံးရှုံးခဲ့ရတယ်။ အိမ်ရာအဆောက်အအုံပေါင်း ခုနစ်သိန်းခွဲလောက် ပျက်စီးခဲ့တယ်။ လူပေါင်းဆယ့်တစ်သန်းကျော်လောက် ထိခိုက်ခဲ့ရတယ်။ နိုင်ငံတော်ပိုင်နဲ့ ပုဂ္ဂလိကပိုင် နှစ်ရပ်ပေါင်း ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ၁၂ ထရီလီယံကျော်ရှိခဲ့တယ်။ ကမ္ဘာမှာ ပျက်စီးဆုံးရှုံးမှုနဲ့ အသေအပျောက်အဆိုးဆုံးစာရင်းမှာ နံပါတ်(၈)အဆင့်ဖြစ်ခဲ့တယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော့်ခေါင်းထဲမှာ မကြာမကြာရောက်လာတဲ့ မေးခွန်းနှစ်ခုရှိနေပါတယ်။

ပထမမေးခွန်းကတော့ နာဂစ်မုန်တိုင်းကြီး ၂-၅-၂၀၀၈ ရက်နေ့ နံနက်ပိုင်း ဟိုင်းကြီးကျွန်းကိုမဝင်မီ ရေပြင်ပေါ်မှာ အချိန်လေးနာရီကြာအောင် မရွေ့လျားဘဲ ရပ်နေခဲ့ပြီးမှ ဟိုင်းကြီးကျွန်းကို မွန်းလွဲညနေပိုင်းမှာ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီမှာ ကျွန်တော့်ကိုယ်ကျွန်တော် မေးနေမိခဲ့တဲ့ မေးခွန်းကတော့ နာဂစ်ဟာ အခုလို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို မဝင်ခဲ့ဘဲ ယခင်ဝင်နေကျလမ်းကြောင်းအတိုင်း ရခိုင်ပြည်နယ်ဘက်ကိုသာဝင်ခဲ့ရင် အခုလို အသေအပျောက်၊ အပျက်အစီးတွေ များပါ့မလားဆိုတဲ့ မေးခွန်းပါပဲ။

နောက်မေးခွန်းတစ်ခုကတော့ မနှစ်က ၂၀၁၃ ခုနှစ် အောက်တိုဘာအတွင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖိုင်လင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်တော့ လေတိုက်နှုန်းက တစ်နာရီ ၁၆၂ မိုင်နှုန်းအထိရှိခဲ့လို့ အလွန်ပြင်းထန်တဲ့အဆင့်(၅) (category V)ရှိ မုန်တိုင်းကြီးဖြစ်ခဲ့တယ်။ တစ်နာရီကို လေတိုက်နှုန်း မိုင် (၁၄၀-၁၄၅) လောက်သာရှိခဲ့တဲ့ နာဂစ်ထက် ပိုပြင်းတာပေါ့။ အဲဒီလောက်အင်အားနဲ့ လူဦးရေထူထပ်လှတဲ့ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေ Andra Pradesh ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ ဒီမှာ ကျွန်တော့်ကို မိတ်ဆွေကြီး ကာတွန်းကိုအော်ပီကျယ်က မေးလာပါတယ်။ ‘‘ဆရာ ခင်ဗျား။  အခု အိန္ဒိယနိုင်ငံကို တိုက်ခတ်သွားခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖိုင်လင်းဟာ ကျွန်တော်တို့မြန်မာနိုင်ငံကို တိုက်ခတ်သွားခဲ့တဲ့ နာဂစ်မုန်တိုင်းထက် ပိုပြင်းထန်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လူအသေအပျောက်ကတော့ ဆယ်ဂဏန်းမျှသာရှိခဲ့ပြီး သူ့လောက်မပြင်းထန်တဲ့ ကျွန်တော်တို့ရဲ့ နာဂစ်ကတော့ လူတွေတစ်သိန်းကျော် သေဆုံးခဲ့ရတာ ဘာကြောင့်ပါလဲခင်ဗျား’’ပါတဲ့ဗျာ။

နာဂစ်နဲ့ပတ်သက်လို့ ကျွန်တော့်ကို အတွေးပွား၊ အတွေးများစေခဲ့တာ အဲဒီမေးခွန်းနှစ်ခုပါပဲ။

