ရေနံမုဆိုးတို့ ပျော်စံရာမြေ

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ဖုန်အလုံးလုံး တက်နေသော တောင်ကုန်း တောင်တက်လမ်းမကြီးအတိုင်း လိုက်ထရပ်ဘတ်စ်ကား
တစ်စီးပြေးလွှားနေသည်။

အကာမပါသော ကားနောက်ခန်းတွင် ဖုန်အလိမ်းလိမ်း ပေကပ်နေသည့် ဈေးခြင်းတောင်း ၀န်စည်
စလယ်များနဲ့ အတူ ဈေးသည်အချို့ လိုက်ပါလာသည်။ ကားခေါင်မိုးပေါ်နှင့် နောက်ဘက်ခြေနင်းခုံ
ပေါ်တွင် အရွယ်ကောင်းအမျိုးသားအချို့ လိုက်ပါ လာကြသည်။

အပေါ်ဝတ်အနွေးထည်ခပ်နွမ်းနွမ်းနှင့် အရောင်းမွဲဂျင်းဘောင်းဘီ ၀တ်ဆင်ထားသည့် ထိုအမျိုးသား
တို့သည် ကွမ်းယာတပျစ်ပျစ်ထွေးလျက်၊ လူးကာလိမ့်ကာပြေးနေသော ဘက်စ်ကားပေါ်တွင်
တစ်ဦးနှင့် တစ်ဦး အော်ကာဟစ်ကာ စကားပြောလျက် လိုက်ပါလာကြသည်။

ဖုန်မှုန့်များလွှမ်းခြုံနေသောလမ်းမထက်တွင် သူတို့မျက်လုံးများက အရောင်တောက်လျက်၊ သူတို့
အသံများကား အားတက်လျက်။ သူတို့၏ ဦးတည်ရာကား ရွှေမည်းထွက်ရာ ရေနှံမှော်။

မကွေးတိုင်းဒေသကြီးအတွင်း မင်းလှမြို့နယ် အတွင်းရှိ ထန်းကိုင်းရေနံမြေသည် လွန်ခဲ့သည့်
နှစ်အတန်ကြာက ပေါ်ထွက်ခဲ့သည်။

မင်းလှ - သရက်လမ်းမကြီးဘေးတွင်ရှိသည့် ထန်းကိုင်း ရေနံမှော်သို့ ယနေ့အချိန်အထိ အနယ်နယ်
အရပ်ရပ်မှ လူများ လာရောက်လုပ်ကိုင်နေဆဲ ဖြစ်သည်။

ကန္တာရပင်များ ကျိုးတိုးကျဲတဲပေါက်ရောက် နေသည့် တောင်ကုန်းဆင်ခြေလျှောများ တစ်လျှောက်
လက်ယက်တွင်း ရေနံတူးစင်များ၊ မိုးကာစရွက်ဖျင်တဲများနှင့် ရေနံမှော်ကို အဝေးကပင် လှမ်းမြင်နိုင်
သည်။

ရေနံမှော်အ၀င်ဝ တွင် ရုပ်ဆင်းအင်္ဂါပြည့်စုံခြင်း မရှိသည့် မော်တော်ဆိုင်ကယ်များကိုစီးလျက်
ဥဒဟို သွားလာလှုပ်ရှားနေကြသူများ၊ လမ်းမကြီးဘေး တစ်ဖက်တစ်ချက်ရှိ ဈေးဆိုင်များတွင်
ဈေးဝယ် နေသူများ၊ ခရီးသည်ရရန် အလို့ငှာ အော်ဟစ်ဆူညံနေသော အဝေးပြေးဘတ်စ်ကားငယ်
များနှင့် ဟိုမှသည်ခုတ်မောင်းနေကြသည့် ထော်လာဂျီများကို တွေ့မြင်ရသည်။

