ယခုလို အချိန်မှ တစ်ပါး အခြား မရှိ


ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော်တွင်အခြေခံ ဥပဒေပြင်ဆင်ရေး၃၁ ဦး ကော်မတီအတွက် အခြေခံမူများ ချပြရာမှာ ပြည်သူတို့ အဓိက တောင်းဆို နေကြသော အချက်အများစုကို လုံးထွေးစွာ ခြုံငုံ သုံးသပ်၊ ပြောကြားသွားခဲ့ပြီး သမ်္မတ၊ ဒုသမ်္မတနှင့် ၀န်ကြီးများအဆင့် တာဝန်ပေးအပ်ခံရသူများ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့် မရနိုင်ခြင်းနှင့် မိမိတို့ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခွင့် မရှိခြင်းများအပေါ် လိုအပ်ပါက ပြင်ဆင်နိုင်ရန် လေ့လာ သုံးသပ် ဆောင်ရွက်ရမည်ဟု အတိအကျ
သတ်မှတ် လမ်းညွှန်သွားခဲ့သည်မှာမူထူးဆန်းလွန်းလှသည်။

လွယ်ရေးချ လွယ်
လက်ရှိ အာဏာရ ပါတီက အဓိက ပြင်ဆင်လိုသည့် အချက်များသာ ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းသွားလိမ့်မည်ဟု ဝေဖန် ထောက်ပြနေကြဆဲ ပြည်သူများ၏ ဝေဖန်အကြံပြုချက် အများအပြားအနက် အထက်ပါ အချက်ကို အပြည့်အစုံ ထင်ထင်လင်းလင်း မီးမောင်းထိုးပြသွားခဲ့ရာ ယင်းပါတီ၏ ထိပ်တန်းပြင်ဆင်လိုရင်း အချက်တစ်ချက် ဖြစ်နေသည်။ ထိုအခါ “တကယ်တော့ သက်ဆိုင်ရာ လူတွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းချင်တယ်ဆိုရင် လပေါင်း သုံးဆယ်တောင် မလိုဘူး၊ ရက်သုံးဆယ်တောင် မလိုဘူး၊ ဆုံးဖြတ်ချက် ချဖို့ပဲ လိုတာ” ဟု ယခင်နှစ် ဇူလိုင် ၃၁ ရက်က မီဒီယာများအား ဒေါ်အောင်ဆန်းစုကြည် ပြောကြား ထားခဲ့သော စကားကို ပြန်လည် အမှတ်ရစေသည်။ သူတို့ လိုချင်ရာကျတော့ ဆုံးဖြတ်ချက်ချပြီး ပြင်နိုင်ဖို့က လွယ်သည်ပင် မဟုတ်ပါလား။

