တပ်မတော်သားများ လွှတ်တော်တွင်း ရှိနေခြင်းက အသွင်ကူးပြောင်းရေး အပေါ် နိုင်ငံတကာ ယုံကြည်မှု ကျဆင်းနိုင်ဟုဆို


ရန်ကုန်၊ ဇန်နဝါရီ ၃၀

မြန်မာ့နိုင်ငံရေးတွင် တပ်မတော်သားများ လွှတ်တော်အတွင်း နေရာယူခြင်းသည် မြန်မာ့ အသွင်ကူးပြောင်းရေး အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်မှုများ ကျဆင်းသွားနိုင်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာရှရေးရာ ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယ ဝန်ကြီးဌာန ဝန်ကြီး Mr.Hugo Swire က ပြောကြားသည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးက ဇန်နဝါရီလ ၃၀ ရက်နေ့က ဗြိတိန်သံရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဥပဒေပြုရေး မဏ္ဍိုင်တစ်ခုဖြစ်သည့် လွှတ်တော်တွင် တပ်မတော်သားများအတွက် နေရာတချို့ထား ပေးထားခြင်းသည် မြန်မာအစိုးရအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ထားရှိသည့် ယုံကြည်မှုကို များစွာ ထိခိုက်စေနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

လွှတ်တော်တွင် တပ်မတော်၏ ထောက်ခံမှု ရမှသာလျှင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မည်ဟူသော သတ်မှတ်ချက်သည် ယနေ့တိုင် မြန်မာ့တပ်မတော်ကို အနှိုင်းမဲ့ တာဝန်နှင့် အနှိုင်းမဲအာဏာကို အပ်နှင်းထားဆဲ ဖြစ်နေသည်ကို တွေ့နိုင်ကြောင်း ၎င်းကဆိုသည်။
“တကယ်တမ်း ဒီမိုကရေစီစနစ်ကို စနစ်တကျ အကောင်အထည် ဖော်နေတဲ့ နိုင်ငံကြီးတွေမှာဆိုရင် တပ်မတော်ဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရရဲ့ ညွှန်ကြားမှု လက်အောက်ကနေပဲ တာဝန်ကို ထမ်းဆောင်ရမှာပါ” ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည်လည်း ဒေသတွင်း အခြားနိုင်ငံများကဲ့သို့ ဥပဒေပြု လွှတ်တော်အတွင်းမှ တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချ၍ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်တွင် သီးခြား ရပ်တည်မည့် တပ်မတော် ဖြစ်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးက ဆိုသည်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ခရီးစဉ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာ့ တပ်မတော်၏ အခန်းကဏ္ဍများကို တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာ့တပ်မတော် အရာရှိများကလည်း ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များကို အားတက်သရော ဆောင်ရွက် လိုကြကြောင်း၊ ၎င်းတို့တွင် ကောင်းမွန်သော အကြဉာဏ်များလည်း ရှိကြကြောင်း ဝန်ကြီးက ပြောကြားသည်။

ဗြိတိန်ဝန်ကြီးသည် ဗြိတိန်နိုင်ငံရှိ Sandhurt ကဲ့သို့သော စစ်တက္ကသိုလ်ကြီးများတွင် မြန်မာ့တပ်မတော် အရာရှိများကို လေ့လာသင်ကြားမှုများ ပြုလုပ် စေလိုသော်လည်း လက်ရှိ အနေအထားတွင် ယင်းသို့ ဆောင်ရွက်ရန် အဆင့်များ လိုအပ်နေသေးကြောင်း ဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေက အရပ်သားအစိုးရ လက်အောက်တွင် တာဝန် ထမ်းဆောင်မည့် တပ်မတော်တစ်ရပ် ပေါ်ထွန်းလာပါက မြန်မာ့တပ်မတော် အရာရှိများကို ဗြိတိန် နိုင်ငံရှိ ကာကွယ်ရေး တက္ကသိုလ်ကြီးတွင် ပညာသင်ကြားခွင့်များ ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ ၂၀၁၃ ခုနှစ်ဇူလိုင်လ ၁၅ ရက်နေ့တွင် ရောက်ရှိခဲ့စဉ်က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ဗြိတိန် ကာကွယ်ရေးဝန်ကြီး Philip Hammond တို့နှင့် တွေ့ဆုံရာတွင် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွင် အပြည့်အဝ တာဝန်ယူနိုင်သော တပ်မတော် ဖြစ်လာစေရန်အတွက် ဗြိတိန် တပ်မတော်က မြန်မာ့တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ၊ လေ့ကျင့်ပေးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ကမ်းလှမ်း ပြောကြားခဲ့သည်။

ယင်းနောက် ဥရောပသမဂ္ဂ (အီးယူ) က ပိတ်ပင်ထားသည့်ကြားမှ ဗြိတိန်အစိုးရသည် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ငါးသန်း (ယူရို ၃ ဒသမ ၃ သန်း) တန်ဖိုးရှိ စစ်ရေးနှင့် ကယ်ဆယ်ရေး ကဏ္ဍသုံး လက်နက်များ တင်သွင်းခွင့် လိုင်စင်ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ပေးအပ် လိုက်ကြောင်း ကြေညာချက်တစ်စောင် ထွက်ရှိခဲ့သည်။

ထို့အပြင် မြန်မာ့ တပ်မတော်ကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများ ယခုနှစ်ကုန်ပိုင်းတွင် ပို့ချသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ပြောကြားခဲ့သည်။

The Voice Weekly


တပ်မတော်သားများ လွှတ်တော်တွင်း ရှိနေခြင်းက အသွင်ကူးပြောင်းရေး အပေါ် နိုင်ငံတကာ ယုံကြည်မှု ကျဆင်းနိုင်ဟုဆို တပ်မတော်သားများ လွှတ်တော်တွင်း ရှိနေခြင်းက အသွင်ကူးပြောင်းရေး အပေါ် နိုင်ငံတကာ ယုံကြည်မှု ကျဆင်းနိုင်ဟုဆို Reviewed by သစ်ထူးလွင် on 16:32 Rating: 5
Powered by Blogger.