ရေနံမှော်၏ နံနက်ခင်းသည် မြို့ငယ်တစ်ခုမျှ လှုပ်ရှားအသက်ဝင် နေသည်။

ရေနံမှော်အတွင်းပိုင်း တစ်နေရာတွင် ရေနံအ၀ယ်တော်များ အလုပ်များနေကြသည်။

မှော်ထွက်ရေနံစိမ်းများ ခြင်တွယ်ဝယ်ယူနေသည့် အ၀ယ်တော်များနှင့် ရေနံပီပါများ တင်ဆောင်
ထားသည့် ကားကြီးကားလတ်များက ရေနံမှော်တစ်ခု၏ တစ်စိတ်တစ်ပိုင်းကို ဖော်ပြနေသည်။

ပိုက်ဆံအိတ်တစ်လုံးဖြင့် ရေနံအ၀ယ်တော်ဖြစ်သော ခပ်၀၀အမျိုးသမီးက ကင်မရာကို စိုးရိမ်တကြီး
လိုက်ကြည့်နေသည်။

ခန္ဓာကိုယ်တစ်ခုလုံး ရေနံများပေကျံနေသည့် ခြင်တွယ်ရေးအလုပ်သမားတွေကတော့ ဓာတ်ပုံရိုက်
ဆရာကို ပြုံးပြကြသည်။

"ဓာတ်ပုံက ဘာလို့ရိုက်တာလဲ။ ဘာမှန်းမသိ ကျွန်မ ကားနံပါတ်လေး ဓာတ်ပုံထဲပါသွားပါ့မယ်။
မရိုက်ပါနဲ့နော်"ဟု အ၀ယ်တော်အမျိုးသမီးက ပြောလေသည်။

ရေနံမှော်အတွင်း ရေနံစိမ်း ပေါက်ဈေးကတော့ ဂါလန် ၅၀ ခန့် ရေနံစိမ်းတစ်ပီပါလျှင်
ကျပ် ၁၁၈,၀၀၀ နှုန်းဖြစ်သည်ဟု သိရသည်။

"ဒိုင်နာတစ်စီးကို ပီပါ ၁၈ လုံးနိုင်တယ်။ အရင်က တစ်နေ့ကို နှစ်ခေါက် သုံးခေါက်ဆွဲရတယ်။
ခုရေနံအထွက် ကျလာတယ်။ တစ်နေ့ တစ်ခေါက်ပဲ"ဟု ရေနံအ၀ယ်ကားပေါ်မှ အချင်အတွယ်
သမားတစ်ဦးက ပြောသည်။

ထိုးထိုးထောင်ထောင် ရွက်ဖျင်တဲများ တစ်ခု နှင့် တစ်ခု ထိစပ်လျက်၊ ရေနံတူးစင်များ၊ ရေနံတူး
ပိုက်များသည်လည်း ရှုပ်ထွေးလျက်၊ မရပ်မနားထွက်ပေါ်နေသည့် အင်ဂျင်စက်သံများသည်လည်း
ပျံ့လွင့်လျက် ရေနံမှော်အတွင်းပိုင်သည် ခပ်ပြင်းပြင်းနေရောင်အောက်တွင် အခြားနေရာများထက်
ဆူညံလျက်ရှိသည်။

ရေနံအထွက်များရာနေရာကို အလုအယက်စုပြုံတူးဖော်တတ်ကြသည့် လက်ယက်ရေနံမှော်များ
သဘောသဘာဝအတိုင်း ရေနံတွင်းတူးစင်များသည်လည်း ကပ်လျက်နီးလျက်ရှိကြသည်။

အဆက်မပြတ် ဆူညံနေသည့် အင်ဂျင်စက်သံများအကြား ရေနံတွင်းပေါက်စီတိုင်းတွင်
သုံးလက်မခွဲပိုက်ဖြင့် ရေနံခပ်ယူနေသူများ ရှိသည်။