သိုက်ညွှန်းစာ ပမာ
နိုင်ငံနှင့် နိုင်ငံသားတွေ အကျိုးအတွက်မှန်ရင် မည်သည့် ဥပဒေ မဆို မည်သည့် အဆင့်ရောက်ရောက် ပြင်၍ ရသည် ဟူ၍ ပြီးခဲ့သောနှစ် သြဂုတ် ၁၃ ရက်နေ့က နေပြည်တော် တွင် စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် သူရဦးရွှေမန်း တွေ့ဆုံ ဆွေးနွေးခဲ့စဉ် ဆိုခဲ့ဖူးသည်။ “အဲဒီလို သမ်္မတ အတည်ပြုလိုက်တဲ့ အချိန်ရောက်သည့်တိုင် သူရဦးအေးမြင့် တို့ ကော်မတီက နိုင်ငံနှင့် နိုင်ငံသားတို့ အကျိုးမရှိဘူးဆိုရင် ပြန်လည်ဆွေးနွေး သုံးသပ်ပြီးတော့ ပြင်ဆင်လို့ ရတယ်၊ ပယ်ဖျက်လို့ ရတယ်” ဟုလည်း ထည့်သွင်း ပြောကြားသွား ခဲ့သေးသည်။ သို့သော် အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်တို့ ဦးစားပေး ပစ်မှတ်ထားကြသည့် ပုဒ်မ ၄၃၆ အား ပြင်ဆင်ရန် ကို သူရဦးရွှေမန်း မူဘောင်ချပြရာတွင် အတိအလင်း ထောက်ပြ သွားခြင်း မရှိခဲ့ပေ။ တချို့ကမူ သူရဦးရွှေမန်း၏ မိန့်ခွန်းမှ “ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေသော ကိစ်္စရပ်များ” ဆိုသည့် စကားရပ်မှာ အများပြင်ဆင်လိုကြသော အခန်း ၁၂၊ ပုဒ်မ ၄၃၆ ကို ရည်ဩန်းထားသည်ဟု ဆိုကြသည်။ ရတနာသိုက်ဩန်းစာ ကျနေသည်။ ဘာကြောင့် ဒီပုဒ်မ လေးနားမှာ ရစ်ဝဲ ဝေ့လည်နေကြရတာလဲ။ ရိုးသားစွာ ပြင်ချင် ပြင်မည်၊ မပြင်ချင် မပြင်ဘူးဟု ဗြောင်းဘွင်းဘွင်း ထုတ်မပြောနိုင်လောက်အောင် ဘာ လာပိတ်ထား၍လဲဟု ထုတ်မေးရတော့မည်။ ၈၈ မျိုးဆက်များနှင့် အဖွဲ့ချုပ်တို့ကမူ ပုဒ်မ ၄၃၆ အား ဦးစားပေးပြင်ရန် အတိအလင်းပင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဖက်ဒရယ် စနစ်
တိုင်းရင်းသားများအရေးနှင့် ပတ်သက်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်း၊ အုပ်ချုပ်ခွင့်နှင့် တန်းတူညီမျှမှုတို့ကို ပြင်ဆင်နိုင်ရန် လမ်းညွှန် ပေးခဲ့သော်လည်း ယခုလဆန်း သမ္မတ၏ ရေဒီယိုမိန့်ခွန်းပါ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်ရေးအထိ ရည်မှန်းချက်ထား ဆောင်ရွက်ဖို့ကို အထောက်အကူ ပြု၊ မပြု ဆိုသည်မှာ စောင့်ကြည့်ကြ ရဦးမည် ဖြစ်သည်။ အကြောင်းမှာ နာယက၏ လမ်းဩန်ချက် တွင် ယုံကြည်မှု ခိုင်မာသော အမျိုးသား စည်းလုံးညီညွတ်မှု ကို တည်ဆောက်နိုင်ခြင်းဖြင့် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရေး ဟူ၍သာ ဦးတည်ထားခြင်းကြောင့် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ အခြေခံ ရိုးသားမှုဖြင့် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် လမ်းစဉ်ကို မလွဲမသွေ ဦးတည် လမ်းပွင့် စေနိုင်မည်ဟု တစ်နိုင်ငံလုံးက မျှော်လင့် နေကြသည်ကို လွှတ်တော်များက နားလည်ထားကြပြီး ဖြစ်မည်ဟု စိတ်ချချင်ပါသည်။

