မြန်မာနိုင်ငံတွင် လူသန်း ၃၀ ကျော် ငှက်ဖျားပိုး ကူးစက်နိုင်ခြေ ရှိဟုဆို


ရန်ကုန်၊ ဧပြီ ၂၅

အာရှဒေသ ငှက်ဖျားရောဂါပိုး ကူးစက်နှုန်း အမြင့်ဆုံး စာရင်းဝင် မြန်မာနိုင်ငံတွင် လူဦးရေ ၃၁ သန်းနီးပါးသည် ငှက်ဖျားရောဂါပိုး ကူးစက်နိုင်ခြေ ရှိနေကြောင်း Malaria Consortium Myanmar ဌာနေကိုယ်စားလှယ် Ms. Yasmin Padamsee Forbes က The Voice သို့ ပြောကြားသည်။

နိုင်ငံတစ်ဝန်း မြို့နယ် ၃၃၀ အနက် ၂၈၄ မြို့နယ်သည် ငှက်ဖျားရောဂါ အတွက် စိုးရိမ်ဖွယ် အခြေအနေ ရှိနေပြီး ကူးစက်နိုင်ခြေ ရှိသည့် ၃၁ သန်းအနက် လူဦးရေ သန်း ၂၀ နီးပါးမှာ အဆိုပါ ရောဂါပိုး ကူးစက်နိုင်ခြေ အန္တရာယ်ရှိ အဆင့်တွင် ရှိကြောင်း ၂၀၁၃ ခုနှစ် ကမ္ဘာ့ငှက်ဖျားရောဂါ အစီရင်ခံစာကို ကိုးကား၍ ၎င်းက ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ ငှက်ဖျားပိုး ကူးစက်သူ ထက်ဝက်ကျော်သည် ငှက်ဖျားပိုး သယ်ဆောင်သောခြင် ကျက်စားရာ သစ်တော အနီးတစ်ဝိုက် ကျေးရွာများတွင် နေထိုင်သူများ ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးသူငယ်များသည် ငှက်ဖျားရောဂါပိုး ကူးစက်ခံရပါက အန္တရာယ် ပိုရှိကြောင်း Ms. Yasmin Padamsee Forbes က ပြောဆိုသည်။

ယင်းကြောင့် ငှက်ဖျားပိုး ကူးစက်နှုန်း မြင့်သော မြို့နယ်များနှင့် ကျေးရွာများကို ကုသရေးနှင့် ကာကွယ်ရေး အစီအစဉ်များ တုံ့ပြန်ရန် အရေးကြီးကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးသူငယ်များနှင့် ရွေ့ပြောင်းလုပ်သားများကို ဂရုပြုရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်း ပြောဆိုသည်။

“မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ဘယ်သူမဆို ငှက်ဖျားရောဂါပိုး ကူးစက်နိုင်တယ်။ တချို့နေရာတွေကို ဆေးယဉ်ပါး ငှက်ဖျားအတွက်တောင် စိုးရိမ်ဖို့ ကောင်းတယ်” ဟု Ms. Yasmin Padamsee Forbes က ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် အရှေ့နှင့် တောင်အာရှ ဒေသတွင် အိန္ဒိယနှင့် အင်ဒိုနီးရှား ပြီးပါက ငှက်ဖျားရောဂါ တတိယမြောက် ဖြစ်ပွားမှု အများဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၂ ခုနှစ်က ငှက်ဖျားရောဂါကြောင့် ကိုယ်ဝန်ဆောင်မိခင် နှစ်ထောင်ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများ၏ စစ်တမ်းများအရ သိရသည်။

ဆေးယဉ်ပါး ငှက်ဖျားပိုး တွေ့ရှိထားသော နိုင်ငံဖြစ်သည့်အလျောက် ဆေးယဉ်ပါး ငှက်ဖျားပိုး မပြန့်ပွားရန် ကာကွယ်ရေး လုပ်ငန်းများလည်း လုပ်ဆောင်ရန် တိုက်တွန်းကြောင်း Malaria Consortium Myanmar ၏ ဧပြီလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါပိုး ကူးစက်ခံထားရသူ လေးသိန်းကျော် ရှိကြောင်း ၂၀၁၃ ခုနှစ် ကမ္ဘာ့ငှက်ဖျားရောဂါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

The Voice Weekly


မြန်မာနိုင်ငံတွင် လူသန်း ၃၀ ကျော် ငှက်ဖျားပိုး ကူးစက်နိုင်ခြေ ရှိဟုဆို မြန်မာနိုင်ငံတွင် လူသန်း ၃၀ ကျော် ငှက်ဖျားပိုး ကူးစက်နိုင်ခြေ ရှိဟုဆို Reviewed by သစ်ထူးလွင် on 11:17 Rating: 5
Powered by Blogger.