ဆောင့်ကြောင့်ထိုင်လျက် အနေအထားဖြင့် ရေနံခပ်ယူနေသူသည် လက်တစ်ဖက်တွင် ရေနံပိုက်ကို
ထိန်း၍လည်းကောင်း အခြားလက်တစ်ဖက်ဖြင့် အင်ဂျင်စက်ကိုထိန်းသည့် မောင်းတံကိုကိုင်၍
လည်းကောင်း ဟန်မပျက်လှုပ်ရှားနေကြသည်။

ရေနံအထွက်ကိုမူတည်၍ တစ်နာရီကြားတစ်ခါ ရေနံခပ်ယူရပြီး တချို့တွင်းများတွင် ရေနံခပ်ပိုက်
အား အတင်အချဆွဲယူသည့် ရစ်ဘီးကို လက်အားဖြင့် အသုံးပြု၍ အချို့တွင်းများတွင် စက်အားဖြင့်
အသုံးပြုကြသည်ဟု ဆိုသည်။

"ပေအရမ်းနက်တဲ့ တွင်းတွေကျတော့ အောက်မှာရှိတဲ့ ရေနံတွေကို ကိုယ့်တွင်းတစ်ခု တည်းစု
လာအောင် ကွန်ပရက်ဆာနဲ့ စုပ်ယူတယ်"ဟု ရေနံမုဆိုးတစ်ဦးဖြစ်သူ ဦးတင်လှိုင် က ပြောလေ
သည်။

ထန်းကိုင်းရေနံမှော်သို့ ဦးတင်လှိုင် ရောက်ရှိခဲ့သည်မှာ ခြောက်လ ကျော်ရှိပြီဖြစ်ပြီး မင်းဘူးမြို့နယ်
ကဒီးရွာကနေ မိသားစုလိုက် ပြောင်းရွှေ့လာခြင်းဖြစ်သည်။

အစပိုင်းတွင် ရေနံမှော်အတွင်း နေ့စားအလုပ် သမားအဖြစ် အငှားလိုက်ခဲ့သည်။

အရင်းအနှီး တတ်နိုင်သောအခါ ကိုယ်ပိုင်တွင်းတူးခဲ့သည်။ ရေနံတွင်း ခုနစ်ကျင်းတူးခဲ့ရာ ငါးကျင်း
အောင်မြင်ခဲ့သည်ဟု ဆိုသည်။

"အရင်တုန်းကတော့ တောင်သူလုပ်တာပေါ့။ တောင်သူအလုပ်က ရာသီဥတုနဲ့ ဘာနဲ့ အဆင်မပြေ
တော့ ရေနံမှော်ကို မိသားစုလိုက်ပြောင်းလာတာ။ ငွေပိုငွေလျှံ များများစားစား မရှိသေးပေမယ့်
စားဝတ်နေရေး အဆင်ပြေပါတယ်"ဟု ရေနံငွေ့သန်းနေသည့် မျက်နှာဖြင့် ဦးတင်လှိုင်က ဆိုသည်။

ယခင်က တခြားရေနံမှော်များတွင် လုပ်ခဲ့ဖူးသည့် အတွေ့အကြုံ့ကြောင့်လည်း ဦးတင်လှိုင်၏
လက်ယက်ရေနံတွင်းများမှ နေ့စဉ်ရေနံတစ်ပေပါခွဲခန့် ထွက်ရှိနေပြီး ကျပ်တစ်သိန်းကျော် ၀င်ငွေကို
နေ့စဉ်ရရှိနေခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်ရှိ ထန်းကိုင်း ရေနံမှော်တွင် ရေနံလုပ်သားတစ်ဦးကို တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်) 

မျက်စိဖြင့် တပ်အပ်မမြင်တွေ့နိုင်သော မြေအောက်ရွှေမည်းရတနာ ရေနံရှာဖွေရေးတွင် အမြတ်ရသူ
ရှိသလို အရှုံးပြနေသူတွေလည်း အများပင်ဖြစ်သည်။