ပြည်သူများ ရပိုင်ခွင့်
သမ္မတ၊ ဒုသမ္မတနှင့် ၀န်ကြီးများ အဆင့်ကို ရွေးကောက်ခံ ကိုယ်စားလှယ်များထဲကသာ ခန့်အပ်ရမည်ဟု လမ်းညွှန် ခဲ့ရာ အခြေခံ ဥပဒေ ပုဒ်မ ၆၀ (ဂ) ပါ “လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ” ဟူသည့် စကားပိုဒ်ကို ဖျက်သိမ်းရန် ကြံရွယ်ခြင်း ဖြစ်သည်ဟု ယူဆရသည်။ တိုးတက်မှုတစ်ရပ်အဖြစ် ကြိုဆိုသည်။ သို့သော် နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများကို ရွေးချယ် တင်မြှောက်နိုင်သော သမ္မတ ရွေးချယ်တင်မြှောက်နိုင်ရေး အဖွဲ့ကိုမူ ပုဒ်မ ၆၀ (ခ) အရ အမျိုးသားနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ နှစ်ရပ်အပြင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ပေါင်း ၃ ဖွဲ့ဖြင့် ဆက်လက် ဆောင်ရွက်သွားဦးမည့် အချက်ကိုမူ ထည့်မပြောသွားပေ၊ မူလအတိုင်း ထားခဲ့သည်။
ပြည်သူများကိုယ်တိုင် မိမိတို့အား ဦးဆောင်မည့် သူအား ရွေးချယ်ပိုင်ခွင့်ကို ၃၁ ဦး ကော်မတီအနေနှင့် အသေအချာ ထည့်၍ စဉ်းစားရန် ထပ်မံပြီး အလေးအနက် ဆန်္ဒပြုလိုသည်။ ပြည်သူများ အနေဖြင့်မူ ထိုအချက်ကို မိမိတို့ အခွင့်အရေး ရပိုင်ခွင့်အဖြစ် ဆက်လက် တောင်းဆို သွားကြမှာက သေချာလွန်းလှသည်။ တောင်းဆိုတာတွေ များလွန်းနေပြီဟု ဆိုလာပါမူ ပြည်သူများ၏ ရပိုင်ခွင့်ဟူ၍သာ ဖြေရပါမည်။ ယခင်နှစ် သြဂုတ်လ ၃၀ ရက်နေ့က ကဲ့သို့ပင် ပြည်ထောင်စု လွှတ်တော် နာယက အနေနှင့် ယခု န၀မ အကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးများ ရပ်နားချိန်တွင် လွှတ်တော် ကိုယ်စားလှယ်များ ပြည်သူများထံသွားကာ ပြည်သူ့အသံများ နားထောင်ကြဖို့ မပျက်မကွက် ထပ်မံ၍ တိုက်တွန်းပေးရန်ကိုလည်း ပူးတွဲ အကြံပြုလိုသည်။ ဒါမှလည်း ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လွှတ်တော် များက ကြိုးပမ်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။

သတိ္တခဲ တပ်မတော်
သူရဦးရွှေမန်းက တပ်မတော်၏ လက်ရှိ ပါဝင်မှု အခန်းကဏ္ဍ ကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိစေနိုင်မည့် နည်းလမ်း များကို လေ့လာ သုံးသပ် ဆောင်ရွက်ရန် ထည့်သွင်း လမ်းညွှန် အကြံပြုသွားပြန်သည်။ ထိုပြဿနာမှာ အတော်လေး ကျယ်ပြန့်စွာ ဆွေးနွေးရမည့် ကိစ်္စဖြစ်သည်။ သို့သော် ထိုအချက်ကို နာယက က အတိအကျ ဩန်ပြ မသွားခဲ့၍ ရှုပ်ထွေးနိုင်သည်။ နိုင်ငံရေး၌ တပ်မတော်၏ ဦးဆောင်မှု ကဏ္ဍသည် နိုင်ငံတကာ ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီ သဖြင့် ဒီမိုကရေစီဘောင် အတွင်းက ဆွေးနွေး ရပါမူ တပ်မတော်သည် မိမိတို့ အဓိက ထမ်းရွက်ကြရမည့် နိုင်ငံနှင့် ပြည်သူ လုံခြုံရေးနှင့် ကာကွယ်ရေး အတွက်သာ တာဝန်ယူ ဆောင်ရွက်စေချင်ကြသည်။ ဒါ ပြည်သူတို့၏ အထက်သန်ဆုံး ဆန်္ဒ ဖြစ်သည်။
တပ်မတော်မှာ နှစ်ငါးဆယ်ကျော် စစ်အာဏာရှင် များ၏ လက်သုံးတော်အဖြစ် အသုံးချခံခဲ့ရာက ယနေ့ နိုင်ငံသည် အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပြီဖြစ်ရာ စစ်စကားဖြင့် ဆိုရပါမူ နိုင်ငံရေးကိစ်္စများမှ အောင်မြင်စွာ ဆုတ်ခွာသင့်ပြီဟု ရိုးသားစွာ အကြံပြုလိုသည်။ ပြည်သူများ ကလည်း ထိုအတိုင်း တောင်းဆိုနေကြသည်ကို မကြား မသိဘဲ နေမည် မဟုတ်ဟု ယူဆမိသည်။
လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လူထုသို့ နောက်ဆုံးမိန့်ခွန်းတွင် “တိုင်းပြည်လူထုက မကြည်ညိုဘူးလို့ သိလာတဲ့တစ်နေ့မှာ တွယ်ကပ်မနေဘူး၊ ထွက်ပေးမယ်” ဟု မြွက်ကြားခဲ့သည်ကို သတိချပ်သင့်သည်။ ထိုအချက်မှာ တပ်မတော်ကို စော်ကားလိုရင်း မဟုတ်။ ထိုစကား၏ မူလဇာစ်မြစ်မှာ ထူးကဲ နိုင်ငံရေး သတိ္တအား ရင့်ကျူးလျက် ရှိနေသည်ကို အံ့မခန်း တွေ့မြင်နိုင်မည် ဖြစ်သည်။ သတိ္တခဲ တပ်မတော်အဖြစ် ပြည်သူက ယခုလို မြင်ချင်ကြသည်ကို လက်ရှိ တပ်မတော် ခေါင်းဆောင်များ နားလည်သင့်လောက်ပေပြီ။