ပထမမေးခွန်းနဲ့ပတ်သက်လို့ ကျွန်တော် နာဂစ်ဖြစ်အပြီး ရက်ပိုင်းအတွင်းကပဲ အဖြေထုတ်ထားခဲ့ပြီးဖြစ်ပါတယ်။ အဲဒါကတော့ နာဂစ်ဟာ ဒီအင်ဒီအားနဲ့ပဲ မြစ်ဝကျွန်းပေါ်ကို မဝင်ခဲ့ဘဲ၊ ရခိုင်ကမ်းရိုးတန်းကိုသာဝင်ခဲ့ရင် အခုလောက်အသေအပျောက်၊ အပျက်အစီး ဘယ်လိုမှမရှိနိုင်ပါဘူး။ ဘာပြုလို့လဲ။ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသနှစ်ခုဟာ သဘာဝအန္တရာယ်ကျရောက်နိုင်မှုကြောင့် ထိခိုက်မှုအလားအလာ အလွန်ကွာခြားနေကြလို့ ဖြစ်ပါတယ်။ အဲဒါကို သဘာဝဘေးအန္တရာယ် ကာကွယ်ရေးစောင့်ရှောက်မှုလုပ်ငန်းမှာ Vulnerability(ထိခိုက်နိုင်ခြေ)လို့ခေါ်ပါတယ်။ ခပ်လွယ်လွယ်ပြောရရင်တော့ Risk(အန္တရာယ်ဖြစ်နိုင်ခြေ)လို့ ဆိုကြပါတော့။ ပြောရရင်တော့ အဲဒီအပိုင်းကို ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတို့ကို နှိုင်းယှဉ်လိုက်တဲ့အခါ မြစ်ဝကျွန်းပေါ်ဒေသက Vulner-ability ရော Risk ရော အလွန်မြင့်မားနေတာကို တွေ့ကြရပါတယ်။

မြစ်ဝကျွန်းပေါ်မှာ တွေ့ရတဲ့ အားနည်းချက်က ၁၀ ချက်လောက်ရှိပါတယ်။ အဲဒါတွေကတော့

(၁) မြေနိမ့်ဒေသဖြစ်ခြင်း

မြစ်ဝကျွန်းပေါ်ဒေသဟာ မြေအလွန်နိမ့်ပါတယ်။ ကောင်းကင်မြေတိုင်း DEMS တိုင်းတာချက်တွေနဲ့ တိုင်းကြည့်လိုက်တော့ ဘယ်.. ဒီနေရာက ရေ ၅ မီတာ လောက် တက်လာရင်ကို မြစ်ဝကျွန်းပေါ်တစ်ခုလုံးရဲ့ ၄၃ ရာခိုင်နှုန်းက ရေအောက်ရောက်သွားပြီ။ ၅ မီတာဆိုတာ ၁၇ ပေလောက်ရှိတာ။ နာဂစ်တုန်းက ကွင်းဆင်းတိုင်းတာချက်အရ သဘာဝဒီရေအထက် ပိုတက်ခဲ့တဲ့ မုန်တိုင်းဒီရေလှိုင်းအမြင့်က ၂၂ ပေအထိ ရှိခဲ့ပါတယ်။

(၂) လူဦးရေထူထပ်ခြင်း

မြစ်ဝကျွန်းပေါ်ဒေသဟာ မြန်မာတစ်နိုင်ငံလုံးမှာ လူဦးရေ အထူထပ်အသိပ်သည်းဆုံးဒေသ။ ပွဲခင်းထဲ ခဲပစ်လိုက်သလိုပေါ့ဗျာ။ ပစ်မလွဲဆိုတာ ဒီဒေသမျိုးပေါ့။

(၃) မြစ်လက်တက်များနှင့် မြစ်ဝများပေါများခြင်း

မြစ်ဝကျွန်းပေါ်ဒေသဟာ မြစ်ကြောင်းစနစ်ကလည်း ရှုပ်သလားမပြောနဲ့။ မြစ်ချည်းက ၁၇ စင်း။ မြစ်ဝချည်းပဲခုနစ်ပေါက်။ ဝင်လာတဲ့ပင်လယ်ရေတွေ မျက်စိလည်သွားနိုင်တယ်။

