KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အကျယ်ချုပ် ချထားခြင်း မရှိဟုဆို


ရန်ကုန်၊ မတ် ၁၇

KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို KIO အဖွဲ့က အကျယ်ချုပ် ချထားခြင်း မရှိကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် PCG အဖွဲ့ဝင် ဦးခွန်အောင်က The Voice သို့ ပြောကြားသည်။

ဗိုလ်ချုပ်ဂွမ်မော်ကို KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အင်ဘန်လက မတ်လ ၆ ရက်နေ့မှ စတင်ကာ အကျယ်ချုပ် သဘောဖြင့် စောင့်ကြည့်နေကြောင်း ပြည်တွင်းအွန်လိုင်း မီဒီယာအချို့တွင် ရေးသား ဖော်ပြမှုများနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဂွမ်မော်သည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင်အဖြစ် လုပ်ဆောင်လျက် ရှိပြီး KIA စစ်ဦးစီးချုပ်က အကျယ်ချုပ် ချထားခြင်း မရှိကြောင်း ဦးခွန်အောင်က ပြောကြားသည်။

“ဗိုလ်ချုပ်က ကျန်းမာရေး မကောင်းလို့ ထိုင်းကို ဆေးသွားကုတာပဲ ရှိပါတယ်။ အခု ပြန်ရောက်နေပါပြီ။ ကျန်တာတွေက သတင်းမှားတွေပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ အကျယ်ချုပ် ချထားသည် ဆိုသည့် သတင်းမှာ ကချင်လူထုနှင့် တပ်မတော်ကြား သွေးခွဲခြင်း ဖြစ်ပြီး ဟုတ်မှန်ခြင်း မရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

“ကိုးရက်နေ့ကတောင် ကချင်မှာ သန်းခေါင်စာရင်း ကောက်ဖို့ ကိစ္စ ဆွေးနွေးခဲ့ပါသေးတယ်။ အကျယ်ချုပ် ချတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်ဂွမ်မော်သည် ၁၉၈၀ ပြည့်နှစ်များတွင် မန္တလေး တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ကချင်လွတ်လပ်ရေး တပ်မတော်သို့ တပ်သားအဆင့်မှ ဝင်ရောက်ခဲ့သူ တစ်ဦး ဖြစ်သည်။

ထို့အပြင် ဗိုလ်ချုပ် ဂွမ်မော်သည် တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီး ညီလာခံများသို့ တက်ရောက်ခဲ့ပြီး နိုဝင်ဘာလအတွင်း ရန်ကုန်မြို့သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သော ကချင်လက်နက်ကိုင် ခေါင်းဆောင်ဖြစ်ကာ NCCT အဖွဲ့ဝင်အဖြစ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်း အပြီးသတ် ရေးဆွဲနိုင်ရေးကို ဆောင်ရွက်လျက် ရှိသည်။

The Voice Weekly


KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အကျယ်ချုပ် ချထားခြင်း မရှိဟုဆို KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အကျယ်ချုပ် ချထားခြင်း မရှိဟုဆို Reviewed by သစ်ထူးလွင် on 16:04 Rating: 5
Powered by Blogger.