ဝှက်ဖဲ
အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်ပြီး သူရဦးရွှေမန်း က ဖွဲ့စည်းပုံ ပြင်ရာတွင် ၅၉ (စ) တစ်ခုတည်းကို ကြည့်မည် မဟုတ်ဘဲ နိုင်ငံတော် အေးချမ်းမှုနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ချောမွေ့စေရန် ရည်ရွယ်ဆောင်ရွက်မည်ဟု အစချီလျက် ဇန်န၀ါရီ ၂၃ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းပြပြီး ဆက်လက်၍ “အဲဒီထဲမှာ ခုန ပြောတဲ့ ၅၉ (စ) လည်း ပါကောင်း ပါနိုင်ပါတယ်၊ ဒါနှင့် ပတ်သက်လို့ လွှတ်တော်မှာ တင်ပြတဲ့ အခါမှာ မိမိတို့ပါတီရဲ့ သဘောထား ကို စောင့်ပြီးတော့ နားထောင်ကြည့်ပါ” ဟု ၀ှက်ဖဲလိုလို ပြောကြားခဲ့သည်။ ယခု အခြေခံမူများ ချပြခဲ့ရာတွင်လည်း ၅၉ (စ) ကို လုံးဝ ထည့်ပြောသွားခြင်း မရှိဘဲ ၀ှက်ဖဲ အဖြစ် ဆက်လက် ထားရှိလိုပုံ ရသည်။
သို့သော် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တစ်ဦးက သမ်္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက်တွင် သူတို့ အနည်းငယ် ဖြေလျှော့ထားပုံကို “ဒေါ်အောင်ဆန်းစုကြည် အနေနှင့်လည်း သားနှစ်ယောက်ကို မြန်မာနိုင်ငံသား ခံယူခိုင်းလိုက်ရင် သမ်္မတ ဖြစ်ပြီပေါ့” ဟု ပြောကြားခဲ့သည်။ ပါတီ၏ သဘောထား ထိုအတိုင်း ဟုတ်၊ မဟုတ်ကို သူရဦးရွှေမန်း ယနေ့ထိ ရေငုံနှုတ်ပိတ် လုပ်နေဆဲ ဖြစ်သည်။

