သမ္မတ အရည်အချင်း ပြင်ဆင်ရေး မဟာဗန္ဓုလပန်းခြံရှေ့တွင် ပထမအကြိမ် ဆန္ဒပြ


အံ့မင်းညို

ပြည်သူရွေးချယ် တင်မြှောက်သော အစိုးရပေါ်ပေါက်ရေး အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါရှိသော ပုဒ်မ ၅၉ ပုဒ်ခွဲ (ဃ) (စ) တို့ ပယ်ဖျက်ပေးရန်အတွက် ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် လူအင်အား ၁၅၀ ခန့်မှ ပထမဆုံးအကြိမ် ဆန္ဒပြ၍ တောင်းဆိုခဲ့သည်။

ယခုလို အများပြည်သူမြင်နိုင်သောနေရာ၌ ဆန္ဒဖော်ထုတ်ခြင်းသည် ကမ္ဘာ့ နိုင်ငံများနှင့် မြန်မာအစိုးရ အာဏာပိုင်များ သမ္မတကြီးနှင့် ၀န်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူများ၏ ဆန္ဒကို သိရှိလာပြီး ဖြည့်ဆည်းပေးစေလိုကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးဇော်ဝင်းက ပြောသည်။

"ပြည်သူ့အကျိုးကို ပြုမယ့် ခေါင်းဆောင်မှန်သမျှကို ဒို့ပြည်သူတွေထောက်ခံမှာပဲ အခုပုဒ်မတွေက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် သူတို့တွေက တားမြစ်ထားတာ ဖြစ်နေတယ်" ဦးဇော်ဝင်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ ပုဒ်ခွဲ (ဃ) (စ) တို့အား ဖျက်သိမ်းပေးရန် တောင်းဆိုဆန္ဒပြသော နေရာသို့ ထောက်ခံသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းလည်း ရောက်ရှိခဲ့သည်။

ဒီမိုကရေစီခေတ်တွင် ပြည်သူလူထုရွေးချယ်သော အစိုးရတစ်ရပ် ပေါ်ထွန်းရန်လိုအပ်ကြောင်း ၊ ယခုဆန္ဒဖော်ထုတ်ပွဲသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရလာဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု ထင်ကြောင်း ၊ ယခု ဆန္ဒဖော်ထုတ်နေသော ပြည်သူ့အသံများကို လွှတ်တော်တွင် တင်ပြဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါဆန္ဒပြပွဲတွင် လူအင်အား ၁၅၀ခန့်သည် ပုဒ်မ ၅၉ (ဃ) (စ) ဖျက်သိမ်းပေး ၊ ပြည်သူရွေးချယ်တင်မြှောက်သော ခေါင်းဆောင် အစိုးရ ပေါ်ပေါက်ရေး ၊ ၅၉ (ဃ) (စ) အလိုမရှိ ဟူသော ဗီနိုင်းများကိုဆောင်၍ မဟာဗန္ဓုလ ပြန်းခြံအား တစ်ပတ်လှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - အံ့မင်းညို

Venus News Weekly

သမ္မတ အရည်အချင်း ပြင်ဆင်ရေး မဟာဗန္ဓုလပန်းခြံရှေ့တွင် ပထမအကြိမ် ဆန္ဒပြ သမ္မတ အရည်အချင်း ပြင်ဆင်ရေး မဟာဗန္ဓုလပန်းခြံရှေ့တွင် ပထမအကြိမ် ဆန္ဒပြ Reviewed by သစ်ထူးလွင် on 15:21 Rating: 5
Powered by Blogger.