အင်တာနက်စနစ်ကို ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းစီစဉ်


ဝိုင်ဖိုင်အင်တာနက် ၀န်ဆောင်မှုစနစ်ကို အများပြည်သူသို့ ဝန်ဆောင်မှုပေး ရောင်းချနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ၎င်းတို့၏ ဝန်ဆောင်မှု အသစ်အတွက် ပြည်တွင်း၊ ပြည်ပ နည်းပညာ ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်ရန် စီစဉ်ထားသည်ဟု ယင်းလုပ်ငန်းမှ စုံစမ်းသိရသည်။ အဆိုပါ လုပ်ငန်းအနေဖြင့် ဝိုင်ဖိုင်အင်တာနက်စနစ်ကို အကျိုးတူ လုပ်ကိုင်လိုသော ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ကုမ္ပဏီများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုအစီအစဉ်ကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အကောင်အထည် ဖော်နိုင်ရန်နှင့် အများပြည်သူသို့ ရောင်းချနိုင်ရန် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဝန်ကြီးဌာန၏ ရွေးချယ်ခံထားရသော ဝိုင်ဖိုင်ကုမ္ပဏီများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းပြီး ပြည်တွင်းအင်တာနက်ဝန်ဆောင်မှုကို Borband Wireless စနစ်ဖြင့် သုံးစွဲသူများသို့ ပေးနိုင်ရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အဆိုပါ Broadband Wireless စနစ်ဖြင့် အင်တာနက်ဝန်ဆောင်မှုကို ပြည်တွင်း၊ ပြည်ပ နည်းပညာကုမ္ပဏီများဖြင့် ပူးပေါင်းမည့် အစီအစဉ်အပါအဝင် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍအတွက် အစိုးရမှ လုပ်ဆောင်နေသည့် စီမံကိန်းအများစုသည် ယခုနှစ်လယ်ပိုင်းခန့်တွင် အပြီးသတ်နီးပါးအထိ လုပ်ဆောင်ပြီးမြောက်နိုင်ဖွယ်ရှိနေသည်ဟု အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

ယုဇနကိုကို
Internet Journal

အင်တာနက်စနစ်ကို ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းစီစဉ် အင်တာနက်စနစ်ကို ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းစီစဉ် Reviewed by သစ်ထူးလွင် on 15:48 Rating: 5
Powered by Blogger.