နှစ်ဆတိုး ပဲ့တင်ထပ်
ပုဒ်မ ၅၉ (စ) လိုမျိုး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ထည့်ဆွဲခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံထဲမှာလည်း အလားတူ ရေးဆွဲထားသည်ဟု လိမ်ညာ ၀ါဒဖြန့်မှုများကို ပြည်သူများ သတိထားစေချင်သည်။ ၄၇ ဖွဲ့စည်းပုံ၌ အမတ်ဖြစ်နိုင်သူသည် သမ်္မတ ဖြစ်သည်။ ၇၄ ဖွဲ့စည်းပုံတွင် နိုင်ငံသား မိဘနှစ်ဦးမှ မွေးဖွားလာသူ နိုင်ငံသားသည် ၂၈ နှစ် ပြည့်လျှင် လွှတ်တော် ကိုယ်စားလှယ် ဖြစ်နိုင်သည်။ သမ်္မတ ဖြစ်နိုင်သည့် အရည်အချင်း သီးခြား သတ်မှတ်ထားခြင်းပင် မရှိခဲ့ပေ။
သို့နှင့် အဆိုပါ ပုဒ်မအား တစ်ဦးတစ်ယောက်အပေါ် ရည်စူးလျက် မိမိတို့ လွန်လွန်ကျူးကျူး ထည့်ဆွဲခဲ့သည်ကို ၀န်မခံ၊ ခေါင်းမာခဲ့၍ အလိမ်ပေါ်ပြီး စိတ်ထားကောက်ကျစ် သေးသိမ်လှပုံသာ အဖတ်တင်ကျန်ရစ်ပေပြီ။ ထိုပုဂိ္ဂုလ် များ၏ ပါတီဂုဏ်ရည် ပို၍ နစ်နာလှသည်။ ၈၈ ခေါင်းဆောင် ကိုမြအေး၏ မြန်မာနိုင်ငံသား စစ်စစ် မိဘနှစ်ပါးမှ မွေးဖွား လာသူ မြန်မာနိုင်ငံသားသည် မြန်မာနိုင်ငံတွင် သမ်္မတ ဖြစ်ခွင့်ရှိသည်ဟူသည့် အဆိုပြုချက်ကို ပြည်သူတို့ နှစ်ဆတိုး ပဲ့တင်ထပ်ချိန် ဆိုက်ရောက်ပေပြီ။ ယင်းကို ပြည်သူ့ ဘက်တော်သားတို့ ခွန်အား အဖြစ် မှတ်ယူလျက် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ်္မတ အဖြစ် တင်မြှောက်နိုင်ရေး အတွက် ပြည်သူ့ဆန်္ဒ ထုတ်ဖော်ပွဲ များဖြင့် ရှေ့ကို ဆတက်ထမ်းပိုး တိုးပြီး ကြိုးပမ်း ဆောင်ရွက် သင့်ကြပေပြီ။

ရှေ့ခြေလှမ်း
ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်သော နိုင်ငံရေး ယဉ်ကျေးမှုတစ်ခု အမြစ်တွယ်နိုင်စေရန် အေးချမ်းစွာ အပြောင်းအလဲများ ဖြစ်စေမည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် လုပ်ငန်း စမည်ဟု အတိအလင်း ကြေညာခဲ့ပြီး ဖြစ်သည်။ ၈၈ ခေါင်းဆောင် ကိုကိုကြီးကလည်း ပြင်ဆင်ရေးအတွက် လွှတ်တော်၏ ယ်္တရားစနစ်ကို လောလောဆယ် အသုံးချပြီး ဆုံးဖြတ်ချက် ချသောအခါ ပြည်သူတို့၏ အသံများ ကျယ်လောင်စွာ ထွက်လာနိုင်ဖို့ လွှတ်တော်ဘက်က အလေးအနက် ထားလာအောင် ကြိုးစားသွားမည်ဟု ဖေဖော်ဝါရီ ၁၅ ရက်နေ့က အဖွဲ့၏ကိုယ်စား ရှေ့လုပ်ငန်းစဉ် ကို မီဒီယာများသို့ ပွင့်လင်းစွာ ပြောကြားလိုက်သည်။

