ဒေါ်လာပိုက်၍ ပြည်ပပြန်သွားပြီဆိုသူ သူရိယနေ၀န်း ဦးမိုးဟိန်း ရန်ကုန်တွင်ရှိနေ


ရန်ကုန်၊ ဇန်န၀ါရီ ၃၀

အမေရိကန်ဒေါ်လာ ၆ သိန်း ပိုက်၍ ပြန်သွားပြီဆိုသူ သူရိယနေ၀န်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ်(CEO) ဦးမိုးဟိန်းသည် ခေတ္တ အနားပေး ထားခြင်းသာ ဖြစ်၍ ရန်ကုန်၌သာ ရှိသည်ဟု ဇန်န၀ါရီလ ၃၀ ရက် သူရိယနေ၀န်း ဂျာနယ်ရုံးခန်းတွင် ထုတ်ဝေသူ ဦးခင်အေး က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်ထုတ် အလင်းခေတ် သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၄) မျက်နှာဖုံးနှင့် အချပ်ပို(D)တွင် ““နေ၀င်းခေတ်မိုးဟိန်း အထုပ်ပိုက်၍ သူရိယနေ၀န်း ဂျာနယ်အား စွန့်ခွာ”” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သော သတင်းတွင် CEO ဦးမိုးဟိန်းသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစ၍ ၎င်းဂျာနယ်မှ စွန့်ခွာခဲ့ပြီး ထိုဂျာနယ်တွင် အစဉ်တစိုက် ရေးသား တိုက်ခိုက်ခဲ့သည့် ပုဂ္ဂိုလ်နှင့် ညှိနှိုင်းမှု ရယူကာ ထွက်သွားခြင်း ဖြစ်ကြောင်း၊ သတင်းတပ်ဖွဲ့ (SB) ၏ အကြီးတန်း ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ ဦးမိုးဟိန်းသည် ဒေါ်လာ ၆ သိန်း ပိုက်၍ ထွက်သွားသည်ဟု ကြားသိရကြောင်း၊ ထုတ်ဝေသူ ဦးခင်အေးကလည်း ဦးမိုးဟိန်းသည် အမေရိကန် နိုင်ငံသား ဖြစ်၍ ဒီဇင်ဘာလ ကတည်းက ထုတ်ပယ်ပြီး ဖြစ်ကြောင်း စသည်ဖြင့် အသေးစိတ် ရေးသား ဖော်ပြထားသည်။ အလင်းခေတ် သတင်းဂျာနယ်တွင် အဆိုပါ သတင်းဖော်ပြ ပြီးနောက် မြန်မာသံတော်ဆင့်မှ ထပ်မံ၍ သတင်း အချက်အလက် ရယူခဲ့ရာ ဇန်န၀ါရီလ ၃၀ ရက်တွင် ထုတ်ဝေသူ ဦးခင်အေးနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

““ဦးမိုးဟိန်းက ရန်ကုန်မြို့မှာပဲ ရှိပါတယ်။ ဂျာနယ်တိုက်က မထွက်ပါဘူး။ လိုရာဆွဲပြီး ရေးသွားတာ။ သူ့ကို ခေတ္တ အနားပေးထားတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းမှု မလုပ်ဘူး။ နေ့တိုင်းနေ့တိုင်း ဂျာနယ်ကြီး မှာ သူ့မျက်နှာ အမြင်ကတ်အောင် ပါနေတာပဲ။ အဲဒါ သက်သက် လျှောက်ပြောနေတာ။ SB ဆိုတဲ့ လူကိုလည်း သိတယ်။ ပြည်ပထွက်ရင် လ၀က သိရမှာပေါ့။ ၆ သိန်း နည်းတာပေါ့။ ၆ သန်းလို့ ပြောရမှာ။ ဟိုကမေးတော့ ဦးက စိတ်ဆိုးပြီး မရှိဘူး ထုတ်လိုက်ပြီလို့ ပြောလိုက်တာ။ အဲဒါကို ပြောတာရော၊ မပြောတာရော လိုရာဆွဲ ရေးသွားတာ””ဟူ၍ ဦးခင်မောင်အေးက အသေးစိတ် ဖြေကြားခဲ့သည်။

ဦးမိုးဟိန်းနှင့် ညှိနှိုင်းမှု ရယူခဲ့သည်ဟု သတင်း ထွက်ပေါ်နေသော ထူးကုမ္ပဏီများအုပ်စုပိုင်ရှင် ဦးတေဇသည် ပုဂ္ဂိုလ်ရေး တိုက်ခိုက် ရေးသားသည့် သူရိယနေ၀န်း ဂျာနယ်၊ ဦးမိုးဟိန်းနှင့် အခြားပြည်တွင်း ဂျာနယ်များကို တရားဥပဒေ ဘောင်အတွင်းမှ ဖြေရှင်းသွားမည်ဟု ဦးတေဇ Facebook စာမျက်နှာတွင် ဖော်ပြပြီးနောက် ဦးတေဇက မည်သည့် ဂျာနယ်ကိုမျှ တရားစွဲဆိုခဲ့ခြင်း မပြုခဲ့သည့်အတွက် ဦးမိုးဟိန်းနှင့် စပ်လျဉ်း၍ တရားစွဲဆိုမှု ပြု၊ မပြုကို မြန်မာသံတော်ဆင့်မှ မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် စိတ်ဝင်စားမှု မရှိတော့ကြောင်း ရုံးအဖွဲ့မှူး ဦးညီညီအောင်က ယခုကဲ့သို့ ပြောကြားသည်။