ရေနံကျင်းတစ်ကျင်းစာ မြေနေရာအတွက် ကာလတန်ဖိုး ကျပ်ငွေလေးသိန်းခန့် ဈေးပေါက်နေသည့်
အတွက် အမှန်တကယ်ကြီးပွားနေသူများမှာ ယာခင်းရှင်များသာဖြစ်သည်ဟုလည်း နယ်ဝေးမှ
ရောက်လာသည့် ရေနံမုဆိုးများက ဆိုကြသည်။

"တကယ် ချမ်းသာနေကြတာကတော့ ယာခင်းရှင်တွေပဲဗျ။ တစ်ကျင်းကိုအနည်းဆုံး သုံးသိန်း၊
ဟိုမှာ ကြည့်လိုက် ကျင်းပေါင်းရာနဲ့ ချီပြီးရှိတယ်။ အဲဒါတစ်ဧက မကျော်ဘူး"ဟု သက်လတ်ပိုင်း
အရွယ် ရေနံလုပ်သားတစ်ဦးက ပြောသည်။

"သုံးဦးစပ်ပြီးလုပ်တာ။ တွင်းလေးတွင်းတူးထားတာ တစ်ကျင်းပဲပေါက်တယ်။ ရေနံကလည်း
တစ်နေ့မှ နှစ်ဂါလန်လောက်ပဲ ခပ်ရသေးတယ်။ ခုသိန်း ၇၀ လောက် ရှုံးနေပြီ။ ဒီလိုပဲ တူးသမျှ
မအောင်မြင်လို့ ဘ၀ပျက်နေတဲ့လူတွေလည်း အများကြီးပဲ"ဟု နတ်မောက်မြို့နယ်၊ သားမြှားရွာမှ
လာရောက်လုပ်ကိုင်နေသည့် ကိုမျိုးလွင်ဆိုသူက ပြောလေသည်။

တခြားသော ရေနံမှော်များတွင် ခြောက်နှစ်ခန့်ကျင်လည်ခဲ့သည့် မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှ
ကိုဇော်မိုးလတ်ကလည်း ထန်းကိုင်း ရေနံမှော်ရောက်လာခဲ့သည်မှာ ၁၀ လကျော် ရှိပြီဖြစ်သော်
လည်း ကျပ်သိန်း ၄၀ ခန့်အရှုံးပြ နေဆဲဖြစ်သည်ဟု ဆိုသည်။

"ငရှန်တောင်ရေနံမှော်မှာ ခြောက်နှစ်လောက် လုပ်ခဲ့တယ်။ ကျောက်တံခါး၊ ဆူးဝင်း၊ ၀ယ်တောင်
ရေနံမှော်တွေမှာလည်း လုပ်ခဲ့တယ်။ ရှုံးလိုက် မြတ်လိုက်ပဲ"ဟု ကိုဇော်မိုးလတ်က ဆိုသည်။

ရေနံမှော်တွင် ရေနံမုဆိုးအဖြစ် အဆင်မပြေသည့်အခါ တစ်နည်းတစ်ဖုံအားဖြင့် ဈေးရောင်းဈေးဝယ်
လုပ်ကိုင်လာကြသူများလည်း ရှိလေသည်။

ယခင်က ရေနံမှော်များတွင် ကိုယ်တိုင် လက်ယက်တွင်းတူးခဲ့သော်လည်း အဆင်မပြေသည့်
အတွက် ထန်းကိုင်းရေနံမှော် ရောက်လာသောအခါ 'ရန်ကုန်ထမင်းဆိုင်' အမည်ဖြင့် ထမင်းဆိုင်
ဖွင့်လှစ်ရောင်းချနေသည့် ကိုသိန်းထွန်းက "အရင်လတွေတုန်းက တစ်နေ့ကို တစ်သိန်းခွဲဖိုးလောက်
ရောင်းရတယ်။ ခုတော့ တစ်နေ့ ခုနစ်သောင်းခွဲလောက်ပဲ။ ရေနံမှော်က နည်းနည်းပျက်လာပြီ" ဟု
ဆိုသည်။