လှမ်းတော့လှမ်း ... သို့သော်
ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ မိမိတို့ပါတီ၏ သဘောထားကို ပွင့်ပွင့်လင်းလင်း ချပြ ဆွေးနွေးကြရမည့်အစား ပုဒ်မ ၅၉ (စ) ထောက်ခံပွဲတွေ လုပ်လာသည်။ တစ်ချိန်က စတုတ်္ထ မဏ္ဍိုင်ဟု အမွှမ်းတင်ခဲ့သော်ငြား ယခု ပုဂ်္ဂလိက မီဒီယာ များကို မသိမသာ ခြိမ်းခြောက်မှုအဖြစ် ပြည်သူ့ဘဏ္ဍာဖြင့် ထုတ်ဝေသည့် အစိုးရ မီဒီယာမှာ စတင် ဖော်ပြလာနေပြီ ဖြစ်သည်။ နယ်တွင် အာဏာရပါတီ ဒုဥက်္ကဋ္ဌ တစ်ယောက် ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးဖို့ စိတ်ပျက်ဖွယ် စကားလုံးများဖြင့် ဟောပြော စည်းရုံးလာနေသည်မှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းက သူတို့ တရား လက်လွတ် ဟောပြောခဲ့ကြပုံတွေကို အမှတ်ရစေသည်။ ၀န်ကြီးတစ်ယောက်ကမူ ပြည်သူတွေ အကြောက် တရား မွေးလာအောင် အသားလွတ် ခွပ်ပြခဲ့ခြင်းသည် သူတို့လမ်းစဉ် စလုံးရေ စပြီဟု ယူဆနိုင်သည်။

ထောင်ချောက်လား
ဘာသာရေးနှင့် နိုင်ငံရေးကို ရောထွေးအောင် လုပ်ပြီး စာရေးဆရာအချို့အား ဖိအားပေး ပိတ်ပင်မှုများ လုပ်ဆောင် လာကြသည်မှာ နိုင်ငံ့ ရှေ့ရေးအတွက် ကောင်းသော အလားအလာ မဟုတ်ပေ။ ဘာကြောင့် မင်းမဲ့စရိုက်ပမာ စိတ်ထင်တိုင်း ပြုလုပ်လာနိုင်ရတာလဲ။ ဘာသာရေးနှင့် လူမျိုးရေးဆန်ဆန် ပဋိပက်္ခများကို နောက်ကွယ်က ကြိုးကိုင် ခဲ့ကြသူများ၏ ထောင်ချောက်အတွင်းသို့ မိမိတို့၏နိုင်ငံ ကျရောက်သွားလေပြီလားဟု မေးခွန်းထုတ်စရာ ဖြစ်လာ သည်။ မကြာမီ ဒီမိုကရေစီ လိုလားသူ အတိုက်အခံများ၏ မဲဆွယ် စည်းရုံးမှုများကို အလားတူ အနှောင့်အယှက် ဆက်ပြုလာနိုင်သည်။ ဒါတွေကို အစိုးရအနေနှင့် လျစ်လျူ ပြုနေမည့်အစား ထိရောက်စွာ တားမြစ်၊ အရေးယူသင့်သည်။ ဒီလို ပုံစံမျိုးတွေနှင့် ၂၀၁၅ ရွေးကောက်ပွဲကို မသမာ နည်းလမ်းများဖြင့် လုံးဝကြီး ကျင်းပနိုင်မှသာ အနိုင်ရနိုင် မည်ဟု ဗေဒင် မေးစရာမလို၊ အတပ်ဟောနိုင်သည်။