(၄) မုန်တိုင်းခိုအဆောက်အအုံနှင့် သက်ကယ်ကုန်းမြင့်များမရှိခြင်း

နာဂစ်ဖြစ်တုန်းက မုန်တိုင်းခိုအဆောက်အအုံ (storm shelter) ဆိုတာ ကြားတောင်မကြားဖူးဘူး။ အသက်ကယ်ကုန်းဆိုတာ ဘာမျှမရှိဘူး။ နာဂစ်ဖြစ်တုန်းက မိသားစုငါးဦးမှာ တစ်ဦးတည်းကျန်ရစ်တော့တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်က ကျွန်တော်တို့အဖွဲ့ ကွင်းဆင်းတော့ ပြောပြပါတယ်။ နာဂစ်သတိပေးချက်ကို ကြိုသိလို့ သူကြိုတင်ကာကွယ်တဲ့အနေနဲ့ အဲဒီနေ့က ပင်လယ်ကို မထွက်တော့ပါဘူးတဲ့။ အိမ်မှာပဲနေပါတယ်တဲ့။ ရေတွေတက်လာတော့ သူတို့မိသားစုငါးဦး အိမ်အောက်ထပ်ကနေ အပေါ်ထပ်ကိုပြောင်းပါတယ်။ ရေတွေထပ်တက်လာတော့ ထုပ်တန်းပေါ်ကိုတက်ပါတယ်။ အဲဒီကနေ ထပ်တက်လာတော့ အိမ်အမိုးသွပ်ကိုလှန်ပြီး ခေါင်မိုးပေါ်တက်ပါတယ်။ အဲဒီကနေ ထပ်တက်လာတော့ ကျွန်တော်တစ်ယောက်တည်းပဲ ကျန်ပါတော့တယ်တဲ့။ ပြေးစရာမြေကို မရှိခဲ့ပါဘူးဗျာ။

(၅) သဘာဝဘေးအန္တရာယ်အခြေအနေအမျိုးအစားနှင့် အန္တရာယ်ရှိမှုပြ မြေပုံများမရှိခြင်း

သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးအတွက် အရေးပါလှတဲ့ မြေယာအသုံးချမှုအတွက် Risk Map, Hazard Map ဘာတစ်ခုမျှ လုပ်ထားတာမရှိခဲ့ပါဘူး။ ဒီတော့ လူတွေက ရွာလေးတွေတည်ပြီး ရေလုပ်ငန်းနဲ့နီးတဲ့ ကမ်းစပ်တစ်လျှောက် ရွာတည်နေကြတော့ ပင်လယ်ကတက်လာမယ့် ရေလှိုင်းတွေကို ထွက်ကြိုနေကြသလိုပါပဲ။ ဒီရေလှိုင်းတွေက အရင်တုန်းကမှ လူတစ်ယောက်တွေ့ဖို့အရေး အတော်လေး အထဲရောက်အောင် ကြိုးပမ်းနေရသေးတယ်။ အခုတော့ အေးဆေးပဲပေါ့။

(၆) မုန်တိုင်းဆိုင်ရာ ယခင်အတွေ့အကြုံနည်းမှုကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ခဲယဉ်းခြင်း

မြစ်ဝကျွန်းပေါ်သားတွေဟာ ပင်လယ်မှာမွေး၊ ပင်လယ်ထဲမှာ အသက်မွေးဝမ်းကျောင်းနေခဲ့ကြပေမယ့် ဘာမုန်တိုင်းအတွေ့အကြုံမှ မရှိခဲ့ကြပါဘူး။

၂၀၀၈ မတိုင်မီအထိ မြန်မာပြည်ကို မုန်တိုင်း(၈၂)ကြိမ် ဝင်ခဲ့ဖူးရာမှာ အားလုံး ရခိုင်ကိုချည်းဝင်ခဲ့တာပါ။ မြစ်ဝကျွန်းပေါ်ဒေသကို ဆိုင်ကလုန်းအဆင့်မုန်တိုင်း တစ်ခါမျှမဝင်ခဲ့ဖူးပါဘူး။

(၇) မုန်တိုင်းဒီရေဆိုင်ရာ အပါအဝင် သဘာဝဘေးဆိုင်ရာ အတွေ့အကြုံနှင့် အသိပညာနည်းပါးခြင်း

မုန်တိုင်းဒီရေဆိုတဲ့စကားကို မြစ်ဝကျွန်းပေါ်နာဂစ်ဒေသကလူတွေ ကြားတောင်မကြားခဲ့ဖူးပါဘူး။