““ကိုမိုးဟိန်းနဲ့ ဦးတို့နဲ့ ဘာအဆက်အသွယ်မှ မရှိပါဘူး။ သူတို့ဘာသာ ပြောချင်တာပြော လုပ်ချင် တာလုပ်ပြီး ဗီဇာပြည့်လို့ ပြန်တာ ဖြစ်ပါလိမ့်မယ်။ သူ့ကို စိတ်မ၀င်စားတော့တာ ကြာပြီ။ အခုပြောနေတဲ့ အပေါ်မှာလည်း ဘာမှတ်ချက်မှ ပေးစရာမရှိပါဘူး””ဟု ဦးညီညီအောင်က ပြောသည်။

သူရိယနေရ၀န်း ဂျာနယ်၏ အမှုဆောင်အရာရှိချုပ် (CEO) ဦးမိုးဟိန်းနှင့် စပ်လျဉ်း၍ စာနယ်ဇင်း လောကသား တစ်ဦးဖြစ်သူ ဦးလှထွဋ်စိုးက ““ဒီကိစ္စနဲ့ ပတ်သက်ပြီး သိထားတာ မရှိဘူး၊ အမေရိကန် နိုင်ငံသား ဖြစ်နေတဲ့ အတွက် သူ့ကို ဒီက ဥပဒေက ဘာမှမလုပ်နိုင်ဘူး။ ရှောင်လွှဲနိုင်တယ်။ ရင်ဆိုင်စရာလည်း မလိုဘူး။ သူက အေးအေးဆေးဆေး ပြန်သွားမှာပဲ။ တချို့သတင်းတွေက သတင်းထောက်တွေ ရနိုင်မယ့် အမေးအဖြေတွေ မဟုတ်ဘူး။ သူများ မလုပ်နိုင်တဲ့ အလုပ်ကို ကိုယ်စား လုပ်ရင် လုပ်တဲ့ဂျာနယ်ကို အားပေးတာ၊ လက်ခုပ်တီးတာ ပဲလေ။ ဒါပေမဲ့ ဒီလို သတင်းရတယ်ဆိုတာ နှစ်နည်းပဲ ရှိတယ်။ အရင် ထောက်လှမ်းရေး Black ဖိုင်က ရရင်ရ/ ခရိုနီ အချင်းချင်းထဲက ပေးတာ ဒါပဲဖြစ်နိုင်တယ်။ သူ ပြည်ပသွားတယ် ဆိုရင် သူနဲ့ရင်းနှီးတဲ့ သူတွေထဲမှာ ကျွန်တော်နဲ့ ရင်းနှီးသူတွေ ရှိတယ်။ ဘာမှမကြားပါဘူး။ ဒီမှာရှိနေမှာပါ””ဟု သုံးသပ် ပြောကြားခဲ့သည်။

ဦးလှထွဋ်စိုးသည် ၁၉၈၄ ခုနှစ် နိုင်ငံခြားရေး ၀န်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာနတွင် လုပ်ကိုင်ခဲ့ပြီး ၁၉၈၈ အရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရ လက်ထက် အာဏာ သိမ်းပြီးနောက် နိုင်ငံရေး လှုပ်ရှားမှုများ ဆက်လက် လုပ်ကိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ရက်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ် (ဗကသ) ၆၉ ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား စီစဉ်နေစဉ် အဖမ်းခံခဲ့ရကာ အင်းစိန်ထောင်တွင် ထောင်(၃)နှစ် ကျခံခဲ့ရသူ ဖြစ်သည်။ ထို့နောက် ပုဒ်မ အမျိုးမျိုးဖြင့် ပြစ်ဒဏ်များ ကျသင့်ခံခဲ့ရကာ၂၀၀၅ ခုနှစ်တွင် လွတ်မြောက်လာပြီး နောက်ပိုင်းမှစ၍ နိုင်ငံရေး လှုပ်ရှားမှု မပြုလုပ်ဘဲ စာနယ်ဇင်း လောကတွင် ကျင်လည်လျက် ရှိသည်။ သူရိယအလင်း ဂျာနယ် ပြဿနာ ဖြစ်ပြီးနောက် သူရိယနေ၀န်း အမည်ဖြင့်၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်မှ စတင်ထုတ်ဝေ ခဲ့ရာ အတွဲ(၁)၊ အမှတ်(၁၄)ထိ ထုတ်ဝေပြီး ဖြစ်သည်။

ဝတ်ရည်နွေးနွေး

Myanmartandawsint Newspaper


ဒေါ်လာပိုက်၍ ပြည်ပပြန်သွားပြီဆိုသူ သူရိယနေ၀န်း ဦးမိုးဟိန်း ရန်ကုန်တွင်ရှိနေ ဒေါ်လာပိုက်၍ ပြည်ပပြန်သွားပြီဆိုသူ သူရိယနေ၀န်း ဦးမိုးဟိန်း ရန်ကုန်တွင်ရှိနေ Reviewed by သစ်ထူးလွင် on 17:00 Rating: 5
Powered by Blogger.