တိုးတက်မှုကနေ အောင်မြင်မှုတွေ ဆက်ရမည့် မြင်းနှစ်


ဇန်န၀ါရီ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ တရုတ်နိုင်ငံ ပီကင်းမြို့တော်က အကြီးဆုံးဘုရားကျောင်းဖြစ်တဲ့ ဘိုင်ယံဘုရားကျောင်းဟာ ဘုရားဝတ်ပြုသူ တွေနဲ့ စည်ကားနေပါတယ်။

တရုတ်ပြက္ခဒိန်မှာ မြင်းနှစ်ကို ကူးပြောင်းခဲ့တာကြောင့် တိုးတက်မှုကနေ အောင်မြင်မှုတွေပါ ဆက်ရမယ့်နှစ်လို့ ယုံကြည်ကြပါတယ်။

မြင်းနှစ်ရဲ့ အဓိပ္ပာယ်က ရှေ့ကို တိုးတက်ယှဉ်ပြိုင်ပြီး အလျင်အမြင် အောင်မြင်မယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြတယ်။

ဘိုင်ယံဘုရားကျောင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀၀ က တည်ဆောက်ခဲ့ပြီး လက်ရှိ ဘုရားကျောင်း ပုံစံကိုတော့ လွန်ခဲ့တဲ့ နှစ် ၆၀၀ ခန့် မင်မင်းဆက်ခေတ်က ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် နှစ်သစ်ကူးနေ့မှာ ဘုရားဝတ်ပြုသူ ၃ သောင်း လောက်ရှိမယ်လို့ ဘုရားကျောင်း ၀န်ထမ်းတွေက ခန့်မှန်းကြပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင်းကတော့ နှစ်သစ်ကူးနေ့မှာ မွန်ဂိုးလီးယားနိုင်ငံကို ရောက်ရှိနေပြီး တကမ္ဘာလုံးမှာ ရှိတဲ့ တရုတ်လူမျိုးတွေကို နှစ်သစ်ကူးမိတ်ဆက်စကား ပြောကြားခဲ့ပါတယ်။

နှစ်သစ်ကူးပွဲဟာ တရုတ်လူမျိုးတွေ ထုံးတမ်းစဉ်လာ ဖြစ်ပြီး တကမ္ဘာလုံးမှာ ရှိတဲ့ တရုတ်လူမျိုးတွေအားလုံးရဲ့ တချိန်ထဲမှာကျင်းပတဲ့ ပွဲတော်လည်းဖြစ်တယ်လို့ သမ္မတက ပြောဆိုပါတယ်။

နှစ်သစ်မှာ လူတိုင်း ကျန်းမာပျော်ရွှင်ပြီး အကောင်းဆုံးတွေ ရယူပိုင်ဆိုင်နိုင်ပါစေလို့ တရုတ်သမ္မတက မွန်ဂိုလီးယားနိုင်ငံ ဇီလင်ဂေါင် မြက်ခင်းပြင်မှာ ဆန္ဒပြု ပြောဆိုခဲ့ပါတယ်။

၁၅ ရက်ကြာ ကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲဟာ တရုတ်လူမျိုးတွေအတွက် အရှည်ကြာဆုံးနဲ့ အရေးအကြီးဆုံးပွဲတော် ဖြစ်ပါတယ်။

တရုတ်မြို့ကြီးတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ တရုတ်ရွှေ့ပြောင်း အလုပ်သမားတွေအတွက်လည်း တနှစ်လုံးမှာ ၁ ကြိမ်သာ ရရှိတဲ့ ရက်ရှည်အားလပ်ရက် ဖြစ်တာကြောင့် မိသားစုရှိရာ ဒေသအသီးသီးကို ပြန်ပြီး မိသားစုနဲ့အတူ အချိန်ကုန်ဆုံးတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။

By ဒီဗွီဘီ


တိုးတက်မှုကနေ အောင်မြင်မှုတွေ ဆက်ရမည့် မြင်းနှစ် တိုးတက်မှုကနေ အောင်မြင်မှုတွေ ဆက်ရမည့် မြင်းနှစ် Reviewed by သစ်ထူးလွင် on 16:12 Rating: 5
Powered by Blogger.