(၈) သယ်ယူပို့ဆောင်ရေးလမ်းပန်းဆက်သွယ်မှုခက်ခဲခြင်း

ရွှေ့ပြောင်းပြေးလွှားဖို့ အလွန်ခက်ပါတယ်။ ရေလမ်းပဲရှိပါတယ်။ စက်လှေပေါ်မှာရှိသမျှပစ္စည်းတွေ၊ မိသားစုတွေ အကုန်တင်ပြီးပြေးရင်တောင် ရေကရေဆန်ဖြစ်မယ်။ ခရီးတွင်သလားမပြောနဲ့။ နောက်ကမျောလာတဲ့ဗေဒါကတောင် လမ်းတောင်းရလိမ့်မယ်။

(၉) ကမ်းခြေရေတိမ်မှု၊ ဒီရေအတက်အကျခွင်ကြီးမားမှု၊ မြစ်ကြောင်းများပေါများမှုတို့ကြောင့် အပြန်အလှန်သက်ရောက်စေသော ရှုပ်ထွေးသောစနစ် (Non-linearity)ရှိနေခြင်း

မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဟာ ရေအနက်တိမ်တယ်။ ဒီရေအတက်အကျ ခွင်ကြီးတယ်။ မြစ်များတည်ရှိမှုစနစ်က ရှုပ်ထွေးတယ်။ ဒါကြောင့် မုန်တိုင်းကြောင့် ပင်လယ်ထဲကရေတွေ တိုးဝင်လာရင် ဒီအချက်တွေက ရှုပ်ထွေးတဲ့ အပြန်အလှန်သက်ရောက်မှုတွေ (non-linear interactions)ကို ဖြစ်စေပြီး အတိုင်းအဆမဲ့ရေလှိုင်းကြီးတွေ (exceptionally high waves)ကို ဖြစ်စေနိုင်ပါတယ်။ နာဂစ်မှာဖြစ်လည်းဖြစ်ခဲ့ပါတယ်။

(၁၀) ဒီရေတောများ ပြုန်းတီးကုန်ခြင်း

သဘာဝဘေးအတားအဆီးတွေဖြစ်တဲ့ သဘာဝဒီရေတောတွေကလည်း ပြုန်းတီးလို့ကုန်ပြီ။ ထင်းလုပ်ဖို့၊ သစ်လုပ်ဖို့၊ အိမ်ဆောက်ဖို့၊ လယ်ကွင်းဖော်ဖို့၊ လူနေရပ်ကွက်တိုးချဲ့ဖို့၊ ငါးမွေးဖို့၊ ပုစွန်မွေးဖို့၊ စားအုန်းဆီပင်စိုက်ဖို့၊ မီးသွေးဖုတ်ဖို့။ .... ပြုန်းတီးလိုက်တာ။ ဘိုကလေးမှာဆိုရင် အသေအပျောက်၊ အပျက်အစီးမရှိနိုင်ဘူးလို့ ကျွန်တော် ဆိုခဲ့ခြင်းဖြစ်ပါတယ်။

တစ်လောကပဲ အိန္ဒိယကို ဝင်ရောက်တိုက်ခတ်သွားတဲ့ ပိုင်လင်းဆိုင်ကလုန်းဟာ လေတိုက်နှုန်းတစ်နာရီ ၁၆၂ မိုင်၊ category V အဆင့်နဲ့ ဝင်ရောက်သွားခဲ့တာ။ လူဆယ်ဂဏန်းပဲသေခဲ့တယ်။ ၂၀၀၈ က ကျွန်တော်တို့ဆီ နာဂစ်တိုက်တော့ လေတိုက်နှုန်းက ၁၄၀ နဲ့ ၁၅၀ ကြား category IV အဆင့်သာရှိပါလျက်နဲ့ လူပေါင်းတစ်သိန်းကျော် ၁၃၄,၀၀၀ သေဆုံးခဲ့ရတာ။ ဘာကြောင့်ပါလဲတဲ့။

ဒီနေရာမှာ စိုင်းထီးဆိုင်သီချင်း သတိရမိတယ်။ ဘဲကြီး။ မသိလို့မေးတာလား.. ။ သိလျက်နဲ့ မေးတာလား.. ။ ဆိုတာလေ။

ကြိုတင်သတိပေးချက်။ သူတို့လည်း ငါးရက်လောက်ကြိုပြောခဲ့တယ်။ ကျွန်တော်တို့လည်း ငါးရက်ကြိုပြောခဲ့တယ်။ အတူတူလောက်ပါပဲ။