လူပေါင်း တစ်သိန်းကျော်ရှိမည်ဟု ခန့်မှန်း ပြောဆိုကြသော်လည်း ထန်းကိုင်းရေနံမှော်တွင်
လက်ယက်ရေနံတွင်းပေါင်းမည်မျှရှိသည်၊ လူပေါင်းမည်မျှ လုပ်ကိုင်နေကြသည်ကို မည်သူမျှ
အတိအကျ မသိကြပေ။

ထန်းကိုင်းရေနံမှော်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရုံးခွဲနှင့် ကျေးရွာရဲကင်းအား
ဝင်ရောက်မေးမြန်းခဲ့သော်လည်း ရေနံမှော်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုနိုင်ခဲ့ခြင်းမရှိပေ။

မျက်စိတစ်ဆုံးမက ကျယ်ပြောသည့် ထန်းကိုင်း ရေနံမှော်သည် ပြီးခဲ့သည့် သုံးလေးလအတွင်း
ရေနံထွက်နှုန်းကျဆင်းလာရာ ရေနံမုဆိုးများ အနေဖြင့် အခြားရေနံမှော် အသစ်အဟောင်းများသို့
ခြေလှမ်းပြင်နေကြသည်ဟုလည်း သိရသည်။

လက်ရှိရေနံမုဆိုးများ ခြေသွက်နေသည့် မှော်မှာ ဒဟတ်ပင်ရေနံမှော် ဖြစ်သည်။

ထန်းကိုင်းမှ သရက် - မင်းလှလမ်းမကြီး အတိုင်း မိုင် ၂၀ ခန့် ခရီးဆက်ပြီးသောအခါ ဒဟတ်ပင်
ရေနံမှော်သို့ရောက်လေသည်။

အနောက်ရိုးမ၏ ခြေရင်းဖြစ်သော တောင်စွယ်တောင်တန်းများ အကြားရှိ ဒဟတ်ပင်ရေနံမှော်သည်
လွင်တီးခေါင်ပြင်အနေအထားမျိုး မဟုတ်၊ သစ်ပင်ငယ်များ ပေါက်ရောက်ရာ နေရာဒေသဖြစ်သည်။

ကိုယ်လက်အင်္ဂါဖြစ်သော သစ်တောသစ်ပင်များ နင်းခြေခံရလျက် ရေနံမုဆိုးတို့၏ လက်ချက်တွင်
မရှုမလှကျဆုံးနေပြီဖြစ်သော ရေနံမှော်သည်ကား တစ်ဆင့်ထက်တစ်ဆင့် ကျယ်ပြန့်လျက်ရှိရာ
ယနေ့အချိန်တွင် ဒဟတ်ပင်ရေနံမှော်မှာ လုပ်ကွက်အအမှတ် (၁) (၂) (၃) (၄) (၅) အမည်များဖြင့်
ကြီးသထက်ကြီး၊ ကျယ်သထက်ကျယ်ခဲ့ပြီဖြစ်သည်။

ရေနံအထွက်နှုန်းကောင်းသဖြင့် လတ်တလောနာမည်ကြီးနေသည့် ဒဟတ်ပင်ရေနံမှော်
အကွက် (၅) တွင် အနယ်နယ် အရပ်ရပ်မှ ရေနံ မုဆိုးများ ခြေချင်းလိမ်နေသည်။

တစ်မျှော် တစ်ခေါ်ဖြစ်သော ဈေးဆိုင်တန်းကြီးငယ်တို့တွင် ဟင်းသီးဟင်းရွက် အသားငါးမှသည်
အ၀တ်အထည်၊ သံထည်ပစ္စည်း၊ ပိုက်၊ ကြိုးစသော လုပ်ငန်းသုံးပစ္စည်းများအထိ စည်စည်ကားကား
ဖြန့်ဖြူး ရောင်းချနေကြသည်။

ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ရိုးရိုးထမင်းဆိုင်များမှ သည် ဘီယာ၊ အရက်နှင့် ကိုကို
ကာလသားများအကြိုက် အစားအစာမျိုးစုံကို တွဲဖက်ရောင်းချ နေသည့် စားသောက်ဆိုင်ကြီးများ
လည်း ရေနံမှော်အတွင်း အခံ့သားနေရာယူပြီးဖြစ်လေသည်။

တစ်နေ့တာမျှ လှည့်ပတ်ကြည့်ရှုမည်ဆိုပါသော်မှ မြို့ငယ်တမျှစည်ကားနေသည့် ဒဟတ်ပင်
ရေနံမှော်ကို နှံ့စပ်နိုင်ဖို့ ခဲယဉ်းမည် ဖြစ်သည်။

အခြားသော ရေနံမှော်များထက် လူများသည့်ဒဟတ်ပင်ရေနံမှော်တွင် လုံခြုံရေးအနေအထားမှာ
စိုးရိမ်စရာအခြေအနေဖြစ်သည်ဟု အောင်လံမြို့နယ်၊ စခန်းကြီးရွာမှ လာရောက်လုပ်ကိုင်နေသူ
ဦးမြင့်ဝင်းက ပြောသည်။

"သူခိုးတောင်မှ ချော့ပြီးပေါင်းနေရတယ်။ ခိုးတာမိပေမယ့် ရန်မလုပ်ရဲဘူး။ ဒီမှာက လူမျိုးစုံစရိုက်
မျိုးစုံလာလုပ်နေကြတာလေ။ ဘာတရားဥပဒေစိုးမိုးမှုမှ မရှိဘူး။ နယ်စုံကလူတွေ တစ်နေရာတည်း
မှာ လာစုနေကြတော့ ဘယ်သူဘယ်ဝါ ခွဲခြားဖို့ မဖြစ်နိုင်ဘူးလေ။ သက်ဆိုင်ရာကလည်း ဘာမှ
လုပ်မပေးနိုင်ဘူး"ဟု တောင်သူလုပ်ငန်း အဆင်မပြေသဖြင့် ရေနံမုဆိုးဘ၀ရောက်လာ သူတစ်ဦး
ဖြစ်သူ ဦးမြင့်ဝင်းက ဆိုသည်။

"လူမျိုးစုံတော့ စရိုက်လည်းစုံတယ်။ ခုနောက်ပိုင်း ရေနံစိမ်းကို တခြားဟာတွေနဲ့ ရောပြီးရောင်းတာ
တွေ ရှိတယ်။ ကိုယ်တိုင်လည်း ခံရပြီးပြီ" ဟု ဒဟတ်ပင်ရေနံမှော်ရောက် အ၀ယ်တော်တစ်ယောက်
က ညည်းတွားလေသည်။

စီးပွားရေးအရ အဆင်ပြေသော်လည်း တရား ဥပဒေစိုးမိုးခြင်းမရှိသည့် ရေနံမှော်တွင် မီးဘေး
အန္တရာယ်နှင့် လုံခြုံရေးအပြင် တခြားပြဿနာ များလည်း ရှိနေသည်ဟု မင်းဘူးမှ ဒဟတ်ပင်
ရေနံမှော်သို့ နေ့စဉ်ပြေးဆွဲနေသော လိုက်ထရပ် ယာဉ်မောင်းဆရာ ကိုမိုးကြီးက ပြောသည်။

အောင်ရှင်  / မြန်မာတိုင်း(မ်)

ရေနံမုဆိုးတို့ ပျော်စံရာမြေ  ရေနံမုဆိုးတို့ ပျော်စံရာမြေ Reviewed by သစ်ထူးလွင် on 03:20 Rating: 5
Powered by Blogger.