ယခုလို အချိန်
၂၀၁၅ ရွေးကောက်ပွဲ ငြိမ်းချမ်းချောမွေ့စေရန် အရေးပါသည့် ကဏ္ဍက နိုင်ငံရေး အင်အားစုတွေနှင့် နိုင်ငံရေး ပြေလည်မှု ရယူဖို့ လိုအပ်ကြောင်း ၈၈ ခေါင်းဆောင် မင်းကိုနိုင်က အချက်ပေးလိုက်ပြန်သည်။ ယင်းကြောင့် အများစု သဘော တူကြသော အခြေအနေ တစ်ခုသို့ရောက်အောင် ကြိုးပမ်း သွားမည်ဟု ဆိုသည်။ အားလုံး ပြေပြေလည်လည်နှင့် စေတနာ ရိုးဖြောင့်မှန်စွာ ခရီးအတူ ဆက်သင့်ကြပေပြီ။ သာတူညီမျှ လွတ်လပ်သည့် လမ်းစဉ်ဖြင့် ပြည်သူကို အသာတကြည် စည်းရုံးလျက် လာမည့် ရွေးကောက်ပွဲကို ကျော်ဖြတ်ကြဖို့ တော်ပြီ ဖြစ်သည်။ နှစ်ငါးဆယ်ကျော် ရုန်းကန်နေကြရဆဲ ပြည်သူတို့အပေါ် ၀န်ထုပ်ဝန်ပိုး ထပ်မဆင့် သင့်တော့ပေ။
နောက်ဆုံး သတင်းများ အရ ၃၁ ဦး ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က နိုင်ငံတကာက ပြင်ဆင်ရန် ခက်ခဲသည်ဟု ထောက်ပြ ဝေဖန်နေကြသော ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လုပ်ကို လုပ်ရမည်ဟု ဖေဖော်ဝါရီ ၁၉ ရက်နေ့က တပ်လှန့် ကြွေးကြော်လိုက်ခြင်းဖြင့် ပြည်သူ့ အကျိုး ကာကွယ်လိုသူ ဖြစ်လာသည်။ ပြည်သူများက ယုံကြည်စိတ်ချ ကိုယ့်ကြမ်္မာကိုယ် ပြဋ္ဌာန်းပိုင်ခွင့်ရှိသည့် လွတ်လပ်မျှတခြင်းသည်သာ ထာဝရ အခိုင်မာဆုံး ဖွဲ့စည်းပုံ တစ်ခု ဖြစ်နိုင်ဖို့ ပြည်သူတို့က ပြင်ဆင်လိုကြခြင်းသာ ဖြစ်သည်ဟု ထောက်ပြချင်သည်။ သို့သော် အဆိုပါနေ့၌ပင် ပြည်သူ့လွှတ်တော်မှာ တင်သွင်းသည့် ငြိမ်းစုစီ ဥပဒေအား ပြင်ဆင်သော ဥပဒေကြမ်းသည် ဖွဲ့စည်းပုံမှ ပေးအပ်ထား သည့် ပြည်သူ့အခြေခံ ရပိုင်ခွင့်များကို တားဆီးဆဲ ဖြစ်နေ သဖြင့် ဖွဲ့စည်းပုံကို အပုပ်ရည် ဆွတ်ဖျန်းဆဲမို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ပြည်သူများရှေ့က ရပ်တည်လျက် ခိုင်မာစွာ ချေဖျက်ပေးနိုင်ကြဖို့ အရေးကြီး လှသည်။ မည်သို့ပင်ဖြစ်စေ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရန် အသင့်တော်ဆုံး အခါအခွင့်ကောင်းကို ပိုင်ပိုင်နိုင်နိုင် ဆွတ်ခူးနိုင်ချိန်သည် ယခုလိုအချိန်မှတစ်ပါး အခြား မရှိနိုင်တော့ပေပြီ။ လက်လွတ် ဆုံးရှုံး မခံကြပါနှင့်။

ရွှေဝင်း

ပြည်သူ့ခေတ်ဂျာနယ်အတွဲ - ၄၊အမှတ် - ၁၈၇ ဆရာရွှေဝင်းဆောင်းပါး ...


ယခုလို အချိန်မှ တစ်ပါး အခြား မရှိ ယခုလို အချိန်မှ တစ်ပါး အခြား မရှိ Reviewed by သစ်ထူးလွင် on 11:47 Rating: 5
Powered by Blogger.