အဲဒီငါးရက်အတွင်း သူတို့က Volunteer တစ်သိန်းကျော်၊ မော်တော်ယာဉ်အစီးပေါင်း ငါးသောင်းကျော်၊ Helicopter အစီး ၄၀ ကျော်အပါအဝင် ကားတွေ၊ လူတွေ၊ အများကြီးနဲ့ မုန်တိုင်းအဝင်မှာ အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ဖို့ မုန်တိုင်းမဝင်ခင် နှစ်ရက်လောက်ကတည်းက We are ready လို့ ကြေညာခဲ့တယ်။ လူပေါင်းငါးသိန်းကျော်ကို ဘေးကင်းရာနေရာများကို ကြိုတင်ပြောင်းရွှေ့ခဲ့တယ်။ မပြောင်းမရွှေ့ဘဲ ငြင်းဆန်နေခဲ့တဲ့လူတွေကို Defence Act Section 34 ကို အသုံးပြုပြီး မဖြစ်မနေပြောင်းရွှေ့ပေးခဲ့တယ်။

ဒီတော့ သူတို့က သဘာဝဘေးအန္တရာယ်ကာကွယ်ရေးမှာ Management Plan, Act, Pre-paredness, Action အကုန်ရှိခဲ့ပြီး ထိထိရောက်ရောက်လည်း သုံးခဲ့တယ်။

နာဂစ်တုန်းကတော့ ကျွန်တော်ကိုယ်တိုင် သတင်းစာ၊ ရေဒီယို၊ တယ်လီဖုန်း၊ ဖက်စ်၊ ရုပ်မြင်သံကြား အားလုံးမှတစ်ဆင့် ပြောခဲ့တယ်။ ကိုယ်တိုင်တာဝန်ရှိသူအားလုံးကို တစ်ဦးချင်းဖုန်းဆက်ပြောခဲ့တာ။ အကြီးအကဲတွေအထိရောက်တယ်။ သတင်းစာမှာလည်း အင်တာဗျူးလုပ်ပြီး တစ်ရက်ကြိုတင်သတိပေးခဲ့တယ်။ အဲဒီတုန်းက ဟိုင်ကြီး၊ ချောင်းသာက ဒေသတာဝန်ခံတွေကို ရွာတွေကလူတွေကိုပြောင်းဖို့ (Evacuate) လုပ်ဖို့ ကျွန်တော်ဖုန်းနဲ့ သတိပေးခဲ့တယ်။ အဲဒီပြောဆိုချက်ကို ချောင်းသာ Max Hotel မန်နေဂျာ အပါအဝင် ဒေသခံစခန်းရဲမှူးကအစ သက်သေအဖြစ်ရှိနေကြတယ်။ ဒါပေမဲ့ အဲဒီ evacuate လုပ်ဖို့ဆိုတာ knowledge, plan, act, management, transporation, public participation, volunteers အားလုံးပါမှရတာဗျ။ အဓိက,ကတော့ ခေါင်းဆောင်မှု (leadership)ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့မှာ သဘာဝဘေးအန္တရာယ်အတွက် Management, Plan, Act, Action ဘာမှလည်းမရှိခဲ့ဘူး။ ဘာမှလည်း ကြိုတင်စီစဉ်ထားမှုမရှိခဲ့ဘူး။

ကျွန်တော်တို့က ကယ်ဆယ်ရေး (Relief, Resettlement, Rehabilitation)ပဲ တစ်သက်လုံး လုပ်လာကြတာ။ ကာကွယ်ရေး (Preparation, Prevention, Reduction)ဆိုတာတွေတော့ ဘာမှမလုပ်ကြဘူး။ လုပ်လည်းမလုပ်တတ်ကြဘူး။ လုပ်ရကောင်းမှန်းလည်း မသိကြဘူး။ မဖြစ်သေးသမျှ စောင့်ကြည့်နေကြတဲ့ သဘောပဲ။ အဲ.. ဖြစ်ရင်တော့ လုပ်ကြပါပြီ။

ဒါပါပဲဗျာ။ နာဂစ်နှစ်ပတ်လည်နေ့မှာ ဒါတွေဟာ စဉ်းစားကြရမယ့်အချက်တွေလို့ မြင်ပါကြောင်း ပြောချင်တာပါပဲ။

မောင်ထွန်းလွင် (မိုးလေ၀သ)
7Day News Journal  အတွဲ (၁၃)၊ အမှတ်(၈)


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